အညာဒေသ ရှိ အမျိုးသား ညီညွတ်ရေး အစိုးရ ထိန်းချုပ် နယ်မြေများတွင် ရန်သူ၏ အားအနည်း ဆုံး နေရာ များကို နှစ်ဆတိုး၍ တိုက်ခိုက်လာမှု နှင့် အတူ မကြာမီ ထိုးစစ်ကြီး တရပ် ပေါ်ထွက်လာလိမ့်မည်ဟု လေ့လာသူ များက ခန့်မှန်းနေကြသည်။
နိုင်ငံရေး လေ့လာသုံးသပ်တဦး က ကန့်ဘလူ မြိုနယ် အတွင်း မကြာမီက ဖြစ်ပွားခဲ့သော တိုက်ပွဲ များ တွင် စစ်ကြောင်းတခုလုံး ဖရိုဖရဲ နှင့် တပ်ပျက်သွား ခဲ့သည်အထိ အင်အား အသာ ဖြင့် တိုက်ခိုက် နိုင်ခဲ့သည်ဟု ထောက်ပြခဲ့သည်။ NUG သည်တိုင်းရင်းသား မဟာမိတ် တပ်ဖွဲ့များ၏ ပံ့ပိုး မှု နှင့် ထိုးစစ်ကြီး တရပ် ဆင်နွှဲလာခဲ့လျင် စစ်ရေး အခြေ အနေသည် သိသိသာသာ ပြောင်းလဲသွားမည်ဟု ဆိုသည်။
ရွေးကောက်ပွဲ မတိုင်မီ တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနေသည်နှင့် အမျှ တမူ ထူးခြားသော ဖြစ်စဉ် တရပ် အဖြစ် အမျိုးသား ညီညွတ်ရေး အစိုးရ၏ စစ်ကိုင်း ဖက်ဒရယ် လွှတ်တော်၏ ခြောက်ကြိမ် မြောက် ပုံမှန် အစည်းအဝေး မှ စစ်ကိုင်း မဲဆန္ဒ နယ်မြေ အမှတ် (၁) မှ ရွေးကောက်တင်မြှောက်ခံထားရသည့် ဦးစိုးဦး အား စစ်ကိုင်း ဒေသကြီး၏ ကြားကာလ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်လိုက်သည်ဟု သိရသည်။
ဤသည်ကား တော်လှန်ရေး အတွက် မဟာဗျူဟာ အရ အရေးပါဆုံး နယ်မြေ တွင် ပြည်သူများ ဦးဆောင်မည့် ဖက်ဒရယ် စနစ် နှင့် ဒေသတွင်းရှိ တော်လှန်ရေး အဖွဲ့များ၏ လုပ်ပိုင်ခွင့် အာဏာကို ဥပဒေ နှင့် အညီ ပြဋ္ဌာန်းပေးလိုက်ခြင်း ပင် ဖြစ်သည်။ ကရင်နီ နှင့် ချင်း ဒေသများ တွင်လည်း အလားတူ အုပ်ချုပ်ရေး အဖွဲ့များ က စီမံခန့်ခွဲ နေကြပြီ ဖြစ်သည်။
ရေဦး မဲဆန္ဒနယ်မြေ အမှတ် (၂) မှ ဦးမြင့်ထွေးအား လွှတ်တော်ဥက္ကဌ၊ ကောလင်း မဲဆန္ဒနယ်မြေ အမှတ် (၁) မှ ဒေါ်ဖြူဖြူ ဝင်းအား ဒုက္ကဌ အဖြစ်၎င်း ရွေးချယ် တင်မြှောက်ခဲ့ကြသည်။ ဝန်ကြီး အဖွဲ့ဝင်များကိုလည်း ဆက်လက် ခန့်ထားသွားမည် ဖြစ်သည်ဟု သိရသည်။
စစ်အုပ်စု ဖက်ကတော့ ရွေးကောက်ပွဲ ကို နိုင်ငံတကာမှ အသိအမှတ် မပြု၊ ဖာသိဖာသာ သဘောထား နေမှု များ ကြောင့် အရှက်တကွဲ ဖြစ်နေရချိန်တွင် ကျားဖြန့်ဂိုဏ်းများ လက်ခံထားမှုများ ဗူးပေါ်သလို ပေါ်လာခဲ့ပြန်၍ ရွေးကောက်ပွဲ နီးမှ အရှိုက်ထိုးခံရသလို ဖြစ်လာခဲ့ရသည်။
အမေရိကန် မှ Strike Force ဖွဲ့စည်းလာမှ မင်းအောင်လှိုင် က "အမျိုးသားရေး တာဝန်" ဟူ၍ ၎င်း၊ စောချစ်သူ မှ "အပြီးသတ် စစ်ပွဲ" ဟူ၍ ၎င်း လက်သီး လက်မောင်း တန်း လာကြခြင်းသည် ရှက်စရာ မကောင်းပေလော၊ အရင်က ဘာလုပ်နေကြသလဲဟု မေးစရာ ဖြစ်လာရသည်။ ယခု မှ မြဝတီတွင် ပဒူအုံ တုတ်နဲ့ ထိုးသည့် အလား လူများ ရုတ်ရုတ်သဲသဲ ဖြင့် ပြေးကြလွှားကြ ဖြစ်နေကြသည်။
ဧရာဝတီ သတင်း တွင်မူ BGF မှ ၎င်းတို့၏ တနှစ် ဝေစု ထဲမှ တဝက် ဖြစ်သော ဒေါ်လာ ၁၉၅ သန်းကို စစ်အုပ်စု ထံ လွှဲပြောင်း ပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်ဟု ရေးသားထားသည်။
စောချစ်သူ သည် တရုတ် ဆယ်လီ မင်းသား ပြန်ပေးဆွဲခံရပြီး နောက် အုတ်အော်သောင်းနင်း ဖြစ်လာချိန်၂၀၂၅ မတ်လတွင်လည်း ယခုလိုပင် လက်သီးလက်မောင်း တန်းခဲ့ပြီး ဖြစ်သည်။
ယခုအခါ စောချစ်သူ သည် မင်းအောင်လှိုင်၏ ညွှန်ကြားမှု ဖြင့် စိတ်မပါ့တပါ ဖြင့် တပ်မ ၂၂ ဖြင့် ပူးပေါင်း၍ ရွှေကုက္ကိုလ် အား ဖြိုခွင်းရန် သဘောတူလိုက်ရပြီး ဒီတကြိမ်တော့ အ လေး အနက် လုပ်ကြလိမ့်မည်ဟု ထိုင်းဖက်က ယူဆ နေသည်ဟု နေရှင်း သတင်းစာတွင် ရေးသားထားသည်။ လက်ရှိတွင် နယ်ခြားကို BGF က ပိတ်ထားသည်။ တရုတ် နိုင်ငံသား များ နှင့် ခေါင်းဆောင်များကို မူ လွတ်ရာ ကျွတ်ရာသို့ ရွှေ့ပြောင်းပေးထားသည်ဟု သတင်းများက ဆိုသည်။
အဆောက်အဦး များကို မူ ဖျက်ဆီးပစ်မည် မဟုတ်ဘဲ အိုးအိမ်မဲ့များ ပြန်လည် နေရာချထားပေးရေး နှင့် အခြား ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ဆက်၍ အသုံးပြုသွားမည်ဟု BGF ပြောခွင့်ရ ဒုဗိုလ်မှုး ကြီး နိုင်မောင်ဇော်က ထိုင်းမီဒီယာများကို ပြောခဲ့သည် ဟု ကရင် သတင်းပြန်ကြားရေး ဌာန သတင်းတွင် ပါရှိလာသည်။
စစ်အုပ်စု၏ “အမျိုးသား ရေး တာဝန်" ဆိုသည်ကအလှည့်အပြောင်းတစ်ခု ဖြစ်လာမည် မဟုတ်ဘဲ ပြင်ပ ဝေဖန်မှုများကို လောလောဆယ် ချွေးသိပ်ရန် ရည်ရွယ်သည့် ထိန်းချုပ်ထားသော ပြကွက်တစ်ခု သာ ဖြစ်နိုင်သည် ဟု အားလုံးက သုံးသပ်ထားပြီး ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ အမေရိကန် ၏ Strike Force ဖွဲ့စည်း လိုက်ပြီ ဆိုသော သတင်း တပုဒ်သည် မည်မျှ ထိ သက်ရောက်မှု ရှိနေသည်ကို အားလုံးက တအံ့တဩ တွေ့လာခဲ့ကြရသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!