အာဏာသိမ်း ပြီး ချိန်ကစ၍ ကရင်ပြည်နယ်သို့ ခြေချ ခဲလှသော မင်းအောင်လှိုင်သည် တရုတ် နှင့် အမေရိကန်တို့၏ ဖိအား များ ပြင်းထန်လာချိန်တွင် တော့ ဘားအံသို့ အပြေး အလွှား ရောက်ရှိလာခဲ့ရသည်။
အမေရိကန်သည် ၎င်းတို့ ကာလကြာမြင့်စွာ လက်ခံထားသော အွန်လိုင်း ငွေလိမ်ဂိုဏ်းများအား ပစ်မှတ်ထားပြီး Strike Force ပင် ဖွဲ့စည်းလာသည့်အတွက် မည်သို့မျှ နေ၍ မဖြစ်တော့ ဆိုကာ ရောက်လာရခြင်း ဖြစ်သည်။ ဒေါ်နယ် ထရမ့်သည် အီရန်ကို သူ့သဘော နှင့် သူ ဗုံးကြဲခဲ့ခြင်း၊ ဗင်နီဇွဲလား လေကြောင်း ပိုင်နက် အတွင်း အမေရိကန် တိုက်လေယာဉ် များ စေလွှတ်ခြင်း၊ သင်္ဘောများကို မူးယစ်ဆေးများ သယ်ဆောင်သည်ဆိုကာ တစီးပြီး တစီး နှစ်မြုပ်ပစ်ခြင်း တို့ လုပ်လာခဲ့သည်။ အမေရိကန် လေယာဉ် တင် စစ်သင်္ဘောများက အိန္ဒိယ သမုဒ္ဒရာ ရှိ ဒီဂိုဂါစီယား ကျွန်းတွင် အဆင်သင့် ရှိနေကြသည်။
ထိုသို့သော အလားအလာများ ရှိနေသည့် တိုင် ၎င်းတို့ မူလ စီစဉ်ထားသော ရုရှား ရေတပ် နှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှု ကို ဖျက်သိမ်းရန် မစဉ်းစားခဲ့၊ မင်းအောင်လှိုင်သည် ရုရှား နှင့် ဆက်ဆံ ရေး တွင် ယခင်ကလို အဆင့် မျိုး မဟုတ်တော့ဘဲ ၎င်းတို့၏ ယူကရိန်း စစ်ပွဲ တွင် မော်တော အမြှောက်ဆံများ ပံ့ပိုးပေးခြင်း၊ ရုရှား၏ ဒရုန်း နှင့် စစ်လက်နက် ပစ္စည်းများ ထုတ်လုပ်ရေး အတွက် စက်ရုံများ တည်ဆောက် ပေးခြင်းများ ဖြင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်သည့် အဆင့် ရောက်လာတော့မည် ဟု ယူဆနေပုံရသည်။
မင်းအောင်လှိုင်သည် ဘားအံမှ တဆင့် မော်လမြိုင်သို့ ရောက်ရှိလာပြီး KK Park ရှိ ငွေလိမ်ဂိုဏ်းများ အသုံးပြု နေသည့် အဆောက်အအုံများကို "အမျိုးသားရေး တာဝန်" တရပ် အဖြစ် အကုန် ဖြိုဖျက်သွားမည်ဟု ကြိမ်းဝါးလာသည်။ သို့သော် စောချစ်သူ ကိုယ်တိုင် ကွပ်ကဲနေသည့် ရွှေက္ကိုလ် နှင့် ပတ်သက်၍ တခွန်းတပါဒ မျှ ထည့်သွင်း ပြောဆိုသွားခြင်း မရှိ၍ သို့လောသို့လော ဖြစ်လာရသည်။
ဖြစ်နိုင်ခြေ အရှိဆုံးက ၎င်းကိုယ်တိုင် ရွှေစားလွယ်ကြီး ဖြင့် ဘွဲ့ထူး ဂုဏ်ထူးများ တခမ်းတနား ချီးမြှင့်ခဲ့ဖူး၍ ထဲ့ပြောမည် ဆိုက ရာဇဝတ်မှုများ ကျူးလွန်နေသူ အဖြစ် ဝန်ခံရာ ရောက်သွားမည် စိုး၍လည်း ဖြစ်နိုင်သည်၊ နောက်ထပ် ဖြစ်နိုင်ခြေ တခုကား ၎င်းအား ဘားအံတွင် လျို့ဝှက်ခေါ်ယူ တွေ့ဆုံပြီး ဆက်မလုပ်ဖို့၊ ၎င်းကိုယ်တိုင် ဦးဆောင် ဖျက်ဆီးပစ်ဖို့ လည်း နားချ နိုင်သည်။ လောလောဆယ် နေပြည်တော်တွင် လာရောက် ခိုလှုံဖို့လည်း ပြောနိုင်ပြန်သည်။
သို့သော် နိုင်ငံတကာ မှ လေ့လာစောင့်ကြည့်သူများက အဆိုပါ အထင်ကရ လှုပ်ရှားနေသော DKBA ၏ KK Park နှင့် စောချစ်သူ၏ ရွှေကုက္ကို နှစ်နေရာ စလုံးသည် စစ်တပ် ထိန်းချုပ်ရာ မြဝတီ တွင် ရှိ နေ၍ ၎င်းတို့မှ ခွင့်ပြုထားယုံမက အကျိုးအမြတ် ကို ပါ ခွဲဝေယူနေကြ၍ ကြံရာပါ များ ဖြစ်သည်ဟု ကာလကြာမြင့်စွာကပင် သိရှိထားကြပြီး ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။
ယခုအခါ တွင်တော့ အကျိုးအမြတ်များ ခွဲဝေ ပေးနေသော အဆိုပါ လက်နက်ကိုင် အဖွဲ့များအား နိုင်ငံတော် (၎င်းတို့အပေါ်) သစ္စာမစောင့်သိသူများဟု စောင်းပါးရိပ်ခြေ ပြောဆိုလာပြီ ဖြစ်သည်။
တကယ်တော့ သစ္စာ မစောင့်သိသူများက ၎င်းတို့ပင် ဖြစ်သည်။ မင်းအောင်လှိုင်သည် MNDAA မှ ကိုးကန့်ကို တိုက်ခိုက် သိမ်းယူ လိုက်၍ နေပြည်တော်သို့ ထွက်ပြေး ခိုလှုံလာသော ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ် ရေး ဒေသ ခေါင်းဆောင်လည်း ဖြစ်၊ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ လွှတ်တော် အမတ်လည်း ဖြစ်သည့် မြန်မာ နိုင်ငံသား ဘိုင် စော့ချန်းအား တရုတ်အာဏာပိုင်များ လက်သို့ လွှဲပြောင်းပေးလိုက်၍ နိုဝင်ဘာ ၄ ရက်နေ့တွင် သေဒဏ်ချမှတ် ခံလိုက်ရပြီ ဖြစ်သည်။
မင်းအောင်လှိုင်သည် ဖြစ်လာသမျှ ကို ၎င်းတို့ အခုမှ သိရလေဟန် အပြစ်ပုံချ နေခြင်းသာ ဖြစ်သည်။
၂၀၁၆ ဒီဇင်ဘာလ တွင် စောချစ်သူ နှင့် ရှီကျစ်ကျန် တို့ နှစ်ဦး ရွှေကုက္ကိုလ် စီမံကိန်း အတွက် သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြရာမှ စတင်လာခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ထိုင်းအာဏာပိုင်မျာက ရှီကျစ်ကျန် ကို ဘီဂျင်းသို့ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်၍ ကျန်ရှိနေသည့် စောချစ်သူ၏ ကြမ္မာ မည်သို့ မည်ပုံ ဖန်လာမည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြပြီ ဖြစ်သည်။ အချို့ကလည်း စောချစ်သူ အား မင်းအောင်လှိုင်မှ ဘီဂျင်းသို့ အလားတူ လွှဲပြောင်းပေးမည်လားဟု မေးခွန်းထုတ်လာကြသည်။
မြန်မာ အရေး လေ့လာသူ ဂျေဆင် တာဝါကမူ အကယ်၍ တရုတ်မှ စောချစ်သူ အား ဖမ်းဝရမ်း ထုတ်ပြီး လွဲပြောင်းပေးရန် တောင်းဆိုလာပါက ဘီဂျင်း နှင့် စစ်အုပ်စု အကြား ဆက်ဆံရေး အဖုအထစ် ဖြစ်လာနိုင်သည်ဟု ဧရာဝတီ ကို ပြောခဲ့သည်ဟု သိရသည်။ တရုတ်သည် ရှေ့လျောက် ၎င်းတို့ နိုင်ငံသားများ ၏ အကျိုးစီးပွားကို ခြိမ်းခြောက်လာနိုင်သူ အဖြစ် စောချစ်သူအား ယူဆနေပြီ ဖြစ်သည်။
မင်းအောင်လှိုင် အဖို့ အာဏာကို မဖြစ်ဖြစ်သည့် နည်း နှင့် ဖက်တွယ် ထားနိုင်အောင် နောက်ထပ် တွန်း အား ပေးလာရသည်က ယခင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီး ချုပ်ဟောင်း ရှိတ် ဟာစီနာ အား ဒက္ကား ရှိ တရားရုံး မှ မျက်ကွယ်တွင် သေဒဏ် ချမှတ်လိုက်ပြီ ဆိုသော သတင်းပင် ဖြစ်သည်။
Evil unchecked grows, evil tolerated poisons the whole system.
Jawaharlal Nehru