တရုတ်တို့၏ မဟာခေါင်းဆောင်ကြီး ရှီကျင့်ပင်သည် ထရမ့်အား မှုစရာ ဟု သဘောမထားတော့ဘဲ၊ ၎င်းတို့ အပေါ် "လွန်စွာ ပျော့ပျောင်းစွာ ဆက်ဆံသူ" ဟု မှတ်ယူလာခဲ့ပြီဟု ဘီဂျင်း ရှိ အတွင်းစည်း ဝိုင်းထဲမှ လူများ၏ အပြောအား ကိုးကား၍ အီကောနော်မစ် မဂ္ဂဇင်း တွင် ယခုလို ရေးသားလာခဲ့သည်။
ထရမ့်၏ ပထမ သက်တမ်း အတွင်း တရုတ်မှ အတော်ပင် တုန်လှုပ်လာခဲ့သည်က အမှန်ပင် ဖြစ်သည်ဟု ဘီဂျင်းရှိ သုတေသီ တဦးက ဝန်ခံခဲ့သည်။ ထရမ့်သည် ကုန်သွယ်ရေးစစ်ပွဲ အား ဝါဒရေးရာ ပြိုင်ဆိုင်မှု အဖြစ် ဆန့်ထုတ်လာခဲ့သည်။ ၎င်း၏ အရာရှိများကလည်း တရုတ်၏ နိုင်ငံရေး နှင့် စီးပွားရေး စနစ်များကို ခပ်ကြမ်းကြမ်း ဝေဖန် ပြောဆိုလာခဲ့ကြသည်။
ယခုတကြိမ်တွင်တော့ တရုတ်သည် ပထမ တခါတုန်းကလို တုန်လှုပ်ခဲ့ခြင်း မရှိတော့ဟု အဆိုပါ သုတေသီကပင် ပြောလာခဲ့သည်။ ထရမ့်ဘက်တော်သားများက တရုတ်အား နိုင့်ထက်စီးနင်းလုပ်ရန် ပြန်စလာသည့် အခါတွင်တော့ မိမိတို့ဖက်မှ ပြန်လည် တွန်းထိုး ပစ်နိုင်ခဲ့သည်၊ အမေရိကန် ၏ ပဲပုပ်များကို ဝယ်ရန် ငြင်းဆိုခဲ့ပြီး မြေရှားသတ္ထုများ တင်ပို့နေမှု ကို ကန့်သတ်လာခဲ့၍ ပထမဆုံး မျက်လုံး ပေကလပ် ပေကလပ် နှင့် ဖြစ်သွားရသူက ထရမ့်ပင် ဖြစ်သည်ဟု ဆိုသည်။
အောက်တိုဘာ ၃၀ ရက်နေ့ တောင်ကိုရီယား တွင် ရှီကျင့်ပင် နှင့် ဆွေးနွေးခဲ့စဉ် အတွင်း ထရမ်မှ နာမည်ပျက် စာရင်း သွင်းခံထားရသော တရုတ် ကုမ္ပဏီများ ၏ အမေရိကန် ရှိ လက်ခွဲ များ အပေါ် ပို့ကုန် တင်းကျပ်ထားမှု ကို တနှစ် ဆိုင်းငံ့ပေးမည်ဟု ကမ်းလှမ်းလာခဲ့သည်။ တရုတ်ဖက်ကလည်း ပဲပုပ်များ ပြန်ဝယ်မည်၊ ဖန်တန်နီ ထုတ်ရာ တွင် သုံးသော ဓါတုပစ္စည်းများ အမေရိကန်သို့ မှောင်ခို တင်ပို့နေမှု ကို ပိတ်ဆို့ပေးမည်ဟု မရေမရ ကတိစကားများဖြင့် ချွေးသိပ်ခဲ့ပြီး မြေရှား သတ္ထုများ တင်ပို့မှု အားလည်း အဆင်ပြေအောင် ပြန်လုပ်ပေးမည်ဟု သဘောတူလိုက်သည်။
ထိုမျှမကသေး နောက်ထပ် အောင်ပွဲခံမှုများလည်း ရှိသေးသည်ဟု ဘီဂျင်းရှိ သုတေသီများက ပြောလာကြသည်။ ထရမ့်သည် ကုန်သွယ်ခွန်များကို ကြားရသူ အပေါင်း မူးနောက်လောက်အောင် ပြဋ္ဌာန်းလာခဲ့သော်ငြားလည်း ဝါဒရေးရာ အရ တရုတ် ကွန်မြူနစ် ပါတီအပေါ် မလိုတမာ စိတ်မျိုး မပြခဲ့ဟု ဆိုသည်။ တရုတ်ပညာရှင်များ၏ အပြောအရ ထရမ်သည် တရုတ်အား "လက်လွှတ်ပစ်၍ မရသည့် နိုင်ငံ" အဖြစ် ဆက်ဆံခဲ့သည်။ အမေရိကန် ကုန်ပစ္စည်းများ ပို၍ ဝယ်ပါရန် တိုက်တွန်းခဲ့ပြီး အမေရိကန်တွင် တရုတ် ကုမ္ပဏီများ လာရောက်ရင်းနှီးမြုပ်နှံ မှု ကိုလည်း ကြိုဆိုသည်ဟု ပြောခဲ့သည်။
နောက်ထပ် ဘောနပ်စ် အဖြစ် ရရှိလာပြန်သည်က ၎င်း၏ အစိုးရ အဖွဲ့ နှင့် ရီပတ်ဘလီကင် ပါတီအား တင်းတင်းကျပ်ကျပ် ချုပ်ကိုင်လာခဲ့၍ တရုတ် အား ထိုကဲ့သို့ သဘောထား ဆက်ဆံနေခြင်းကို ကွန်ဆာဗေးတစ် အုပ်စုများဖက်က အသံမထွက်ရဲကြတော့ ခြင်းပင် ဖြစ်သည်ဟု ဆိုသည်။
သို့သော် ပြဿနာ က တရုတ် ခေါင်းဆောင်ပိုင်းက ထရမ့် အပေါ် အယုံအကြည် မရှိ ဖြစ်နေကြခြင်းပင်။ ထိန်းချုပ်နိုင်မှု ကို အလွန်အမင်း အားကိုးအားထား ပြုနေရသည့် တရုတ်ခေါင်းဆောင်များသည် မခန့်မှန်း နိုင်ဟူသော အပြောကို သဘောကျနေသည့် ထရမ်လို လူမျိုး အပေါ် မည်သို့ ကိုင်တွယ်ရမည်ကို သဘောကွဲလွဲနေကြသည်။
အီကောနော်မစ် မဂ္ဂဇင်း မှ တပတ်ခန့် အရာရှိများ၊ အစိုးရ အကြံပေးများ၊ ပညာရှင်များ၊ စွန်ဦး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ သဘောထား တီးခေါက်ကြည့်ခဲ့ရာ အားလုံးက တညီတညွတ်တည်းပင် ထရမ့်သည် တရုတ်နိုင်ငံ အတွက် သမိုင်းပေး အခွင့်အရေး တရပ် ဖြစ်သည်ဟု ပြောလာခဲ့ကြသည်။
ထရမ့်သည် လစ်ဘရယ် သဘောတရားများဖြင့် ချုပ်နှောင်ထားခြင်း မခံရသည့် သမ္မတ၊ အမေရိကား၏ မဟာမိတ်များ၊ ရန်သူများ နှင့် ပါ အပြောင်းအလဲ မြန်စွာ ဆက်ဆံပြီး အမေရိကန် ကို အားပျော့သွားစေခဲ့သည့် သမ္မတ အဖြစ် ဖေါ်ပြကြသည်၊ ထိုသို့သော သမ္မတ မျိုး ကို တရုတ် အတွက် အကျိုးရှိအောင် မည်သို့ ဆက်ဆံရမည် ဆိုသည် အပေါ် သာ ကွဲပြားနေကြခြင်း ဖြစ်သည်။
အမေရိကန် နှင့် တရုတ် အကြားရှိ အရေးအကြီးဆုံး ပဋိပက္ခများကို ဖြေရှင်းပေးနိုင်မည့် သဘောတူညီချက် ကြီးကြီးမားမား တစ်ခုကို အကောင်အထည် ဖော်ဖို့အတွက် ထရမ့်သည် ယုံကြည်အားကိုး ၍ မရလောက်အောင် မတည်ငြိမ်သူ (သို့မဟုတ်) စိတ်မချရသူအဖြစ် ရှုမြင်နေကြသည်။ ထို့အပြင် အမေရိကန် နှင့် တရုတ်ရှိ သဘောထား တင်းမာသူများကလည်း ထိုသို့သော သဘောတူညီချက် ရရှိအောင် အပေးအယူ လုပ်လာမည့် အရေးကိုလည်း ဟန့်တားလာကြဦးမည် ဖြစ်သည်။
ထိုသို့ ယုံကြည်မှု ပိုင်း အနိမ့်ဆုံး ရောက်နေချိန်တွင် နည်းပညာ နှင့် ငွေကြေး ကဏ္ဍ များ အကြား အပြန်အလှန် အမှီသဟဲ ပြုနေမှုကို လျော့ချ ဖြတ်တောက် ပစ်မှု များ ရှိလာနိုင်သည်ဟု ခန့်မှန်းနေကြသည်။
တရုတ် AI ကုမ္ပဏီ အများအပြားက အမေရိကန်၏ စွမ်းဆောင်ရည် အမြင့်ဆုံး ပေးနိုင်သည့် ဆီမီးကွန်ဒပ်တာ များကို ဝယ်ယူချင်နေကြသည်ဟု ဝန်ခံခဲ့ကြသည်။ ထရမ့်မှ ထိုသို့သော နောက်ဆုံးပေါ် ချစ် ပြားများ တရုတ်အား ရောင်းချဖို့ ပြောခဲ့သော်လည်း နည်းပညာအရ အသာစီးရနိုင်မည့် အမျိုးအစားများ တော့ ရောင်းပေးမည့် အထဲ ပါချင်မှ ပါပေလိမ့်မည်။
အမေရိကန် နှင့် တရုတ်တို့၏ လုံခြုံရေး အရ စိုးရိမ်ပူပန်မှု များ ရှိနေခြင်းကြောင့် အမေရိကန်၏ စျေးကွက်သည် နည်းပညာ မြင့်မားသည့် တရုတ်ပို့ကုန်လုပ်ငန်းရှင် များ အတွက် ကြီးမားသည့် စိန်ခေါ်မှုကြီး ဖြစ်လာခဲ့သည်။ တရုတ်သည် ဘူမိနိုင်ငံရေး အရ အန္တရာယ် ရှ်ိလာသည်ဟု အကြောင်းပြကာ အမေရိကန်၏ ငွေတိုက်စာချုပ်များအား အရင်ကလောက် ဝယ်ယူခြင်း မရှိ တော့ပေ။ နိုင်ငံတကာ ကုန်သွယ်ရေး တွင်လည်း ယွမ် ကိုသာ အသုံးပြုရန် မကြာခဏ ဆိုသလို တွန်းတွန်းတိုက်တိုက် လုပ်လာကြသည်။
ဘီဂျင်းရှိ အတွင်းလူများကမူ တောင်ကိုရီးယားတွင် သဘောတူခဲ့သည့် တစ်နှစ်ကြာ ကုန်သွယ်မှု အပစ်အခတ် ရပ်စဲရေး ကာလအတွင်း နှစ်နိုင်ငံ အနေဖြင့် အပိုင်းလိုက် ခွဲထုတ်၍ ရမည့် သဘောတူညီချက် မျိုး ကိုသာ အဓိကထား အာရုံစိုက်သွားကြဖို့ ရှိသည်ဟု ပြောခဲ့ကြသည်။ ထရမ့်သည် ထို့ထက် ပိုပြီး ပူးပေါင်းဆောင်ရွက်လာနိုင်သည်ဟု အချို့က ထင်ကြေးပေးနေကြသည်။
ထရမ့်၏ ငြိမ်းချမ်းရေး ဖန်တီးရှင်ဟု ဂုဏ်ယူနေသည်ကို မြှောက်ပင့် ပေးနိုင်မည်ဆိုက မိမိတို့ ကာလကြာရှည်စွာ ထားရှိခဲ့သည့် ရည်မှန်းချက်များ ဖြစ်မြောက်လာနိုင်စရာ ရှိသည်ဟု တရုတ် ကျွမ်းကျင်သူ အချို့က ထောက်ပြခဲ့ကြသည်။ တောင်ကိုရီယား တွင် ရှီက ထရမ့်၏ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ရရှိအောင် လုပ်နိုင်ခဲ့မှု ကို ချီးကြူး ဂုဏ်ပြု စကား ဆိုခဲ့သည်။ နောက်တကြိမ် တွေ့ဆုံသည်အခါ တိုင်ဝမ် လွတ်လပ်ရေး ဆိုသည်ကို လူသိရှင်ကြား ဆန့်ကျင် ပြောဆိုလာအောင် သွေးဆောင် နိုင်လိမ့်မည်ဟု မှတ်ချက်ချနေကြသည်။ ထို့ပြင် ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်နေသော ကျွန်း နိုင်ငံလေးအားလည်း တရုတ်တို့ နှင့် "ငြိမ်းချမ်းရေး" ရအောင် ဆွေးနွေးရန်ပင် တိုက်တွန်းလာနိုင်သည်ဟု ဆိုသည်။
အကယ်၍ ထရမ့်မှ ထိုသို့ သော အပြောမျိုးကို နောက်ပိုင်း အမေရိကန် နိုင်ငံရေး သမားများက ၎င်းတို့၏ သဘောထား မဟုတ်ဟု ငြင်းဆိုခဲ့ကြလျင်ပင် တရုတ်တို့ဖက်ကမူ အမေရိကန် သမ္မတ တဦးက ထိုသို့ ပြောခဲ့သည့် နမူနာ ရှိသည်ဆိုကာ ထောက်ပြဖို့ အသုံးတည့်သည်ဟု ယူဆထားကြသည်။
မြောက်ကိုရီယား၏ စိုးရိမ်ကြောင့်ကြနေမှု ကို ပြေရာ ပြေကြောင်း ဖြစ်ရန် တောင်ကိုရီယား နှင့် စစ်ရေး လေ့ကျင့်မှု လျော့ချပေးရန်လည်း ထရမ့်ကို ဖျောင်းဖျ နိုင်ဖွယ်ရှိသည်။ တောင်တရုတ် ပင်လယ် နှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေဆိုင်ရာ တောင်းဆိုမှုများ နှင့် အမေရိကန်၏ နိုင်ငံတကာ ရေပိုင်နက်များတွင် လွတ်လပ်စွာ သွားလာခွင့်အပေါ် အခိုင်အမာ တောင်းဆိုမှု တို့ကို မျှတအောင် ထိန်းညှိခြင်းအားဖြင့် တောင်တရုတ်ပင်လယ်တွင် ဟန်ချက်ညီမှု တစ်ခု ရရှိလာနိုင်သည်။
အကယ်၍ ထရမ့် မှ ရုရှားအား ဖိအားပေးရန် ရှီအား လူသိရှင်ကြား ပြောမလာခဲ့လျင် တရုတ် အနေဖြင့် ရုရှား နှင့် ယူကရိန်းအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ ဖြစ်လာအောင် ကူညီဖို့ အဆင်သင့် ပြင်လာနိုင်သည်ဟု တရုတ် ပညာရှင်များက မှတ်ချက်ချခဲ့သည်။
ပြီးခဲ့သည့် ဆယ်နှစ်နီးပါး က တရုတ်မှ သမ္မတ အိုဘာမားအား "အင်အားကြီး နိုင်ငံများ အကြား ဆက်ဆံရေး ပုံစံသစ်" တခု ချပြခဲ့သည်ကို အမှတ်ရမိသည်ဟု ပါမောက္ခတဦးက ပြန်ပြောင်း အမှတ်ရခဲ့သည်ဟု ပြောပြခဲ့သည်။ ထို ပုံစံ သည် အမေရိကန်နှင့် တရုတ်နိုင်ငံ တို့သည် စီးပွားရေးအင်အား အကြီးဆုံး နှစ်နိုင်ငံဖြစ်သည့် အတွက် ရာသီဥတုပြောင်းလဲမှုနဲ့ အခြားသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအပေါ် ဘက်ပေါင်းစုံ ပါဝင်သည့် ကြိုးပမ်းမှုများ ကို ဦးဆောင်ဖို့အတွက် အထူးတာဝန်များ ရှိသည် ဆိုသော အိုဘားမား၏ ယုံကြည်ချက်ကို ဆွဲဆောင်နိုင်ဖို့အတွက် ရည်ရွယ်တွက်ချက်ထားခဲ့ခြင်းလည်း ဖြစ်သည်။
သို့သော် တရုတ်တို့ဖက်မှ ၎င်းတို့၏ အဓိက အကျိုးရှိရာ ရှိကြောင်းများကို လေးစားရမည်ဟူ သော အချက်ကို ဆွဲကိုင်လာ၍ အိုဘာမား က လက်ခံရန် ငြင်းပယ်ခဲ့သည်။ ဆိုလိုသည်က တိုင်ဝမ် နှင့် အခြား နယ်မြေ များ ပိုင်ဆိုင်မှု များ ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ထို့အပြင် အမေရိကန် မဟာမိတ်များဖက်ကလည်း ကမ္ဘာကြီးအား မည်သို့ မည်ပုံ အုပ်ချုပ်ရမည် ဆိုသည်ကို ဆူပါပါဝါ နှစ်နိုင်ငံတည်းက ဆုံးဖြတ်လာမည့် အရေးကို သဘောကျမည် မဟုတ်ဟုလည်း ယူဆခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
ထိုပါမောက္ခကပင် ထရမ့်ခေတ်တွင် အမေရိကန်တို့ မည်သို့သော ပုံစံသစ်ကို လက်ခံမည်နည်းဟု မေးခွန်းထုတ်လာခဲ့သည်။ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ဆိုတဲ့ နားဝင်ချိုစေမယ့် စကားတွေ အစား တရုတ် နိုင်ငံ အနေနှင့် ထရမ့် နှင့် ရှီတို့ နှစ်ဦး စလုံး ၎င်းတို့ နိုင်ငံများကို ကြီးကျယ် ခမ်းနားသည့် အနေအထား ပြန်ရောက်အောင် အလေးအနက်ထား ဆောင်ရွက်နေသည့် အမျိုးသားရေး ခေါင်းဆောင်များ၊ လူအများ၏ ကြမ္မာ ဖန်တီးရှင်များ ဆိုသည့် တူညီနေသည့် ဆက်နွယ်နေမှု ကို မြှင့်တင် ဖေါ်ပြ နိုင်သည်။
ထရမ့်သည် ရှီ အား ၎င်းနှင့် တန်းတူရည်တူ တဦး အဖြစ် လက်ခံရန် အဆင်သင့် ရှိနေပုံရသည်။ တောင်ကိုရီယား တွင် ရှီ နှင့် တွေ့ဆုံအပြီးတွင် ထရမ့်သည် ၎င်း၏ ဆိုရှယ် မီဒီယာ မှ "ထာဝရ တည်မြဲမည့် ငြိမ်းချမ်း ရေး နှင့် အောင်မြင်မှု" ဆီ ဦးတည်မည့် G2 တွေ့ဆုံခဲ့မှု အဖြစ် ကြွားလုံး ထုတ်ခဲ့သည်။
တရုတ်သည် အမေရိကန် သမ္မတကို ခြိမ်းခြောက်နိုင်သည့် နည်းကို သိရှိသွားခဲ့ပြီ ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း လက်ရှိ ကုန်သွယ်ရေး စစ်ပွဲတွင် စိတ်မသက်မသာ ဖြစ်ရသည့် အပစ်အခတ် ရပ်စဲမှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။ ထရမ့်ကို ဖျားယောင်းစည်းရုံးဖို့ကတော့ ပို၍ ခက်ခဲပေလိမ့်မည်။ အကယ်၍ ရှီ သာ အောင်မြင်သွားခဲ့မည် ဆိုလျင် ဝါရှင်တန် ရှိ တရုတ် ဆန့်ကျင်ရေး အင်အားစု များ အဖို့ အလွန်အမင်း စိုးရိမ်ပူပန်စရာ များ ရှိ လာပေလိမ့်မည်။
(၂၀၂၅ နိုဝင်ဘာ ၁၁ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်း တွင် ပါရှိသော "Beijing insiders’ plan to play Donald Trump" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)