တိုင်းပြည်သည် ဖရိုဖရဲ ဖြစ်လာနေပြီး နိုင်ငံ အနှံ့လေကြောင်း မှ ဗုံးများ အဆက်မပြတ် ကြဲချ တိုက်ခိုက်နေမှု နှင့် အတူ လူ့အခွင့်အရေး ချိုးဖောက်နေမှု များ မှိုလိုပေါက်အောင် ဖြစ်လာနေချိန်တွင် စစ်အုပ်စု မှ ရှေ့လ တွင် ရွေးကောက်ပွဲ လုပ်မည် ဆိုသည်ကို မိမိ အနေဖြင့် မည်သို့မျှ စဉ်းစား၍ မရ အောင် ဖြစ်နေသည်ဟု ကုလ လူ့အခွင့်အရေး အကြီးအကဲ ဗိုလ်ကာ တုခ် မှ တနင်္လာနေ့က ဂျနီဗာ တွင် မေးခွန်းထုတ်လိုက်သည်။
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲလည်း မည်သို့မျှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဟု ဆိုသည်။ စစ်အုပ်စုသည် ရွေးကောက်ပွဲ အား အမျိုးသား ရင်ကြားစေ့ရေး အတွက် အခွင့်အရေး ဟု အကြောင်းပြလာခဲ့သည်။ သို့သော် လေ့လာစောင့်ကြည့်သူများက စစ်အုပ်ချုပ်ရေး ဆက်၍ တည်မြဲ နေမှု ကို ဖုံးကွယ်ရန် အသုံးပြုသည့် ပရိယာယ် တခု အဖြစ် ပယ်ချထားကြပြီး ဖြစ်သည်။
မြန်မာ ၏ အခြေအနေသည် မီဒီယာများ၏ အာရုံ စိုက်မှု ကို လုံလောက်အောင် မရ ဖြစ်နေပြီး လူများသည် ဒုက္ခ အမျိုးမျိုး ခံစားနေကြရသည်ဟု ဆိုသည်။
စစ်အုပ်စုသည် နိုင်ငံသား တဦးချင်းစီ နှင့် အရပ်ဖက် အဖွဲ့အစည်းများ လွတ်လပ်စွာ လှုပ်ရှား ဆောင်ရွက်ခွင့်ကို လုံးဝဥသုံ ပိတ်ဆို့ ကန့်သတ်ထားပြီး ၎င်းတို့အား အတိုက်အခံ ပြုသူများကို ဖမ်းဆီးထားသည့် အပြင် သတင်းထောက်များကိုလည်း သတ်ဖြတ်နေကြောင်း၊ ထို့အပြင် အရပ်သားများအား အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နေကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ် အတွင်း သိသာထင်ရှားစွာ တွေ့လာရကြောင်း AFP သတင်းဌာန နှင့် အင်တာဗျုး တွင် ပြောပြသွားခဲ့သည်။
ထိုသို့ သော အနေအထား တွင် လွတ်လပ်ပြီး တရားမျှတ မှု ရှိပါပေသည်ဟု မည်သူကများ ပြောနိုင်ပေဦးမည်နည်း၊ နိုင်ငံ၏ အစိတ်အပိုင်း အတော်များများသည် လည်း မည်သူမျှ ထိန်းချုပ်နိုင်စွမ်း မရှိ ဖြစ်နေသည်၊ စစ်တပ်သည် ပဋိပက္ခ၏ ကြံရာပါ ဖြစ်နေပြီး လူထု ကို နှစ်ပေါင်းများစွာ ကြာအောင် ဖိနှိပ်လာခဲ့သည့် အဖွဲ့အစည်းလည်း ဖြစ်သည်ဟု ဆိုသည်။
တိုးတက်သော အသံ မြန်မာ လူ့အခွင့်အ ရေး အဖွဲ့ ကို တည်ထောင်သူ ဒေါ်ခင်ဥမ္မာက လွတ်လပ် တရားမျှတ ပြီး ယုံကြည်ထိုက်ဖို့ နေနေသာသာ ရွေးကောက်ပွဲ ဟု ပင် အမည် တပ်၍ မခေါ်ထိုက်ဟု DVB ဆောင်းပါးတွင် ရေးသားထားသည်။
ဇော်မဲလုံးက မိမိတို့ ရွေးကောက်ပွဲ အား မိတ်ဖက် နိုင်ငံများ နှင့် မြန်မာ ပြည်သူများ အသိအမှတ်ပြုလျင် လုံလောက်ပြီဟု ထုတ်ပြောလာရသည့် အဖြစ် ရောက်လာခဲ့ရသည်။ မိတ်ဖက် နိုင်ငံများ ဆိုသည်ကလည်း အားလုံး သိနေသည့် အတိုင်း လက်ငါး ချောင်းပင် မပြည့်၊ ထိုလက်ငါးချောင်း မပြည့်သော နိုင်ငံ များ ဆိုသည်ကလည်း ကမ္ဘာအလယ်တွင် ဂုဏ်သိက္ခာ ရှိရှိ ရပ်တည် နေသည့် နိုင်ငံ တခုတ လေမျှ ပင် မပါ၊ ညစ်တွန်း တွန်း လာသည့် အနေဖြင့် ဂီတ အနုပညာ ရှင်များ အားလုံးကို အတင်းအကျပ် ဆိုင်းဘုတ်များ ကိုင်ပြီး ဝါဒဖြန့် ခိုင်းနေသည်မှာလည်း မြင်မကောင်းအောင် တွေ့လာနေရသည်။
၎င်းတို့ ဝါဒ ဖြန့် ရုပ်ရှင်တို လေးတွင် ပါဝင်သူများ အား လူထု က ဝိုင်းဝန်း သပိတ်မှောက်နေကြသည့် အဖြစ်ကို တွေ့လာရ၍ ရွေးကောက်ပွဲ ဆိုသည့် တပ်တော်ဝင် အခမ်းအနား အောင်မြင်နိုင်ပါ့မလားဟု သံသယ ရှိလာနေကြသည် ကို ခန့်မှန်း၍ ရနေသည်။
၎င်းတို့၏ လုပ်ရပ်များ အား ဝေဖန် ထောက်ပြ ပြောဆိုနိုင်မည့် ပါတီများ တခုတ လေမျှ ပါခွင့် မပြုဘဲ မင်းအောင်လှိုင် စိတ်ကူး ပေါ်လာသမျှ ဥပ ဒေ များကို ခလုပ်နှိပ် အတည်ပြု ပေးရန်သာ ခေါ်ယူမည့် လွှတ်တော် ဆိုသည်ကြီး တွင် ဝင်ထိုင်မည့် စစ်အုပ်စု၏ အစိတ်သား အရည်အတွက်ပင် မနည်း ရှာရတော့မည် ဖြစ်သည်၊ ထိုစာရင်း ထဲ ပါဖို့ စစ်အရာရှိများ အပြိုင်မဆိုင် လာဒ် ထိုးကြမည်မှာလည်း မလွဲဧကန်ပင် ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲ အပြီး မရှု မလှ အရေးနိမ့်သွား၍ နိုင်ငံတော် အာဏာ ကို အကြမ်းဖက်ရယူ ရမည် ဟူသော အသံများ ထွက်လာချိန်တွင် ယခု အခါ ထောင်နန်းစံနေရသော ပြန်ဝန်ဟောင်း ဦးရဲထွဋ်က ယခုလို သတိပေးခဲ့ဖူး သည်။
"တကယ်လို့ အငြင်းပွားမှုတွေက မဲဆန္ဒနယ် အနည်းငယ် လောက်မှာသာ ဖြစ်တယ်၊ ဖြစ်စဉ်တွေကလည်း ရွေးကောက်ပွဲ ရလဒ်ကြီး တခုလုံးကို ပြောင်းပြန်လှန်နိုင်တဲ့ အထိ ပမာဏ မများဘူး ဆိုရင် မဲဆန္ဒနယ် တခုချင်း အလိုက်ပဲ ရွေးကောက်ပွဲ ဥပဒေနဲ့ အညီ ကန့်ကွက်သင့်တယ်”
“တစ်စိတ်တစ်ဒေသ ဖြစ်စဉ်တွေကို အလုံးစုံ ဖြစ်စဉ်လို့ ယူဆပြီး တုန့်ပြန်ဆောင်ရွက်နေရင် လူထုက အရှုံးကို လက်မခံနိုင်တဲ့ ပါတီ၊ ကန့်လန့်တိုက်တဲ့ ပါတီလို့ မြင်သွားနိုင်တယ်၊ အဲ့ဒါဆိုရင် မဲရှုံးသလို နိုင်ငံရေး သိက္ခာလည်း ရှုံးလိမ့်မယ်” ဟူ၍ ဖေါ်ပြထားသည်။
ဦးရဲထွဋ်သည် စစ်ဖက် အရာရှိ ဟောင်း ကြီး များ သာ ပါဝင်နေသည့် ကြံ့ဖွတ် ပါတီကြီး လူထု တံတွေးခွက် ပက်လက် မျောတော့မည့် အဖြစ်ကို မြင်လာ၍ စိုးရိမ်တကြီး ပြောခဲ့ချင်းမျိူးသာ ဖြစ်ပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!