၎င်း အာဏာသိမ်း ပြီး ချိန်ကတည်းက တိုင်းပြည် နှင့်လူ ထု တနေ့တခြား ချွတ်ခြုံကျလာသည်မှာ မှတ်တမ်း မှတ်ရာ အချက်အလက်များ နှင့် ငြင်းမရအောင် ဖြစ်လာချိန်တွင် ထို အဖြစ်အား တစုံတခု ထူးခြားလာတော့မည်ဟု အထင်ရောက်လာစေရန် ဝါဒ ဖြန့်လာပြန်သည်။
ယခုတခါ ဝါဒ ဖြန့်လာသည်က ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ အဖြစ်မှ လွတ်မြောက်ရန် ၎င်းကိုယ်တိုင် ကော်မတီ ဖွဲ့ပြီး ဆောင်ရွက်မည်ဆိုကာ ကြေညာ ချက် ထုတ်ပြန်လာခဲ့သည်။
ရှက်ရကောင်းမှန်း လုံးဝ မသိသူများဟု ဆိုရပေတော့မည်။ ၎င်းတို့လုပ်သမျှ လိုက်ဝေဖန် ပြောဆိုနေခြင်းသည်ကပင် ပြောသူများ ရှက်လာရသည်။
မြန်မာသည် စီးပွားရေး တွင် ထိုစဉ်က တောင်ကိုရီယားထက်ပင် ကျော်လွန်နေရာမှ ဗိုလ်နေဝင်း အာဏာ သိမ်းခဲ့မှု နှင့် အတူ အခြေအနေ ဆိုးဝါးလာရာ မှ ၁၉၈၇ ခုနှစ်တွင် ကုလသမဂ္ဂမှ သတ်မှတ်သည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC - Least Developed Countries) စာရင်းသို့ စတင်ဝင်ရောက်ခဲ့သည်။
ဤအဆင့်အတန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်းများအပေါ် မူတည်၍ သတ်မှတ်ခြင်း ဖြစ်ပါသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည် လက်ထက် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် သုံးနှစ်တစ်ကြိမ် ပြန်လည်သုံးသပ်မှုများတွင် LDC မှ လွတ်မြောက်ရန် သတ်မှတ်ထားသော စံနှုန်းများနှင့် ပြည့်မီခဲ့သော်လည်း ၎င်း အာဏာသိမ်း လိုက်မှု နှင့် ဖြစ်ပေါ်လာ သော နိုင်ငံရေးအခြေအနေများကြောင့် ထွက်ခွာခွင့် ကို ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။
၎င်းတို့ စစ်ဗိုလ်ချုပ် အဆက်ဆက် ကြိုက်သလို စီမံခန့်ခွဲ ရနိုင်သည့် အနေအထားမျိုး နှစ်ပေါင်း သုံးဆယ် လောက် အုပ်ချုပ်နိုင်ခဲ့ပါလျက် ဘာတခု မှ ဖြစ်မလာ၍ အရှက်မဲ့ သူများ ဟု ဆိုလိုရင်း ဖြစ်သည်။
လာမည့် ခြောက်လ အတွင်း ရွေးကောက်ပွဲ ဖြင့် အရပ်သား အုပ်ချုပ်ရေး သို့ လွှဲပေးပါမည် ဆိုသော စစ်ခေါင်းဆောင်ကြီးက ဝန်ကြီး ဝန်ကလေး များ နှင့် ကော်မတီ ဖွဲ့ လုပ်သွားမည်ဟု ပြောလာခြင်းသည် က ရွေးကောက်ပွဲ အား မဲသွားထည့်လည်း အချိန်ကုန် လူပမ်းဖို့သာ ရှိမည် ဆိုသည်ကို ပြည်သူ များ ရိပ်စား မိအောင် ညွှန်ပြလိုက်ခြင်းသည်သာ အမြတ်ထွက်သည်ဟု ဆိုရမည် ဖြစ်သည်။
၎င်း ၏ ငါးနှစ် အုပ်ချုပ်လာခဲ့စဉ် အတွင်း စီးပွားရေး၊ လူမှုရေး၊ လူနေမှု အဆင့် အတန်းများ တိုးတက်မလာသည့် အပြင် ယခင်ကထက် ပင် ဆုတ်ယုတ် ကျဆင်းသွားခဲ့သည့် အဖြစ်ကို လမ်းပေါ်တွင် တောင်းစားနေသည့် သူတောင်းစားပင် သိနေပြီး ဖြစ်သည်။
စစ်မှုထမ်း တာဝန် ကျေသူများကို ပြည်ပ တွင် အလုပ် အကိုင် ရှာဖွေပေးပါမည်ဟု ဝါဒဖြန့်နေကြရသူ များလည်း ဖြစ်သည်။
ထိုသို့သော လူမျိုးက ကော်မတီ ဖွဲ့ပြီး ဆင်းရဲတွင်းမှ လွတ်ကင်းအောင် လုပ်မည်ဟု ပြောလာခြင်းသည် အစွမ်းထက်သည့် လိုတရ ဆေးကြိမ်လုံး ပိုင်သွားလို့ များ လောဟု တွေးနေကြမည်သာ ဖြစ်သည်။
ထိုသို့ မဟုတ်က ကော်မတီများ ဖွဲ့နေမည့်အစား ၎င်းတို့ ကိုယ်တိုင် ရာထူးမှ ဆင်းပေးလိုက်ခြင်းသည်သာ LDC မှ အမြန်ဆုံး ထွက်နိုင်မည့် လမ်းဟု ဧရာဝတီက ရေးသားထားသည်။
ပြည်သူများကလည်း ထို အတိုင်းပင် ယူဆကြမည်မှာလည်း ဧကန်မုချ ပင် ဖြစ်ပေတော့မည်။
"ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေး" ဆိုသည်မှာ နားဝင်ချိုသည့် စကားများ ဖြစ်သော်လည်း ယင်းကို လူသတ် စစ်ခေါင်းဆောင်များ နှင့် တန်သည် ဟု မမှတ်ယူသင့်။ ရင်ကြားစေ့ရေး ဆိုသည်က ပဋိပက္ခကြီး ပြီးဆုံးသွားမှသာ လုပ်သင့်သည့် အရာဖြစ်သည်။
"အားလုံး သဘောတူသည့် ဖြေရှင်းချက် agreed solution" ဆိုသည်က လက်ရှိ အနေအထား ကို ပိုနေမြဲ ကြားနေမြဲ ဆိုသည့် သဘောဖြင့် စတင်ဖွင့်လှစ်နိုင်မှသာ ဖြစ်ပေမည်၊ ပထမဦးဆုံး၂၀၂၁ အာဏာသိမ်းမှု ကို တရားဝင် သည့် အဖြစ်နှင့် ရရှိသော ဖြေရှင်းချက် သည် ကိုယ်ကျင့်တရား ပိုင်း မဆိုထားဘိ တည်ငြိမ်မှု လည်း ရရှိလာမည် မဟုတ်ပေ။
လူထု ကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ထားသော မင်းအောင်လှိုင် နှင့် အပေါင်းအပါ ဗိုလ်ချုပ်များသည် နိုင်ငံတရားရုံးသို့ ရောက်ရမည့်အစား လွှတ်တော် ထိုင်ခုံများ တွင် ဝင်ရောက်နေရာယူကြမည် ဖြစ်သည်။ ၎င်းတို့အား စစ်တန်းလျား သို့ ပြန်ခွင့်ပြုပြီး နိုင်ငံရေး အာဏာ များကို ဆက်၍ ဆုပ်ကိုင်ခွင့် ပြုထားမည် ဆိုက နောက်နှစ်အနည်းငယ် အကြာတွင် ယခုလိုပင် အာဏာထပ်သိမ်းဦးမည် ဖြစ်သည်။ (မည်သည့် နိုင်ငံရေး သမား တဦးတလေမျှ ၎င်းတို့ကို ဆန့်ကျင်ရဲကြတော့မည် မဟုတ်)
မြန်မာ ပြည်သူများ ကိုယ်နှိုက် ဆုံးဖြတ်ရမည့် အရေး ဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝန်းက ဘယ်လို ဖြစ်သင့်သည် ဆိုသည်ကို ဆုံးဖြတ်စရာ အကြောင်းမရှိပေ။ ၎င်းတို့ အဖို့က လက်ရှိ လူထု ရုန်းကန် တိုက်ပွဲ ဝင်နေမှု များကို မဆိုင်သလို နေခဲ့ကြပြီးမှ အခုကျမှ မင်းအောင်လှိုင် နှင့် တစားပွဲတည်း ထိုင်ပြီး ရင်ကြား ပြန်စေ့ချင်နေကြသည်။
တော်လှန်ရေးကို ပစ်ပစ်ခါခါ ထားခဲ့ပြီး မိမိတို့အား ဓါးမိုး အုပ်ချုပ်မည့် လူများနှင့် ငြိမ်းချမ်းအောင် လုပ်ကြ ဟု ပြောလာခြင်း သည် ၎င်းတို့အား နိုင်ငံတကာ က အာရုံစိုက်လာအောင် ပေးဆပ်ရမည့် တန်ဖိုးပေလော။
သို့ဆို က မိမိတို့၏ တော်လှန်ရေးအား နိုင်ငံတကာက အမေ့ခံနေသည်သာ ကောင်းပေဦးမည်ဟု တော်လှန် တိုက်ပွဲ ဝင်နေသူများက ယူဆကြတော့မည် ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!