မာဖီယား သမ္မတ လူကြမ်းများ

by Hla Soewai - Nov 17 2025

ဘာတေး လစ်တနာက ဧရာဝတီ တွင် မြန်မာ တို့ ၏ ရွေးကောက်ပွဲ သမိုင်းကြောင်းကို ဆောင်းပါးရှည်ကြီး ရေးသားခဲ့ရာ တွင် လက်ရှိ စစ်အုပ်စု ၏ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ သူ၏ အမြင်ကို ယခုလို ရေးသားထားသည်။

 

၎င်းတို့ကိုယ် ၎င်းတို့ နိုင်ငံတော် လုံခြုံရေး နှင့် ငြိမ်းချမ်းရေး ကော်မရှင်ဟု အမည်ပေးလာသော စစ်အုပ်စု၏ ရွေးကောက်ပွဲ သည် လွတ်လပ်၍ တရားမျှတမှု ရှိလိမ့်မည်၊ ရှိခဲ့လျင်လည်း ထွက်ပေါ်လာသော ရလဒ် ကို လိုက်နာ ကြလိမ့်မည်ဟု လုံးဝ စိတ် ဖေါက်ပြန်နေသူ များသာ ယုံကြည်ကြလိမ့်မည် ဟု ဆိုသည်။ ယခုအခါ USDP သည်သာ ဇာတ်စဉ် ပေါ်တွင် တကိုယ်တော် ကပြ နိုင်ဖို့ သေချာသည်ထက် သေချာအောင် စီစဉ်နေပြီ ဖြစ်သည်။

 

ဝင်‌ ရောက် ဖြန်‌‌ ဖြေ ပေးလိုစိတ် ရှိထားသူများ သိထားရမည်က မြန်မာ စစ်ဗိုလ်ချုပ်များသည် ပြင်ပ မှ မည်သူ၏ စကား မှ နားထောင်လိုစိတ် မရှိ၊ အာဏာကို မည်သည့် နည်း ဖြင့် မဆို ဆက်၍ ထိန်းထားရမည်ဆိုသော ရည်ရွယ်ချက် တခုတည်း ဖြင့်သာ ချီတက်နေသူများ ဖြစ်သည် ဆိုသည်ကို သိထားရမည် ဖြစ်သည်ဟု ထောက်ပြခဲ့သည်။

 

ထိုကဲ့သို့ စိတ်ပိုင်း ဖြတ်ထားသူ များ နှင့် မြန်မာ ရှိ ဒီမိုကရေစီ လိုလားသော အင်အားစုများ ရင်ဆိုင်နေရခြင်းသည် ဝမ်းနည်းဖွယ် ကောင်းနေသော ပကတိ အနေအထား ဖြစ်သည်ဟု ဆိုသည်။ အစစ်အမှန် ပြောင်းလဲဖို့ ဆိုသည်ကလည်း ၎င်းတို့ အချင်းချင်းကြားမှသာ ထွက်ပေါ် လာနိုင်စရာ ရှိနေသည်၊ ဤသည်ကလည်း မဝေးတော့သော အနာဂတ်တွင် ဖြစ်လာစရာ မရှိဟု ၎င်း၏ အမြင်ကို ရေးသားထားခဲ့သည်။

 

အကြောင်းတိုက်ဆိုင်၍ အတ္တလန်တစ် မဂ္ဂဇင်းကြီး တွင် ရေးထားသော Mafia Presidency ဆောင်းပါး မှ ကောက်နှုတ် တင်ပြလိုပါသည်၊ ထိုဆောင်းပါးသည် ထရမ့်ကို ရည်ညွှန်းရေးသားထားခြင်း ဖြစ်သော်လည်း အကြောင်းအချက်များက လက်ရှိ စစ်အုပ်စု၏ ခံယူချက်များ နှင့် တိုက်ဆိုင်နေ၍ ဖြစ်သည်။

 

မာဖီယား တို့ ကျင့်စင်က ၎င်းတို့ကို ထောက်ခံလျင် အကာအကွယ် ပေးမည်၊ ဆန့်ကျင်မည် ဆိုက ထို ပုဂ္ဂိုလ် အတွက် အန္တရာယ် ရှိလာခြင်း မျိုး ဖြစ်သည်။ လက်ရှိ ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ အကြား ခြိမ်းခြောက် အကျပ်ကိုင် မှုများ ကြောင့်ဖြစ်ပွားနေသော အရေးက ထိုအချက်ကို လယ်ပြင်တွင် ဆင်သွားသလို တွေ့လာနေရသည်။ ထိုကဲ့သို့သော လုပ်ရပ်မျိုးက အစိုးရ အဖွဲ့ဟု ခံယူထားပါက မလုပ်သင့်‌ မလုပ်အပ်၊ မာဖီယား များ လုပ်နေကျ အကြောင်းခြင်းရာမျိုး သာ ဖြစ်သည်။

 

မာဖီယား လုပ်ငန်း ၏ အဓိက ရပ်တည်ရာ အကြောင်းရင်းသည် အကာအကွယ် ပေးခြင်း ဖြစ်သည်၊ သို့သော် ထိုသို့ အကာအကွယ် ရဖို့ ၎င်းတို့ကို ဆက်ကြေး‌ပေးရခြင်း၊ သို့မဟုတ် ၎င်းတို့ လိုလားသည်များ လုပ်ပေးရခြင်းမျိုး ဖြင့် အကျပ်ကိုင် ခံကြရသည်။

 

၎င်းတို့၏ လုပ်ရပ် အားလုံးသည် "မင်း ဘာမှ မဖြစ်ချင်ဘူး ဆိုရင် ငါတို့ ပြောတဲ့ အတိုင်း လုပ်" ဟူသည် သဘောမျိုး ဖြစ်သည်။ ပြောသည့် အတိုင်း လုပ်သူများကို အထူး အခွင့်အရေး များ ပေးပြီး အကာအကွယ် ပေးထားကြသည်။ ဥပဒေ ကိုပင် ပမာမခန့် လုပ်၍ ရသည်။ ဥပမာ အားဖြင့် နိုင်ငံတော် ပုန်ကန်မှု ဖြင့် အကျဉ်းချခံထားရသော ရခိုင် နိုင်ငံရေး သမား ကြီးအား အပြစ်မှ လွတ်ငြိမ်းခွင့် ပေးလိုက်ခြင်းမျိုး ဖြစ်သည်။

 

သာမန် ရဲဝန်ထမ်း တဦးပင် ဥပ‌ ဒေ ဖောက်ဖျက်ပြီးရာဇဝတ်မှု များ ကျုးလွန်နေကြသူ များဟု သိထားသူများကိုပင် ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ဖို့ ဝန်မလေးကြ သူများ ဖြစ်သည်။

 

‌"လောဘ နှင့် ရက်စက် ကြမ်းကြုပ် မှု များသည် မာဖီယား တို့၏ မွေးရာပါ ဝိသေသ လက္ခဏာများ ဖြစ်သည်" ၊ ၎င်းတို့၏ လုပ်ငန်းများ အတားအဆီး ဖြစ်လာသည့် အခါ စောင့်ထိန်းလိုက်နာပါမည် ဆိုသော ကျင့်ဝတ်များ ကို လျစ်လျူရှုရန် ဝန်မလေးကြတော့" ဟု အီတလီ သမိုင်း ပညာရှင် ဆာဗာတိုး လူပိုက History of the Mafia" စာအုပ်တွင် ရေးသားထားခဲ့သည်။

 

စစ်အုပ်စု သည် ၎င်းတို့အား ဆန့်ကျင်နေသူ များ အား ပြစ်ဒဏ် ခတ်နိုင်ရန် ပြည်သူပြည်သား များကိုပင် ဗုံးကြဲ သတ်ဖြတ်ပစ်ဖို့ ဝန်မလေးကြတော့၊ ၎င်းတို့ ရှင်သန် နိုင်ရေး အတွက် လုပ်သင့် လုပ်ထိုက်သည့် ကိစ္စဟုပင် သဘောထားလာကြသည်။

 

တိုင်းပြည်၏ စီးပွားရေး လုပ်ငန်းများအားလည်း နောက်ကွယ် မှ ကပ်ပါးသဖွယ် စုပ်ယူ‌နေကြခြင်း ကြောင့် လုံး ပါး ပါးလာနေရသည်။

 

ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် တိုးတက်ရာ တိုးတက်ကြောင်းများကို ချ နင်းပစ်ခဲ့ကြသည်။ နောင်ခါ နောင်လာ‌ ဈေး လောလောဆယ် အတိုက်အခံများကို ချေမှုန်းဖို့သာ စိတ်ကူးနေသူ များ ဖြစ်သည်။ တခုခု လုပ်နေသလို အကြောင်းပြ နိုင်ဖို့ ကော်မတီ အမျိုးမျိုး ဖွဲစည်းဖို့ကိုတော့ မမေ့မလျော လုပ်ကိုင်နေတတ်သည်။

 

ထိုအတွက် ကိုယ့်ဖဲ ကိုယ်ချိုး ကိုယ်ဝေရွေးကောက်ပွဲ ဖြင့် ပေါ်ထွက်လာမည့် လူများသည်လည်း ဘောင်းဘီချွတ် ပုဆိုး ပြောင်းဝတ်မည့် သူများသာ ဖြစ်၍ Mafia Presidency သာ ဖြစ်လာဖို့ ရှိနေပေသည်။

 

မြန်မာစစ် အုပ်စု က ပြုလုပ်မည့် ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနှင့် အားလုံးပါဝင်မှု စံချိန်စံနှုန်းများနှင့်မကိုက်ညီဟု ပြင်သစ်အစိုးရက ၂၀၂၀ ရွေးကောက်ပွဲ ငါးနှစ် မြောက်‌ နေ့ အဖြစ် ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ 

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!