စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှန်က ပါဝင်ပတ်သက်နေသူ များ နှင့် "အပြုသဘော ဆွေးနွေးပွဲများ မရှိဘဲ" လုပ်မည်ဆိုက မိမိတို့ဖက်မှ ယုံကြည်စရာ မရှိ၊ မြန်မာ ပြည်သူများ၏ ဆန္ဒကို ထင်ဟပ်ခြင်း ရှိမည် မဟုတ်ဟု ယူဆကြောင်း စင်္ကာပူ၏ သဘောထားကို တရားဝင် ပြောဆိုလိုက်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံ အတွင်း ဖြစ်ပျက်နေသည်များ နှင့် စပ်လျင်း၍ စင်္ကာပူ ပါလီမန် အမတ်တဦး၏ အမေးကို စာဖြင့် ပြန်လည် ရေးသား ဖြေကြားရာတွင် ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်းပြီး ငါးနှစ် ရောက်လာသည့် တိုင် မြန်မာနိုင်ငံ၏ အခြေအနေမှာ ဆိုးရွားနေဆဲ ဖြစ်သည်။ ပြည်တွင်းစစ်သည်လည်း အရှိန်မလျော့ဘဲ ဖြစ်ပွားနေသဖြင့် နိုင်ငံသည် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက် လျက်ရှိကြောင်း ဖော်ပြထားပါသည်။
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ကလည်း ဒုက္ခသုက္ခ များ ခံစားနေရသော မြန်မာ ပြည်သူများ အား မေ့လျော့မနေကြဖို့ နိုဝင်ဘာ ၅ ရက်နေ့ ပရိသတ် နှင့် တွေ့ဆုံပွဲ အပြီးတွင် နိုင်ငံတကာ အသိုက်အဝန်းအား ယခုလို ပြောဆို ခဲ့ခြင်း ဖြစ်သည်။ ၎င်းအနေဖြင့်လည်း ဆုတောင်း မေတ္တာ ပို့ပေးနေပြီး အားလုံးလည်း ဝိုင်းဝန်း ဆု တောင်း ပေးကြပါရန်လည်း တိုက်တွန်းသွားသည်ဟု ဗာတီကန် သတင်း တွင် ဖေါ်ပြ ထားသည်။
စစ်အုပ်စု သည် ၎င်းတို့ အာဏာ သိမ်းမှု နှင့် အတူ ပြည်သူများ၏ စိတ်ဓါတ် ကို ကြိုး အထပ်ထပ် ဖြင့် ချည် နှောင် ထားခဲ့ရာ မှ ယခုအခါ အတုအယောင် ရွေးကောက်ပွဲ ဖြင့် သံကြိုးအထပ်ထပ်ပတ်၊ သော့ခလောက် ကြီး ခပ်ကာ သော့ကို တနေရာ သို့ အပြီးအပိုင် လွှင့်ပစ်ရန် ကြံစည်လာသည်။
ရွေးကောက်ပွဲ ကား တဖြေးဖြေး နီးလာသော်လည်း မည်သူမျှ စိတ်မဝင်စား၊ မဲထည့်ချင်စိတ်မရှိ ဖြစ်လာ နေသည် ကို သိမြင်လာကြသည်၊ မဲခိုးစရာ မလိုအောင် ၎င်းတို့ကို ပခုံးချင်း ယှဉ်လာနိုင်မည့် လူများ ထဲမှ စိတ်မချရသူ များကို လည်း ရှင်းထုတ် နေပြီ ဖြစ်သည်။ ပြည်သူများကတော့ ၎င်းတို့ဖက်က ပြီးသည်နှင့် မည်သို့ မည်ပုံ နှစ်ပေါက်တပေါက် ရိုက်လာမည်ကိုသာ စောင့်ကြည့်နေကြသည်။
၎င်းတို့ အမျှော်လင့်ကြီး မျှော်လင့်ထားသော အာဆီယံ ကလည်း အင်းမလှုပ် အဲမလှုပ် ဖြစ်နေသည်၊ တရုတ်၊ ကု လား၊ ရုရှား တို့ နှင့် သာ နှစ်ပါးသွားရဖို့ ရှိနေ၍ လက်ရှိ အခြေအနေထက် မည်သို့မျှ တိုးတက်မလာ ဖြစ်နေ၍ စိုးရိမ်တကြီး ဖြစ်လာနေသည်။
ထို့အရေး ကို သက်သာလို သက်သာငြား၊ ၎င်းတို့၏ သိက္ခာကို အဖတ်ဆယ်၍ ရလို ရငြား ဂမူး ရှုးထိုး လုပ်လာသည်က မြဝတီ ရှိ ကေကေ ပတ်ခ် ကို ဒိုင်းနမိုက် ဖြင့် ထပ်၍ ဖေါက်ခွဲ ဖျက်ဆီးလိုက်ပြန်သည်။ ယခုအထိ အဆောက်အအုံပေါင်း ၂၅၀ ရှိသည့်အနက် ၂၄ လုံးကို ဖေါက်ခွဲ ဖျက်ဆီးလိုက်သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။
မင်းအောင်လှိုင်က ကျားဖြန့်လုပ်ငန်းအားလုံးသည် ၎င်းတို့ သစ္စာခံ စောချစ်သူ ၏ BGF နှင့် မဆိုင်ဘဲ ကေအင်ယူ ပိုင် အဖြစ် ဝါဒ ဖြန့်နေပြန်သည်။ ထိုသို့ လိမ်ညာ မှု များ ကလည်း ၎င်းတို့ အပေါ် ပို၍ ယုံကြည်မှု ကင်းမဲ့လာဖို့သာ ရှိသည်။
အပေးအကမ်း ရက် ရော လွန်းလှ၍ မင်းအောင်လှိုင်မှ နေပြည်တော်တွင် အခမ်းအနားဖြင့် သီရိသုဓမ္မာ မဏိဇောတရ ဘွဲ့ ချီးမြှင့်ထားသော ကိုးကန့်ရှိ ကျားဖြန့် ခေါင်းဆောင် လျိုကျန်ချိ ခေါ် မောင်မောင် ဆိုသူ အား တရုတ် မှ သေဒဏ် ချမှတ်ပြီး လူမြင်ကွင်း တွင် ကွပ်မျက်ခံရတော့မည် ဖြစ်သည်။ ထိုမျှမကသေး လျိုကျန်ချိအား ကိုးကန့်ဒေသ ကုန်းကြမ်းမြို့နယ်ရှိ မြန်မာလူငယ် ဖွံ့ဖြိုးရေး အသင်း ဥက္ကဌ အဖြစ်ပင် ခန့်အပ်ပြီး ချီးမြှောက်ခံခဲ့ရသူ ဖြစ်သည်။
နိုင်ငံတကာ က ယုံကြည်မှု ကင်းမဲ့လာသော ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ် ပြိုင်ရန် ပြင်ဆင် နေသည့် စစ်ကောင်စီ ၏ အဖွဲ့ဝင် ဖြစ်ခဲ့ သော ခင်မောင်ဆွေ၏ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ အား ဖျက်သိမ်းခဲ့ပြန်၍ ထိုပါတီ မှ အခွင့်အာဏာ လက်လွတ် မခံနိုင် မက်မော နေကြသော နိုင်ငံရေး သမား ဆိုသူ ၃၅ ဦးသည် ကိုကိုကြီး၊ သက်သက်ခိုင် ပါတီ၊ ရှမ်း အမျိုးသား ပါတီ များ ဖက် ရောက်သွားပြီး ထိုပါတီ အောက်တွင် ရွေးကောက်ပွဲ ဝင်ကြရတော့မည် အဖြစ်ကို သနားစဖွယ် တွေ့မြင် နေရသည်။ အောက်တိုဘာ ၂၅ ရက်တွင် ရွေးကော်မှ ကိုယ်စားလှယ် ၈၆ ဦး အား အမည်စာရင်းမှ ပယ်ဖျက် ကြောင်း ကြေညာချက် ထုတ်ပြန်လာသည်။။
၎င်းတို့ အချင်းချင်း ကြားတွင်ပင် အခြေအနေများက ရှူပ် ထွေး လာနေပြီ ဖြစ်သည်။ မည်သူမျှ လာမကြည့် သော ပွဲ က ရန် ဇာတ်ခုံနောက်တွင် အချင်းချင်း သူ က မည်၊ ငါ က မည် နှင့် ရန်ဖြစ်နေကြခြင်း မျိုးသာ ဖြစ်သည်၊ ကြံ့ဖွတ် ပါတီ တွင်လည်း မင်းအောင်လှိုင်က သူ အလိုမရှိ တော့ သော ဗိုလ်ချုပ်ဟောင်း များကို အတင်း ထိုးလွှတ်နေ၍ မကျေမနပ် ဖြစ်လာကြပြန်သည်။ ဗိုလ်နေဝင်း ခေတ်က ထိုကဲ့သို့သော လူများကို ပြည်ပသို့ သံအမတ် အဖြစ် လွှတ်တတ်သော်လည်း ယခုအခါ ၎င်းတို့ ခန့်မည့် သံအမတ် အသစ်များကို မည်သူမှ လက်မခံ၍ ကြံ့ဖွတ်ထဲ ချောင်ထိုးလာရခြင်း ဖြစ်သည်။
ယခု အချိန်အထိ ရုပ်ရှင် ဂီတ အနုပညာရှင်များ အပါအဝင် အလွှာအသီးသီး မှ အသက် ၁၅ နှစ်သားပါမကျန် ရွေးကောက်ပွဲ ကို ဝေဖန် ပြောကြားသည် ဆိုကာ ဖမ်းဆီးခံရသူ ပေါင်း ၉၀ ကျော် ရှိသွားပြီ ဖြစ်သည်။
အနူ တော တွင် လူချော လုပ်ချင်သူများ၏ ပါတီ ဆိုင်းဘုတ်များ အောက်တွင်ပင် ရဲ အစောင့် အရှောက်များ ချထားပေးရသည့် အဖြစ် ရောက်လာနေသည်။
အကြောင်းတိုက်ဆိုင်၍ ၂၀ ရာစုတွင် လွှမ်းမိုးမှုအရှိဆုံးသော ဂျာမန် ပြဇာတ်ရေးဆရာ၊ ကဗျာဆရာကြီး ဘာတော့ ဗရက်ရှ် ပြောခဲ့သည့် အဆိုအမိန့်ကို တင်ပြလိုပါသည်။
"အမှန်ကို မသိသူများသည် လူ အ များသာ ဖြစ်သည်။ သို့သော် အမှန်ကို သိပါလျက် နှင့် လိမ်ညာနေသူ များ သည် ရာဇဝတ်သားများသာ ဖြစ်သည်"
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!