အီကောနော်မစ် မဂ္ဂဇင်း က တရုတ် - ဝ ဆွေးနွေးပွဲ မှတ်တမ်း ဖွင့်ချ လိုက်ပြီ

by Hla Soewai - Nov 10 2025

တရုတ်သည် မြန်မာ အရေး တွင် ၎င်းတို့ ၏ အားပြင်းသော နိုင်ငံရေး လက်နက် ကို ထုတ်သုံးပြီး ၎င်းတို့ အလိုကျ ဖြစ်ရန် အတင်းအကျပ် စီမံလာပြီ ဟု အစချီကာ ယခုလို ဖွင့်ချ ရေးသားလာခဲ့သည်။

 

စစ်အာဏာသိမ်းမှု ၏ ရလဒ် အဖြစ် မြန်မာတွင် ပြည်တွင်း စစ်ကြီး နှင့် ရင်ဆိုင်လာခဲ့ရသည် မှ လေး နှစ် ကျော်လာခဲ့ပြီ ဖြစ်သည်။ ထိုအချိန်မှစ၍ စစ်အုပ်စု ကို တွန်းလှန်ရန် တော်လှန်ရေး အဖွဲ့ ရာ နှင့် ချီ ၍ ထွက်ပေါ်လာပြီး တခါတရံ အချင်းချင်း ပွတ်တိုက် မှု များ ရှိလာ၍ လက်ရှိတွင် အခြေအနေ များက ရှုပ်ရှုပ်ထွေးထွေး နှင့် ရှေ့မတိုး နောက်မဆုတ် ဖြစ်လာနေသည်။

 

အနောက်အုပ်စု က ထို‌အရေး ကို လက်ရှောင်နေကြဆဲ ဖြစ်သည်။ သို့သော် မြန်မာ နှင့် ကီလိုမီတာ ၂,၀၀၀ ခန့် ထိစပ်နေသော တရုတ်က တော့ ထိုသို့မဟုတ်၊ ၎င်းတို့၏ ကုမ္ပဏီ များသည် မြန်မာ၏ မြေရှားသတ္ထုများ ထုတ်ယူ‌ရန်၊ ဓါတ်ငွေ့ နှင့် ရေနံများကို ဘင်္ဂလား ပင်လယ်အော် မှ ယူနန်သို့ ပို့ဆောင်ပေးနေသည့် ပိုက်လိုင်းများ အစရှိသည့် လုပ်ငန်းများ တွင် ဒေါ်လာ ဘီလီယံ ပေါင်း များစွာ ရင်းနှီးမြုပ်နှံနေကြ၍ ထိုအကျိုးစီးပွားများ လုံခြုံစိတ်ချရရေး ကို အာမခံနိုင်မည့် ရလဒ်မျိုး ပုံဖေါ်နိုင်ရန် ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။

 

တရုတ် တို့ မြန်မာအား မည်သို့ မည်ပုံ ဩဇာလွှမ်းမိုး နိုင်အောင် လုပ်လာခဲ့ပုံ ကို မကြာမီက အီကောနော်မစ် လက်သို့ ရောက်ရှိလာခဲ့သည့် အစည်းအဝေး မှတ်တမ်း များကို လေ့လာလျင် နားလည် သဘောပေါက်နိုင်မည် ဖြစ်သည်။ တရုတ် သံတမန် များ နှင့် ဝ တပ် USWA အကြား ဆွေးနွေးခဲ့သည့် အစည်း အဝေး မှတ်တမ်းပင် ဖြစ်သည်။ ဝ တို့ ဖက်မှ ထို မှတ်တမ်း ကို မဟာမိတ် တော်လှန်ရေး အဖွဲ့များကို ဝေငှခဲ့ရာမှ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားပုံ ရသည်ဟု တရုတ်၊ မြန်မာ အရေး ကျွမ်းကျင်သူ ဂျေဆင် တာဝါက ထောက်ပြခဲ့သည်။

 

တရုတ် သံတမန် တို့ ပါဝင်သည့် ‌ဆွေးနွေးပွဲ များ တွင် ပြောဆိုခဲ့သည်များကို တလုံးမကျန် မှတ်တမ်းပြုစု ထားခြင်းက အင်မတန် ရှားရှားပါးပါး ဟု ဆိုရပေမည်။ ဂျေဆင် တာဝါ အပါအဝင် ကျွမ်းကျင်သူများက အစစ်အမှန် ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန နှင့် ဝ အဖွဲ့ကမူ မှတ်ချက် တစုံတရာ မပေးခဲ့။ မြန်မာ မီဒီယာများ တွင် တွေ့ဆုံခဲ့မှု အကြောင်း ဖေါ်ပြထားပြီး ဖြစ်၍ နှစ်ဖက်စလုံး က ငြင်းဆိုခဲ့ကြခြင်း မရှိပေ။

 

ထိုစာရွက် စာတမ်းများတွင် တရုတ်တို့၏ အကြမ်းတမ်းဆုံး သံခင်းတမန်ခင်းကို ရှင်းလင်း ထင်ရှားစွာ တွေ့လာရသည်။

 

ထိုအစည်းအဝေးသည် တိုင်းရင်းသား တော်လှန်ရေး တပ်များ ၁၀၂၇ ဟု အမည်ပေး ထားသော စစ်ဆင်ရေး ဖြင့် ရှမ်းမြောက်‌‌ဒေသတွင် အောင်ပွဲများ အလီလီ ရရှိလာနေချိန် ဖြစ်သည့် ၂၀၂၄ ဩဂုတ်လ အတွင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုစစ်ဆင်ရေးသည် ထူးထူးခြားခြား အကျအန ညှိနှိုင်းပြီး ထိထိရောက်ရောက် ဆင်နွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။ ထွက်ပေါ်လာသော အင်အား နှင့် နယ်မြေ အဆုံးအရှုံး များ အတွက် တရုတ်တို့ အထိတ်တလန့် ဖြစ်လာခဲ့ကြသည်။

 

ပေါက်ကြားလာသော မှတ်တမ်းတွင် တရုတ်တို့ဖက်က ပြောဆို တုန့်ပြန်လာသည်များ အသေးစိတ် ပါရှိလာသည်။ တရုတ် အထူးသံတမန် တိန်ရီချွန်းသည် ဝ တို့အား MNDAA နှင့် ပူးပေါင်း ဆောင်ရွက်နေမှုများ ရပ်တန့်ရန် အမိန့်ပေးလာသည်၊ MNDAA သည် အပြောတမျိုး အလုပ်တမျိုး လုပ်သည့် "two-faced" များ ဖြစ်သည်ဟု ပြောလာသည်။ MNDAA သည် မိမိတို့၏ အမိန့်ကို နာခံချင်ဟန် ဆောင်နေပြီး "တဖက်တွင် သဘောကွဲလွဲစရာများ ဖန်တီးလာသည်" ဟု ဆိုသည်။ စစ်အုပ်စု ထံမှ လားရှိုးကို သိမ်းယူ ခဲ့ခြင်းကြောင့် မိမိတို့၏ ကုန်သွယ်ရေး ကို အနှောက်အယှက် ဖြစ်အောင် လုပ်ခဲ့သည့် အတွက် မဖြစ်မနေ အပြစ်ပေး အရေးယူသွားမည်ဟုလည်း ပြောခဲ့သည်။

 

MNDAA သည် အမေရိကန် နှင့် အနောက်အုပ်စုက ထောက်ခံမှု ပေးနေသည့် နိုင်ငံတွင်းက ဒီမိုကရေစီ လိုလားသော အုပ်စုများ နှင့် မဟာမိတ် လုပ်နေသည်ပြီး "စစ်အုပ်စု ကို ပြိုလဲရန် ဦးဆောင်ဦးရွက် ပြုနေသည်" ဟု စွပ်စွဲလာသည်။ လားရှိုး ကို သိမ်းပိုက်လိုက်ခြင်း သည် အမေရိကန် နှင့် အနောက်အုပ်စု ပါဝင်ပတ်သက်လာအောင် နေရာထိုင်ခင်း ဖန်တီးပေးခြင်းဖြင့် နိုင်ငံအား မင်းမဲ့တိုင်းပြည် ပုံစံ ဖရိုဖရဲ ဖြစ်သွားအောင် လုပ်သလို ဖြစ်လာနေသည်ဟု အကြောင်းပြလာခဲ့သည်။

 

MNDAA လုပ်ရပ်များ အတွက် ၎င်းတို့ကို "ဖြတ်ငါးဖြတ်" ဖြင့် ပြစ်ဒဏ်ခတ်နေပြီဟု တိန်ရီချွန်း က ဆိုသည်။ ဖြတ်ငါး ဖြတ် ဆိုသည်က မီး၊ ရေ၊ အင်တာနက်၊ လူ အဝင်အထွက် နှင့် ကုန်စည် စီးဆင်းမှု များ ဖြတ်တောက် ပစ်ခြင်း ဖြစ်သည်။ (မြန်မာ ပြည်တွင်းစစ်တွင် ပတ်သက်နေသူများသည် အတိုင်းအတာ တခုထိ တရုတ် နှင့် ကုန်သွယ်ရေးတွင် ပတ်သက်နေကြသည်)၊ တိန်ရီချွန်းက MNDAA ခေါင်းဆောင်များကို အရေးယူဖို့ ရှိနေသည်ဟု သတိပေးခဲ့ပြန်သည်။ ဝ များလည်း MNDAA ကို ဆက် ကူညီနေမည် ဆိုက ထိုကဲ့သို့ အရေးယူခံရမည် ဟု ပြောလာပြန်သည်။

 

နောက်ပိုင်းတွင် ဖြစ်ပျက်လာမှုများကို ကြည့်ခြင်းဖြင့် တရုတ်၏ ပြင်းထန်သော ဖိအားပေး မှု နည်းလမ်း များ အောင်မြင်ခဲ့သည်ကို တွေ့လာရသည်။ တိန်ရီချွန်း ပြောပြီး မကြာမီ မှာပင် MNDAA ခေါင်းဆောင် ပန်းဒါရင်သည် တရုတ်သို့ ရောက်ရှိနေစဉ် အတွင်း အထိမ်းသိမ်း ခံခဲ့ရသည်။

 

MNDAA သည် စစ်အုပ်စု နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် တိန်ရီချွန်း ပြန်ပေါ်လာသည်။ "နှစ်ဖက်စလုံးက ထိုသို့ ရလဒ် ကောင်းများ ထွက်ပေါ်လာအောင် စီစဉ်ပေးခဲ့သည့် အတွက်" ကျေးဇူးဥပကာရ တင်နေကြကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောလာပြန်သည်။ ယင်းနှင့် အတူ MNDAA လည်း လားရှိုး အပါအဝင် သိမ်းပိုက်ထားသော နယ်မြေ အချို့တဝက်မှ ပြန်ဆုပ်ပေးခဲ့ရသည်။

 

ယခုအခါ MNDAA သည် ၎င်းတို့ နယ်မြေများကို ဖွံ့ဖြိုးအောင် လုပ်ဖို့သာ အာရုံစိုက်နေသည်။ လောက်ကိုင်တွင် အနည်းဆုံး ယွမ် ငါးသိန်း (ဒေါ်လာ ၇၀,၀၀၀) ရင်းနှီး မြုပ်နှံမည့် တရုတ် နိုင်ငံသားများကို အမြဲတမ်း နေထိုင်ခွင့် ပေးမည်ဟု ကမ်းလှမ်းလာသည်။ ဤသည်ကလည်း တရုတ် နိုင်ငံသားများ နှင့် ဒွေးရောယှက်တင် ဖြစ်လာက စစ်အုပ်စု ၏ ဗုံးကြဲ တိုက်ခိုက်မည့် ရန်မှ ဟန့်တား နိုင်မည်ဟု ယုံကြည်ထား၍ ဖြစ်သည်။

 

ဝ တို့ကလည်း တရုတ်တို့၏ မက်ဆေ့ခ်ျကို ကောင်းစွာ သဘောပေါက်ထားပုံရှိပြီး တရုတ်တို့ လက်တုန့်ပြန်လာမည်ကို ကြောက်ပြီး MNDAA အား နောက်ထပ် ပံ့ပိုး မှုများ လုပ်တော့မည် မဟုတ်ဟု ဆိုရှယ်မီဒီယာ မှ ကြေညာလာခဲ့သည်။

 

တရုတ်သည် စစ်အုပ်စု၏ ရန်သူများကိုသာ ပစ်မှတ်ထားပြီး ဝင်ရောက်စွက်ဖက်ခဲ့သည်သာမက ယခင်က နယ်ခြားစောင့် တပ်များအားလည်း ကျားဖြန့် ဂိုဏ်းများကို အရေးယူရန် ပျက်ကွက်ခဲ့သည့် အတွက် အလားတူ အပြစ်ဒဏ် မျိုး ချမှတ် အရေးယူခဲ့ပြီး ဖြစ်သည်။

 

ဤသည်ကို ကြည့်၍ အကြမ်းဖျင်း ပြော၍ ရသည်က တရုတ်သည် မြန်မာ နိုင်ငံ အတွင်း မည်သူက မည်သည့် နယ်မြေများကို ထိန်းချုပ်ထားသည် ဆိုသည်ထက် ၎င်းတို့၏ နယ်စပ်ဒေသ တည်ငြိမ်ဖို့ နှင့် ကုန်သွယ်ရေး စီးဆင်းနေဖို့ကိုသာ ပိုပြီး စိတ်ဝင်စား နေသည်ဟု ပြော၍ ရပေသည်။

 

သို့သော် ၎င်းတို့၏ လုပ်ရပ်များသည် ပဋိပက္ခ၏ လမ်းကြောင်းကို ပြောင်းလဲသွား စေ ခဲ့သော်လည်း၊ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို မဖြစ်မနေ အလျင်အမြန် ပေါ်ပေါက်စေမည့် ပုံစံမျိုး တော့မဟုတ်ဟု နိုင်ငံတကာ သိစေရန် ဖွင့်ချ ရေးသားခဲ့သည်။

 

တရုတ်သည် (၁) ၎င်းတို့၏ စီမံကိန်းများ အမြန် အကောင်အထည် ဖေါ်ပေးရန် (၂) ထိုလုပ်ငန်းများအား ကာကွယ်ပေးရန် ၎င်းတို့၏ လက်နက်ကိုင်များ ဝင်ရောက်ခွင့်ပြုရန် (၃) နိုင်ငံတွင်း လာရောက်လုပ်ကိုင်နေသော တရုတ် နိုင်ငံသား များ လုံခြုံရေး အတွက် အကာအကွယ်ပေးရန် ဟု ဗြောင်ကျကျ တောင်းဆိုလာမှုသည် မြန်မာတို့၏ အချုပ်အခြာ အာဏာကို မည်မျှအထိ မခန့်လေးစား သဘောထားကြောင်း ပေါ်လွင်လျက် ရှိသည်။ 

 

မင်းအောင်လှိုင်ကတော့ စီမံကိန်းများ အကောင်အထည် ဖေါ်ရန် ၎င်းကိုယ်တိုင် ဦးဆောင်ပြီး ဖွဲ့စည်းပေးလိုက်ရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!

 

(၂၀၂၅ နိုဝင်ဘာ ၆ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ "What a leaked transcript reveals about China’s muscular statecraft" ကို ပြန်လည် တင်ပြသည်။)