မေမေကို ပထမဆုံး အကြိမ် အကျယ်ချုပ် ချထားဖို့ လာရောက် ဖမ်းဆီးစဉ်က ကျွန်တော် ဆယ့်တနှစ် အရွယ်သာ ရှိသေးသည်၊ ထိုအချိန်က ကျွန်တော် မေမေ နှင့် အတူ ရှိနေခဲ့သည်။ စစ်သားများ ရောက်လာပြီး ကျောင်းသားလူငယ်များ အား ခေါ်ထုတ်သွားကြသည်ကို မှတ်မိနေပါသေးသည်။ ယင်း နှင့်အတူ မေမေသည်လည်း ပြင်ပ လောကကြီး နှင့် အဆက်ပြတ်သွားခဲ့ရသည်။ သို့သော် ကျွန်တော်အဖို့က နောက်ပိုင်း ရက်သတ္တပတ် အတန်ကြာ ဒေါ်အောင်ဆန်းစုကြည် ဆိုသည့် မေမေကို ကျွန်တော် တဦးတည်း ပိုင်ဆိုင်ခွင့် ရသွားခဲ့သည်။
ယခု ကျွန်တော် အသက် ၄၈ နှစ် ရှိလာခဲ့ပြီး မေမေသည်လည်း စစ်အာဏာသိမ်းပြီး အဖမ်းခံခဲ့ရမှု နှင့်ယခင်ထက် အပုံကြီး ဆိုးဝါးလာနေသော အခြေအနေ နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ မေမေသည် ရှားရှားပါးပါး ရလာခဲ့သော လွတ်လပ်သည့် ရွေးကောက်ပွဲ တွင် မဲအရေအတွက်၏ ၈၂ ရာနှုန်းဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး နောက် သုံးလ အတွင်း အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။
အသက် ၈၀ ရှိလာပြီ ဖြစ်သည့် မေမေသည် ယခုအခါ နှလုံး၊ သွားဖုံး နှင့် အရိုး ရောဂါများ ခံစားလာရပြီ ဖြစ်သည်။ ယခင် အကျဉ်းချ ခံရစဉ်က အိမ်တွင်ပင် နေခွင့် ရခဲ့ပြီး မိသားစု နှင့် အဆက်အသွယ် ရခဲ့သည်များ ရှိခဲ့သော်လည်း ယခုအခါ မည်သည့်နေရာ တွင် ရှိနေမှန်းပင် မသိရတော့။ ယခင်က ဖေဖေ၊ အကို ဖြစ်သူ နှင့် ကျွန်တော်တို့ အတူတူ ခရစ်စမတ် အတူ ဆင်နွှဲခွင့် ရခဲ့ဖူးသေးသည်။
ယခု အခါတွင် တော့ မိတ်ဆွေ၊ မိသားစုဝင် တဦးတလေမျှ တွေ့ခွင့်မရတော့၊ မေမေထံမှ စာတိုလေး တစောင်သာ ကျွန်တော် ရရှိခဲ့ဖူးသည်။ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော အမျိုးသမီးကြီး တဦးအား အသက်ရှင်လျက်နှင့် နှုတ်ပိတ်ထားခြင်းသည် တရားမျှတမှု ကင်းမဲ့နေသည့် အပြင် ဂုဏ်သိက္ခာ မဲ့သော လုပ်ရပ်လည်း ဖြစ်သည်။ ထိုကဲ့သို့ ရက်စက်စွာ ဆက်ဆံနေမှုသည် စစ်အုပ်စု၏ သရုပ်မှန်ကို ပြဆိုနေခြင်းပင် ဖြစ်သည်။ မေမေကို စွဲဆိုထားသော အမှု များသည်လည်း လုပ်ကြံ လီဆယ်ထားခြင်းသာ ဖြစ်သည်။ မေမေကို ဖမ်းဆီးထားခြင်းသည် စစ်အာဏာရှင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုက အာဏာကို ဆုပ်ကိုင်ထားရန်အတွက် ပြုလုပ်သော ကောက်ကျစ်စဉ်းလဲသည့် ပရိယာယ်ဖြစ်သည်။
မြန်မာ ရှိ အကျဉ်းထောင်များ၏ အခြေအနေသည် အလွန်တရာ ဆိုးဝါး ကြောက်မက်ဖွယ် ကောင်းလှပြီး လူ့အခွင့် အရေး အဖွဲ့များ အဆိုအရ တလ လျင် နိုင်ငံရေး အကျဉ်းသား နှစ်ဦး ခန့် သေဆုံးနေသည်။ ကျွန်တော်၏ မိခင်အား ဆေးကုသခံခွင့် မပေးခဲ့ကြသည့် အပြင် စကားပြောခွင့် အပါအဝင် အခြေခံ လူ့ အခွင့်အရေး များပင် မရပဲ ဖြစ်နေသည်။ မေမေ အသက်ကြာကြာ ရှင်နိုင်ပါတော့မလားဟု ကျွန်တော် စိုးရိမ်နေမိသည်။ ကျွန်တော် အဖို့ မျှော်လင့်နိုင်သည်က မေမေ လွတ်မြောက်ပြီး ဆေးကုသခွင့်ရဖို့၊ ကျွန်တော်နှင့် နောက်တကြိမ် ပြန်ဆုံနိုင်ခွင့် ရဖို့ပင် ဖြစ်သည်။
ကျွန်တော်၏ ပန်ကြားချက်သည် ပုဂ္ဂိုလ်ရေး အရသာ မဟုတ်၊ ကိုယ်ကျင့်တရား နှင့်လည်း သက်ဆိုင်နေပါသည်။ အမှန်တရား၊ တာဝန်ခံခွင့် နှင့် လွတ်လပ်စွာ ပြောဆို နိုင်ခွင့် မရှိ ဖြစ်နေသည့် သန်း ၅၀ သော မြန်မာ ပြည်သူ များ အတွက်လည်း ဖြစ်သည်။ နိုဝင်ဘာ ၈ ရက်နေ့သည် လွတ်လပ်သော ရွေးကောက်ပွဲ ဖြင့် မေမေအား နိုင်ငံ၏ ခေါင်းဆောင်တဦး အဖြစ် ရွေးချယ် တင်မြှောက်ခဲ့ကြသည့် နေ့လည်း ဖြစ်သည်။ ယခုအခါ စစ်အုပ်စုသည် သူမအား ဖြုတ်ချပြီး အတုအယောင် ရွေးကောက်ပွဲအား ဒီဇင်ဘာလ အတွင်း ပြုလုပ်ပြီး ၎င်းတို့၏ အုပ်ချုပ်ရေးကို တရားဝင်လာသယောင် ဖြစ်ရန် ကြိုးပမ်းနေပြီ ဖြစ်သည်။ ထိုအရေး အတွက် ကမ္ဘာကြီးသည် နှုတ်ဆိပ် မနေမှ ဖြစ်မည်။
အာဏာသိမ်းပြီး ကတည်းက စစ်အုပ်စု သည် လူထု အပေါ် အကြောက်တရား ကမ်ပိန်းကို မညှာမတာ အတောမသတ် ဆင်နွှဲလာခဲ့သည်။ ကျေးရွာများကို မီးတိုက်ခဲ့သည်၊ အရပ်သား ပြည်သူများကို သတ်ဖြတ် ကွပ်မျက်ခဲ့ကြသည်။ ကလေး သူငယ်များကို ပစ်မှတ်ထားလာခဲ့သည်။ လူ ၆,၀၀၀ ခန့် သေဆုံးခဲ့ရပြီး နိုင်ငံရေး အကျဉ်းသား အဖြစ် လူ ၂၂,၀၀၀ ခန့် လှောင့်ချိုင့်ထဲ ထည့်ထားခဲ့သည်။ ကုလသမဂ္ဂ ကပင် မြန်မာ နိုင်ငံ၏ အခြေအနေသည် အဆိုးဝါးဆုံးသော လူသားတို့ ရင်ဆိုင်နေရသည့် အကျပ်အတည်း ကြီးဟု ဖေါ်ပြခဲ့သည်။ ဝမ်းနည်းဖို့ ကောင်းသည်က ထိုသို့ အုပ်ချုပ်နေသူ များ၏ ခွင့်ပြုချက်ဖြင့် ကျူးလွန်နေသော အကြမ်းဖက်မှု များကို နိုင်ငံတကာ အသိုက်အဝန်းက အားပေး ကူညီနေခြင်းပင် ဖြစ်သည်။
၂၀၂၁ ဧပြီလ တွင် မင်းအောင်လှိုင်သည် အာဆီယံ၏ နိုင်ငံတွင်း သွေးထွက်သံယိုမှု များ အဆုံးသတ်ပြီး စေ့ဆပ် ဆွေးနွေးရေး လမ်းကြောင်းပေါ် ရောက်ရန် ချမှတ်ခဲ့သော ဘုံသဘောတူညီချက် ငါးရပ်ကို သဘောတူခဲ့သူ ဖြစ်သည်။ ထို ငါးချက်သည် အကြမ်းဖက်မှု များ ရပ်တန့်ရေး၊ အားလုံးပါဝင် တွေ့ဆုံ ဆွေးနွေးရေး၊ အထူး သံတမန်အား ဖြန်ဖြေခွင့် ပေးရေး၊ လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများ ပေးခွင့်ပြုရေး၊ အထူးသံတမန် အား သက်ဆိုင်သူများ အားလုံးနှင့် တွေ့ခွင့်ပေးရေး တို့ ဖြစ်သည်။ မင်းအောင်လှိုင်သည် မည်သည့် အချက်ကိုမျှ လိုက်နာခဲ့ခြင်း မရှိ၊ အကြမ်းဖက်မှုများ တိုးသည်ထက် တိုးလာပြီး၊ အကူအညီများအားလည်း ပိတ်ဆို့ထားခဲ့ပြန်သည်။ ကျွန်တော်၏ မိခင် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး အကျဉ်းချ ခံနေရဆဲ ဖြစ်သည်။
ပြီးခဲ့သည့် လ အာဆီယံ ထိပ်သီးအစည်းအဝေးတွင်ခေါင်းဆောင်အားလုံးက အချက် ငါးချက်ကိုပင် မြန်မာ အကျပ်အတည်း ဖြေရှင်းရေး အတွက် လုပ်ငန်း ဘောင် အဖြစ် ထပ်မံ အတည်ပြုခဲ့ကြသည်။ လက်ရှိ စစ်အုပ်စု မှ ပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားဝင်မှု ရှိမည် မဟုတ်ဟု ထပ် ပြောခဲ့ကြသည်။ ထို ရပ်တည်ချက်ကို စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီရှားတို့က ဦးဆောင်လာခဲ့ခြင်းကပင် ၎င်းတို့၏ ဒီမိုကရေစီ လမ်းပြမြေပုံ ဆိုသည်က အဖြေ မဟုတ်ဘဲ အလိမ်အညာသာ ဖြစ်သည်ကို ပို၍ သဘောပေါက်လာကြောင်း ထင်ဟပ်ပေါ်လွင်စေခဲ့သည်။
ထိုရပ်တည်ချက်ကို ကြိုဆိုရမည် ဖြစ်သော်လည်း အဓိပ္ပါယ် ရှိလာမည့် အရေးယူ ဆောင်ရွက်ခြင်းမျိုး တပါတည်း လိုက်ပါလာရမည် ဖြစ်သည်။ စကားလုံးများ သက်သက်ဖြင့် လူ့အသက်များကို ကာကွယ် ပေးနိုင်မည် မဟုတ်သလို၊ ငြိမ်းချမ်းရေးကိုလည်း ဖေါ်ဆောင်နိုင်မည် မဟုတ်ပေ။
အာဆီယံ အနေဖြင့် မင်းအောင်လှိုင် နှင့် အဖွဲ့ကို တရားဝင် အဖြစ် အသိအမှတ် မပြုရန်၊ ပြည်သူများ အပေါ် စစ်ပွဲ ဆင်နွှဲနေသူများ ဖြစ်၍ တန်းတူရည်တူ သဘောထား ပြီး ဒေသတွင်း အစည်းအဝေးများသို့ တက်ရောက်ခွင့် မပြုရန်၊ အလားတူ အာဆီယံသည် လက်ရှိ စစ်အုပ်စုက ဆက်၍ အာဏာရှင်ဆန်ဆန် အုပ်ချုပ်သွားနိုင်ရန် အယောင်ပြ စီစဉ်နေသည့် တရားမဝင်သော၊ မမှန်ကန်သော အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်း သို့မဟုတ် ဂုဏ်သိက္ခာမြှင့်တင်ပေးခြင်းမျိုး မပြုလုပ်သင့်ပေ။
အာဆီယံသည် မင်းအောင်လှိုင် သို့မဟုတ် ၎င်း၏ ကိုယ်စားလှယ် တဦးဦးအား တန်းတူရည်တူ အဖြစ် အစည်းအဝေးများကို တက်ရောက်ခွင့် ပြုမည် ဆိုက အာဆီယံ တည်ထောင်ထားသည့် မူများ ဖြစ်သော ငြိမ်းချမ်းရေး၊ တရားမျှတရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုသည်များကို အာခံ သစ္စာဖေါက်နေခြင်းကို ဆုလဒ်များ ချီးမြှင့်သလို ဖြစ်သွား ပေမည်။
မြန်မာ နိုင်ငံ ၏ အဖြစ်သနစ်သည် ပြည်တွင်း တွင် ဖြစ်ပွားနေသော ကြေကွဲဖွယ် ဖြစ်ရပ်သာမဟုတ် တော့ဘဲ တကမ္ဘာလုံးသို့ ပဲ့တင် ရိုက်ခတ်လာနေပြီ ဖြစ်သည်။ မြန်မာ နှင့် ထိစပ်နေသော ဒေသများတွင် စစ်တပ် နှင့် ဆက်စပ် နေသော လက်နက်ကိုင် အဖွဲ့များ၏ အကာအကွယ် ဖြင့် ရာဇဝတ်ဂိုဏ်းများသည် ကွန်ယက်များသဖွယ် တိုးပွားလာနေပြီး မူးယစ်ဆေးဝါး ကုန်ကူးမှု၊ အွန်လိုင်းမှ တဆင့် နိုင်ငံ ဖြတ်ကျော် လိမ်လည်နေသည့် ပြစ်မှုများ ကျုးလွန်နေကြသည်။
မြန်မာ စစ်တပ်မှ သိသိကြီး နှင့် အကာအကွယ် ပေးထားသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများသည် နိုင်ငံပေါင်းစုံမှ လူများကို သိမ်းသွင်း၍ ကျွန် အဖြစ် ခိုင်းစေနေကြသည်။ ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ဝင်ငွေများ ရရှိနေပြီး စစ်အုပ်စု ၏ သွေးများ ရွှဲရွှဲစိုနေသည့် ကမ်ပိန်းကို ပံ့ပိုးပေးနေကြသည်။
တကမ္ဘာလုံး အတိုင်းအတာ ဖြင့် အင်တာနက်မှ ကျုးလွန်နေသော လိမ်လည် မှု များ အတွက် ၂၀၂၄ တွင် ဒေါ်လာ ၁၆.၄ ဘီလီယံ ဆုံးရှူံးခဲ့ရသည်ဟု အက်ဖ်ဘီအိုင်မှ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ထိုအထဲတွင် အမေရိကန်၊ ဗြိတိန် နှင့် ဂျပန်တို့ အများဆုံး ခံခဲ့ကြရသည်။ ထို ရာဇဝတ်ဂိုဏ်းကြီးများက မြန်မာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု များ နှင့် လူထု အား ဖိနှိပ်ချုပ်ချယ်နေမှုများကို ငွေကြေး ပံ့ပိုး ပေးနေကြသည်။ ကလေးသူငယ်များကို အကျဉ်းချထားသည့် စစ်အုပ်စုသည် မူးယစ်ဆေးဝါး၊ လူကုန်ကူး မှု များ နှင့် အွန်လိုင်း လိမ်လည်မှု များ မှ အကျိုး အမြတ် ရနေကြသည်။ အစိုးရ အဖွဲ့တဖွဲ့မှ စစ်ပွဲ အတွက် ရံပုံ ငွေ ရရန် လိမ်လည်မှုများ၊ ကျွန်ပြုထားမှုများ အပေါ် မှီခိုနေရပြီ ဆိုကတည်းက တရားဝင် ရပ်တည်ပိုင်ခွင့် ဆုံးရှုံးသွားခဲ့ခြင်း ပင် ဖြစ်သည်။
သို့ဆိုက မြန်မာပြည် အတွက် အဖြေသည် အဘယ်နည်း၊ မြန်မာ ပြည်သူများ အဘယ်သို့ ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြပေမည်နည်း။
ပထမဆုံး မရှိမဖြစ် အသိအမှတ် ပြုရမည်က ပြဿနာသည် မြန်မာစစ်တပ် ဖြစ်သည် ဆိုသည်ပင်။ ကျွန်တော်၏ အဖိုး ဖြစ်သူ တည်ထောင်ပေးခဲ့သည့် အဖွဲ့အစည်းသည် ယခုအခါ လူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်နေသည့် အဖြစ် ရောက်နေသည်ကို တွေ့က လွန်စွာထိတ်လန့် တုန်လှုပ်ရှာပေလိမ့်မည်။ ကမ္ဘာသံတမန်များက မင်းအောင်လှိုင် သို့မဟုတ် ၎င်း၏ ကိုယ်စားလှယ်များကို နိုင်ငံ ခေါင်းဆောင်များ သို့မဟုတ် ဝန်ကြီး အဆင့် အစည်းအဝေး များ တွင် အသိအမှတ်ပြု နေရာပေးရန် ငြင်းဆိုကြရပေမည်။ ၎င်းတို့၏ မမှန်ကန်သော မဲပုံးသည် အဘယ်သို့သော အရာဖြစ်သည်ကို ထုတ်ဖေါ်ရမည်၊ ၎င်းမှာ လိမ်လည်မှု ဆိုသည်ပင် ဖြစ်သည်။
မြန်မာတွင် ငြိမ်းချမ်းရေး ရလိုသည်ကို မြင်တွေ့လိုသူများ အနေဖြင့် နိုင်ငံအား တရားဝင် ကိုယ်စားပြုနေသည့် အမျိုးသား ညီညွတ်ရေး အစိုးရ အပါအဝင် ပြည်သူများ၏ အစစ်အမှန် ထောက်ခံမှု ကို ရနေသည့် လူမျိုးစု အဖွဲ့အစည်းများ နှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရမည် ဖြစ်သည်။ ကုလသမဂ္ဂသည်လည်း NUG ၏ ကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကိုသာ မြန်မာ ၏ အမြဲတမ်း သံအမတ်ကြီး အဖြစ် အသိအမှတ်ပြုရပေမည်။ ထိုပုဂ္ဂိုလ် များသည်သာ မြန်မာပြည်အတွက် ကိုယ်စားပြု ပြောဆိုနေသူများ ဖြစ်သည်။
ဂျပန်၊ အိန္ဒိယ၊ အမေရိကန် အပါအဝင် အကျိုးတူ နိုင်ငံများသည် စစ်အုပ်စု အား ကျောထောက်နောက်ခံ ပေးနေသည့် ဘဏ္ဍာရေး နှင့် ဆိုက်ဘာ ကွန်ယက်များကို ဖြို့ဖျက်နိုင်သည့် လက်နက်ကိရိယာများ ရှိနေကြသည်။ ထိုသို့ လုပ်ခြင်းဖြင့် စစ်တပ်၏ တွက်ချက်မှု ပုံစံကို ပြောင်းလဲသွားစေပြီး ဒေသတွင်း နှင့် ကမ္ဘာကြီး အတွက် ပို၍ လုံခြုံမှု ရလာမည် ဖြစ်သည်။ ထိုပြင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းသည်သာ တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးမျိုး ရစေဖို့ မရှိမဖြစ် လိုအပ်သည် ဆိုသည်ကို ရှင်းလင်းစွာ အသိပေးထားဖို့ လိုပေသည်။
ကျွန်တော်၏ မိခင်နှင့် မြန်မာပြည်အား ကိုယ်မင်းကိုယ်ချင်း အုပ်ချုပ်နေသူများ လက်အောက်မှ လွတ်မြောက်စေခြင်းသည် ကမ္ဘာကြီး၏ အကျိုးစီးပွားလည်း ဖြစ်သည်။ မြန်မာ ပြည်သူများက မည်သူထံမှ သနားဂရုဏာ နှင့် စွက်ဖက်ခြင်းကို တောင်းခံနေခြင်း မဟုတ်၊ ခိုင်မာသည့် ကိုယ်ကျင့်တရားဖြင့် မှန်ကန်သည့် အရာကို လုပ်ဆောင်ဖို့ အတွက် တောင်းဆိုနေခြင်းသာ ဖြစ်သည်။
ကျွန်တော့် မိခင် အရေးတကြီး လိုအပ်နေသော ပြုစုစောင့်ရှောက်မှုကို ရရှိစေရန်အတွက် သက်ဆိုင်သူ အားလုံးနှင့် ဆက်လက်၍ ဆက်သွယ် ဆောင်ရွက်သွားမည်။ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ပြီး ဘေးကင်းလုံခြုံမှု မရမချင်း ကျွန်တော် ငြိမ်နေမည် မဟုတ်။
တရားမျှတ မှု၊ ဒေသတွင်း ငြိမ်းချမ်းရေး နှင့် လူသား တို့၏ ဂုဏ်သိက္ခာ အတွက် မြန်မာ ပြည် လွတ်လပ်မှ ဖြစ်ပေမည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!
ပြည်သူ သမ္မတကြီး ဦးဝင်းမြင့်လည်း အသက် (၇၄) နှစ်ပြည့် မှ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း တို့ဖြင့် အမြန်ဆုံး လွတ်မြောက်ပါစေ!!!