ဒေါ်နယ် ထရမ့်သည် အောက်တိုဘာ ၃၀ ရက်နေ့ ဘူဆန်တွင် ရှီကျင့်ပင် နှင့် တွေ့ဆုံခဲ့ရာတွင် ၎င်း၏ အောင်မြင်မှု အတိုင်းအတာ ကို ဆယ် မှတ် တွင် ဆယ့်နှစ်မှတ် ပင် ပေးလာခဲ့သည်။ ဤသည်ကလည်း ထရမ့်၏ ထုံးစံ အတိုင်း အလွန်အကျွံ ယုံကြည်ချက် အပြည့် ရှိသည့် လေသံမျိုး နှင့် ပြောဆိုနေ၍ ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ ၎င်းတို့ နှစ်ဦး တွေ့ဆုံပွဲ ကို ရင်တမမဖြင့် စောင့်ကြည့်နေသည့် ကမ္ဘာကြီးကတော့ တရုတ် နှင့် အမေရိကန် တို့ တိုင်ဝမ် အရေး အငြင်းအခုံလည်း မဖြစ်၊ စီးပွား ရေး အရ လည်း ခွာပြဲသွားသည့် အဖြစ် ရောက်မသွား ခဲ့သည်ကို မြင်တွေ့ခဲ့ရ၍ သက်မချနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုအရေးများသည် အာရှ နှင့် တကမ္ဘာလုံး အတွက်ကြီးမားလှသော သက်ရောက်မှု ရှိလာနိုင်၍လည်း ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ရရှိခဲ့သည့် သဘောတူညီချက်များသည် မပြည့်မစုံ နှင့် ယာယီသဘောမျှသာ ဖြစ်နေသည်။ ဤသို့ဖြင့် ကမ္ဘာပေါ်တွင် အရေးပါဆုံး နိုင်ငံ နှစ်နိုင်ငံ၏ ဆက်ဆံရေးသည် အုတ်မြစ် မခိုင်မာပဲ သဲပြင်ပေါ်တွင် ဆက်၍ တည်ဆောက်သွားကြပေတော့မည်။
တကယ်တမ်း တွင် နှစ်ဦးစလုံးက ထုတ်ချိန်ထားသော သေနတ်များကို ခါးက အိပ်ထဲ ပြန်ထည့်လိုက်ခြင်း မျိုးသာ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ တရုတ်သည် မြေရှား သတ္တုများ ပြည်ပ တင်ပို့ နေမှု အား ကန့်သတ်ထားမှု ကို တနှစ် ရွှေ့ဆိုင်းပေးရန် သဘောတူခဲ့သည်။ အမေရိကန်သည် တရုတ်ကုန်ပစ္စည်းများအပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်ကောက်ခံမှုနှင့် အမည်ပျက်စာရင်းသွင်းထားသော တရုတ်ကုမ္ပဏီခွဲများအား ထုတ်ကုန်တင်ပို့မှု များ ထိန်းချုပ်ထားမည် ဆိုသော ခြိမ်းခြောက်မှုကို ဆက်လက်ထားရှိသွားမည်ဖြစ်သည်။ ထို့ပြင် နှစ်ဖက်စလုံး ကလည်း ကုန်သင်္ဘော များ သွားလာမှု လမ်းကြောင်း များ နှင့် ဆိုင်သည့် ကိစ္စများ အပေါ် ထိတ်တိုက်ရင်ဆိုင်တွေ့မည့် အရေးကိုလည်း ရှောင်ရှား နိုင်ခဲ့ကြယုံမက တိုးတက်မှုများလည်း ထွက်ပေါ်လာခဲ့သည်။
တရုတ်သည် အမေရိကန်၏ ပဲပိစပ်များကို ပြန်၍ ဝယ်ယူသွားမည် ဖြစ်သည်။ အမေရိကန်သည် ဖန်တနေးလ် တွင် ပါဝင်သည့် ဓါတု ပစ္စည်းများ ထိန်းချုပ်ရေးတွင် တရုတ်နိုင်ငံ၏ ပို၍ ကြိုးပမ်းအားထုတ်မှုများကို ဆုချသည့်အနေဖြင့် ကုန်ပစ္စည်းအားလုံးအပေါ် ချမှတ်ထားသော ၂၀ ရာခိုင်နှုန်း ပြစ်ဒဏ်ခွန်ကို ထက်ဝက် လျှော့ချပေးမည်ဖြစ်သည်။ ထရမ့်သည် အဆင့်မြင့်ဆုံး မဟုတ်သည့် Semiconductor ချစ်ပ်ပြားအချို့ကို ပြည်ပသို့ တင်ပို့ခွင့်ပေးရန် စိတ်အားထက်သန်ပုံ ပြလာသည်။
ဝါရှင်တန် တွင် တရုတ် အပေါ် ရန်လိုသော သဘောထားများ ရှိနေဆဲ ဖြစ်၍ လက်ရှိ ရရှိထားသော သဘောတူညီချက်များသည် အလွယ်တကူပင် အဆိုးဖက်သို့ ကူးပြောင်းသွားနိုင်သည်။ ရန်လိုနေသူများက ဘူမိနိုင်ငံရေး တွင် အဓိက ပြိုင်ဖက် ဖြစ်သည့် တရုတ် နှင့် စီးပွား ဆက်ဆံနေမှု များ ဖြတ်တောက်ပစ်ရန် အရေးတကြီး လိုလားနေကြသည်၊ သို့သော် ၂၀၁၉ နောက်ပိုင်း ရှီ နှင့် တွေ့ဆုံခဲ့သည့် ထရမ့်အဖို့ စီးပွားရေး အရ ဆက်ဆံမှု ကို အလွန်အကျွံ တန်ဖိုးထား၍ စွန်ပစ်ရန် မလိုလား ဖြစ်နေသည်။ သို့သော်လည်း ပဲပိစပ်များ ရောင်းရဖို့ အတွက် တိုင်ဝမ်ကို ထိုးကျွေးမည့် လူမျိုးတော့ မဟုတ်။
သို့သော် ထိပ်သီး တွေ့ဆုံပွဲမှ ကမ္ဘာကြီးသည် မည်မျှ အထိ အမှားမှား အယွင်းယွင်း ဖြစ်ခဲ့ရသည်ကို ထုတ်ဖေါ်ပြသ လိုက်သလို ဖြစ်လာခဲ့ရသည်။ ပထမ အချက် အနေဖြင့် ထိုသဘောတူညီချက်သည် တရုတ်ကုန်ပစ္စည်းများအပေါ် အမေရိကန်၏ ၄၇ ရာခိုင်နှုန်းသော အခွန်ကောက်ခံမှုကို ဆက်လက်ထားရှိနေသည်။ ထရမ့်မတိုင်မီခေတ်တွင်မူ ထိုပမာဏသည် အလွန်တရာ မြင့်မားစွာ ချမှတ် အခွန် ပမာဏ အဖြစ် မှတ်ယူကြမည်သာ ဖြစ်သည်။
သဘောတူညီချက် ပါ သတ်မှတ်ချက်များအား တနှစ်တခါ ပြန်လည် သုံးသပ်ရမည်ဟု ပါရှိ၍ ယာယီ သဘောမျိုးသာ ဟု ပြော၍ ရပေသည်။ ထရမ့်ကလည်း ထွက်ပေါ်လာဦးမည့် ပြဿနာတခုခု အပေါ် မူတည်ပြီး ဤနေရာတွင် အခွန်စည်းကြပ်မှု တခုခု ဖြစ်စေ၊ အခြားတနေရာတွင် အခွန်မဟုတ်သော အတားအဆီး တခုခု ဖြစ်စေ ၎င်း၏ အာဏာဖြင့် ပြင်းပြင်းထန်ထန် လုပ်နိုင်ခွင့် ရပေဦးမည်ဟု ရှူမြင်ထားသည်။
နောက်ထပ် ပဋိပက္ခ ဖြစ်လာနိုင်စရာ ရှိနေသည့် အချက်က တရုတ်သည် အမေရိကန်၏ ပြိုင်ဖက် အဆင့်ထက်ပင် ကျော်လွန်လာနေ၍ ဖြစ်သည်။
ထရမ့်သည် ဘုရင်တပါး အလား အာရှတွင် တိုင်းခန်း လှည့်လည်ပြီးနောက် ဘူဆန်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ အာရှ ခေါင်းဆောင် တယောက်ပြီး တယောက်ကလည်း ၎င်းကို ချီးမွမ်း ထောပနာ ပြုကြ၊ ရွှေဂေါက်သီး၊ ပုံတူ သရဖူများ အစရှိသည့် လက်ဆောင်များ ပေးကြသည်။
မလေးရှား နှင့် တောင်ကိုရီယား တို့က ၎င်းတို့အား အခွန်များ အထိုက်အသင့် လျော့ပေါ့ ပေးခဲ့သည့် အတွက် အပြန်အလှန် အနေဖြင့် ဈေးကွက်များ ဖွင့်ပေးပြီး အမေရိကန် တွင်လည်း ဒေါ်လာ ဘီလီယံ ရာပေါင်းများစွာ ရင်းနှီးမြုပ်နှံမည်ဟု ကတိပေးလာကြသည်။ လုံခြုံရေးနှင့် စျေးကွက်များအတွက် အမေရိကန်အပေါ် မှီခိုအားထား နေရမှုကြောင့် အလျော့ပေးခြင်းသည်သာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာစေခဲ့သည်။
တရုတ်သည် အမေရိကန်၏ ဖိအားကို တောင့်ခံနိုင်စွမ်း ရှိသည့် နိုင်ငံ ဖြစ်သည်။ အမေရိကန် တို့ လုံခြုံမှု မရှိ ဟု ယူဆနေသော နယ်ပယ်များ ဖြစ်သည့် မြေရှားသတ္ထုများ၊ ပဲပိစပ်များကို လက်တုန့်ပြန် နိုင်သည်။
ထရမ့်၏ ကုန်သွယ်ရေး ကို အသုံးချပြီး ရန်လိုသော သဘောသဘာဝ ကို လက်ခံ လာမှု နှင့် အတူ နိုင်ငံကို ပို၍ ခံနိုင်ရည် ရှိအောင် လုပ်ဆောင်လာသည့် ရှီကျင့်ပင်၏ အစီအမံများသည် မှန်ကန်ကြောင်း သက်သေပြလာခဲ့သည်။
အားလုံးကို ခြုံကြည့်မည်ဆိုက ဘူဆန် ထိပ်သီး ဆွေးနွေးပွဲသည် အပြီးသတ် သဘောတူညီချက်မျိုး ဖြစ်မလာပဲ လက်ရှိ ရန်လိုမှုများကို ခေတ္တခဏ ရပ်နားလိုက်ခြင်းမျိုးသာ ဖြစ်လာခဲ့သည်။ နှစ်နိုင်ငံစလုံးက တဦး အပေါ် တဦး မယုံကြည်မှု များ နှင့်အတူ ဆက်၍ တွန်းထိုး တိုက်ခိုက်နေကြဦးမည်သာ ဖြစ်သည်။ အနှေး နှင့် အမြန် ဆိုသလို ပြဿနာ ပေါ်လာပေဦးမည်။ လောလောဆယ်တွင်တော့ နှစ်နိုင်ငံ စလုံးသည် ထိပ်တိုက်ရင်ဆိုင်သည်ထက် သည်းခံခြင်းသည်သာ အကျိုးများမည်ဟု ယုံကြည်နေကြသည်။
(၂၀၂၅ အောက်တိုဘာ ၃၀ ရက်နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "America and China have only holstered their trade weapons" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)