မက်ခရွန် ၏ ဒေါ်အောင်ဆန်းစုကြည် အတွက် စာတစောင်

by Hla Soewai - Nov 10 2025

သားဖြစ်သူ ကိုထိန်လင်းသည် ပြင်သစ် သမ္မတ အီမန်နူအဲလ် မက်ခရွန် မှ မိခင် ဖြစ်သူ အတွက် ရေးသားထားသော စာတစောင်ကို မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ် အထူး သံတမန် ခရစ္စတီယန် လဲရှယ်ဗီ ထံမှ တဆင့် လက်ခံရရှိခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူတပ်၍ ရေးသားသော စာထဲတွင်...

 

"မတရားဖမ်းဆီးခံထားရခြင်း နှင့် သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် အခက်အခဲ ရင်ဆိုင်နေရခြင်း စသည့် အခြေအနေများအောက်တွင် ဆေးကုသမှု ခံယူနိုင်ရန် ခက်ခဲနေသည့် အတွက် အဆွေတော် ကျန်းမာရေး အခြေအနေ ဆိုးရွားလာသည်ကို အ‌ဆွေတော်၏ သားဖြစ်သူ ထံမှ တဆင့် သိရသည့် အတွက် ကျွန်တော် အလွန်ပဲ စိုးရိမ် ပူပန် မိပါတယ်၊ ယခုလို မတရား ဖမ်းဆီး ထိန်းသိမ်းထားမှု ကို ပြင်သစ် နိုင်ငံက အကြိမ်ကြိမ် ရှူတ်ချခဲ့ပြီးလည်း ဖြစ်ပါတယ်"

 

သမ္မတ မက်ခရွန် စာထဲတွင် ပါရှိသည့် အတိုင်း ပြင်သစ်သည် အမေရိကန်၊ ဗြိတိန်၊ အီးယူ နိုင်ငံများ၊ ကနေဒါ၊ ပြင်သစ်၊ ဩစတေးလျှ၊ ဂျပန် နိုင်ငံ များ နှင့် အတူ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ထပ်တလဲလဲ တောင်းဆိုခဲ့ကြသည်။

 

ယခုတကြိမ် တွင် တော့ ဒေါ်အောင်ဆန်းစုကြည်ထံ ပြင်သစ် သမ္မတ တဦးက ပထမဆုံး တိုက်ရိုက်ရေးသား ပေးပို့လိုက်ခြင်း ဖြစ်လာခဲ့သည်။

 

မက်ခရွန် က ဆက်လက် ရေးသားရာတွင် "ထိုသို့ (စစ်အုပ်စု) ၏ ရက်စက်ကြမ်းကြုပ်စွာ သွေးထွက်သံယို ဖြစ်လာအောင် စိန်ခေါ်လာမှုသည် အဆွေတော်၏ နိုင်ငံကို ရေရှည် အကျပ်အတည်း ထဲ ရောက်အောင် ဆွဲသွင်းလိုက်ပြီး မြန်မာ လူထု နှင့် အိမ်နီးချင်း နိုင်ငံများ အတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ် စေခဲ့ယုံမက ကျွန်တော် တို့ နှစ်နိုင်ငံ ဆက်ဆံရေးလည်း ပျက်ပြားသွားခဲ့ရသည်။" ဟု ပါရှိသည်။

 

ကိုထိန်လင်းသည် ထိုစာ ကို မည်သည့်နေရာ မည်သည့် အချိန်တွင် လက်ခံရရှိခဲ့ခြင်း ဆိုသည်ကို ထုတ်ဖေါ် ပြောဆိုထားခြင်း မရှိဟု ဒီဗီဘီ သတင်းတွင် ရေးသားထားသည်။

 

၎င်း၏ ဆိုရှယ် မီဒီယာ ပေါ်တွင် နိုဝင်ဘာ ၄ က တင်ထားသော ပို့စ် တွင် "အသက်အရွယ်လည်း ကြီးရင့်ပြီး ကျန်းမာရေး မကောင်းဖြစ်နေသော ကျွန်‌ တော့်မိခင်သည် နိုင်ငံအတွက် သူမ၏ ဘဝတစ်လျှောက်လုံး လွတ်လပ်မှု ဆုံးရှုံးခဲ့ရသူ ဖြစ်ပါတယ်။ သူမကို ပြန်လွှတ်ပေးခြင်းသည် တရားမျှတမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်မျှသာမကဘဲ၊ မြန်မာနိုင်ငံ၏ လွတ်လပ်မှုနှင့် ငြိမ်းချမ်းရေးအတွက်လည်း မရှိမဖြစ် အရေးကြီးသော ကိစ္စဖြစ်ပါတယ်"

 

ပြင်သစ် ၏ ကိုယ်ကျင့် သိက္ခာပိုင်း ဆိုင်ရာ ရပ်တည်ချက် ကို မိမိအနေဖြင့် အသည်းထဲ စိမ့်သည်အထိ ခံစားခဲ့ရပါတယ် ဟုလည်း ရေးသားထားသည်။ ထိုသို့ ပြင်သစ် ၏ ကိုယ်ကျင့်သိက္ခာတရားကို တန်ဖိုးထားသော ခေါင်းဆောင်မှု သည် အမှန်တရား၊ ငြိမ်းချမ်းရေး နှင့် လွတ်လပ်ခွင့်များသည် မည်သည့် အခါမှ ဖုံးကွယ် တိတ်ဆိတ် နေမည် မဟုတ်ဟု ကမ္ဘာကို သတိပေး နှိုးဆော်လိုက်ခြင်းလည်း ဖြစ်သည်ဟု ဆို သည်။

 

မာခရွန် က "စစ်အာဏာ သိမ်းပြီးကတည်းက အကျဉ်းချ ခံထားရတဲ့ အဆွေတော်၊ သမ္မတကြီး ဦးဝင်းမြင့် နှင့် နိုင်ငံရေး အကြောင်းပြချက် များဖြင့် ဖမ်းဆီးထားသော လူတွေ အားလုံး ကို ချွင်းချက် မရှိ ချက်ခြင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်" ဟု ထည့်သွင်း ဖေါ်ပြသွားသည်။

 

"ပြင်သစ်သည် အန္တရာယ် ကျရောက်နေသော မြန်မာ ပြည်သူများ နှင့် အတူ ရပ်တည်သွားပြီး အကြမ်းဖက်နေမှု များ လျော့ကျသွားရေး နှင့် တရားဝင် နိုင်ငံရေး ခေါင်းဆောင်များ စီမံ‌လာမည့် ငြိမ်းချမ်းရေး လမ်းကြောင်း ပေါ် ရောက်ရှိရေး များကို ထောက်ခံသွားမည်ဟု ရည်ရွယ်ထားပါသည်" ဟု နိဂုံး ချုပ်ထားသည်။

 

နိုင်ငံရေး အကျဉ်းသားများ အကူအညီ ပေးရေး အဖွဲ့ AAPP မှ မှတ်တမ်း ပြုစုထားရာတွင် မင်းအောင်လှိုင် အာဏာသိမ်းမှု အား ဆန့်ကျင် ခဲ့ မှု များ ကြောင့် စုစုပေါင်း ၃၀,၀၀၀ ခန့် ဖမ်းဆီးခံခဲ့ ရပြီး လက်ရှိတွင် ရုံးတင် တရားစွဲ ပြစ်ဒဏ် ချမှတ် ခံထားရသူ ၁၁,၃၀၀ အပါအဝင် လူပေါင်း ၂၂,၆၀၀ သည် အကျဉ်းချ ခံနေရဆဲ ဖြစ်သည် ဖေါ်ပြထားသည်။

 

စစ်ဗိုလ်ချုပ်များ က မပြစ်မှား အပ်သူ ကို ပြစ်မှားခဲ့ကြ၍ ရာဇဝင် ရိုင်းခဲ့ကြရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!