ပြီးခဲ့သည့် အပတ် အတွင်း ကွာလာလမ်ပူ တွင် ကျင်းပခဲ့သော အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်မီ ကာလကြာမြင့်စွာ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းအား အဖွဲ့ကြီး အနေဖြင့် ပို၍ အလေးထား ဖြေရှင်းပေးရန် ပြောဆိုမှု များ ရှိလာခဲ့သည်။ ထိုသို့ ပြောဆိုကြခြင်းမှာလည်း စစ်အုပ်စု အတွင်း နိုင်ငံတကာ မှ အကျိုး ရှိရှိ ဆက်ဆံသွားနိုင်မည့် သဘောထား ပျော့ပြောင်းသူများ ရှိနေသည် ဆိုသော အမြင်ကို အခြေခံ ထားလာသည်ကို တွေ့ရသည်။ ထိုယူဆချက်သည် မှားယွင်းနေသည်ဟု ဩစတေးလျှ ရှိ The Interpreter တွင် အင်ဒရူး ဆဲသ် က ရေးသားထားသည်။
ဗိုလ်နေဝင်း၏ ဆိုရှယ်လစ် အစိုးရ ပြိုလဲသွားသည့် ၁၉၈၈ နောက်ပိုင်းမှစ၍ သတင်း မီဒီယာ များ နှင့် နိုင်ငံတကာ ပညာရှင်များမှ ထိုသို့ ရည်ညွန်း ပြောဆိုလာကြသည်။ အဆိုပါ သဘောထား ပျော့ပြောင်းသူများသည် အခွင့်အရေး ပေးလာလျင် စစ်အစိုးရ အဆက်ဆက် အုပ်စီးလာသော "စိတ်မာခက်ထန်သူများ" ကို ဖြုတ်ချခြင်း၊ အသာစီး ရလာအောင် လုပ်ခြင်း များ ပြုလာကြမည် ပြောဆိုခဲ့ကြသည်။
၁၉၈၈ တွင် ဖွဲ့စည်းခဲ့သော နဝတ အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ကို အသိအမှတ် မပြုခဲ့သော်လည်း လွတ်လပ်စွာ ပြောဆိုခွင့်၊ အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် နှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှု များ ကို တွေ့လာရ၍ အားတက်လာကြသည်။
SPDC အဖြစ် ပြောင်းလဲလာပြီးနောက်တွင် ထောက်လှန်းရေး အကြီးအကဲ ဗိုလ်ခင်ညွန့်အား ပြည်ပမှ သတင်းဝေဖန် သုံးသပ်သူများက သိသိသာသာ သဘောထား ပျော့ပြောင်းသူ ဟု တံဆိပ်ခပ်နှိပ်လာသည်။ ဤသည်မှာလည်း ဗိုလ်ခင်ညွန့်သည် နိုင်ငံတွင် ပြဿနာ အမြောက်အမြား ရှိနေသည်ကို သိထားပြီး ပြင်ပ နှင့်လည်း ပို၍ ထိတွေ့ဆက်ဆံလာမှု ကို ခွင့်ပြုလာခဲ့သောကြောင့် ဖြစ်သည်။
၂၀၁၁ တွင် စတင်လာခဲ့သော "စည်းကမ်းတကျ ဒီမိုကရေစီ" ကြောင့် စစ်တပ် အတွင်း သဘောထား အလယ်အလတ် ရှိသူများက ပြုပြင်ပြောင်းလဲရေးများ အားပေးလာကြသည်ဟု သော အပြောသည် မှန်ပုံရသည်ဟု ဆိုရမည် ဖြစ်သည်။ ကျွမ်းကျင်သူတစ်ဦးကမူ ပါလီမန်အသစ်ကို 'ပျော့ပြောင်းသူများနှင့် အမာခံများအကြား သတိကြီးစွာ ဟန်ချက်ညီနေခြင်း' ဟု ဖော်ပြခဲ့ပြီး၊ အဆိုပါအခြေအနေကို စစ်ခေါင်းဆောင်ကြီး ဗိုလ်သန်းရွှေက ထိန်းချုပ်ထားသည်။
၂၀၂၁ နောက်ပိုင်းတွင် လေ့လာသူ ပညာရှင်အနည်းငယ်က စစ်တပ်အား စစ်တန်းလျားသို့ ပြန်ပို့ ကောင်း ပြန်ပို့ ပေးနိုင်မည့် သဘောထား ပျော့ပြောင်းသူများကို ရှာ ကြည့်လာကြသည်။ သို့သော် ထိုသို့သော အနေအထားမျိုး မတွေ့ခဲ့ရ၊ ရှိခဲ့လျင်ပင် အစစ်အမှန် ပြောင်းလဲသွားအောင် လုပ်နိုင်စွမ်း ရှိပုံမရ။ စစ်အုပ်စု အတွင်း အခြေအနေများသည် အမြဲတစေ မရှင်းမလင်းဖြစ်နေသော်လည်း၊ နှစ်ကြာလာသည့် အခါတွင် စစ်တပ်၏ အဆင့်ဆင့် အုပ်ချုပ်မှုအတွင်း၌ အမြင်အမျိုးမျိုး ရှိနေသည် ဆို သော လက္ခဏာများ ရံဖန်ရံကာ ပေါ်ထွက်ခဲ့သည်။ အထက်တန်း စစ်ဖက် အရာရှိကြီး များ အားလုံး က နိုင်ငံရေး နှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု များ ကို ဆန့်ကျင်နေကြခြင်း မျိုးတော့ မရှိ၊ အချို့က အစိုးရ အတွင်း အရပ်သားများ ပို၍ ပါဝင်လာမှုကို ကြိုဆိုသည်ဟူသော အပြောမျိုး လူသိရှင်ကြားရော၊ နောက်ကွယ်တွင်ပါ ပြောဆိုလာမှု များ တခါမဟုတ်တခါ တွေ့လာရသည်။
၂၀၂၁ မတိုင်မီ အထိ စစ်တပ်သည် တိုင်းပြည်ကို ချုပ်ကိုင်ထားမှု များ တဖြေးဖြေး ဖြေလျော့ပြီး အစိုးရ နှင့် လူထု မှ ပိုမိုလွတ်လပ်စွာ လှုပ်ရှားခွင့်ပြုဖို့ စဉ်းစားလာကြသည်။
မည်သို့ပင်ဆိုစေကာမူ၊ စစ်အုပ်စုအတွင်း ပျော့ပြောင်းသူများနှင့် အမာခံများဟူ၍ ခွဲခြားမှုကို လွန်လွန်ကျုးကျုး မဖော်ပြသင့်ပေ။ Morten Pedersen ရေးသားခဲ့သကဲ့သို့ပင်၊ 'အမြင်သဘောထားများ၏ အမှန်တကယ် ပျံ့နှံ့တည်ရှိမှုသည် ရှုပ်ထွေးလှပြီး အတွင်းပိုင်းတွင် မတူညီသော ကိစ္စရပ်များ အပေါ် သဘောထား တသမတ်တည်း မရှိပေ'။
ပိုမိုတိကျစွာ ပြောရလျှင် ဗိုလ်ချုပ်ကြီးများအနေဖြင့် ရံဖန်ရံခါ အချင်းချင်း ငြင်းခုံမှုများ ရှိခဲ့သော်လည်း ၎င်းတို့ ရှုမြင်ထားသည့် "ဒို့တာဝန် အရေးသုံးပါး" ဆိုသည် ဖြင့် စစ်တပ် သည် အမျိုးသားရေး အခန်းကဏ္ဍ အား အဓိက နေရာမှ ပါဝင်ရန် လိုအပ်သည်ဟူသော အခြေခံ မူဝါဒဆိုင်ရာ ကိစ္စရပ်များတွင် ပြင်းထန်သော သဘောထားကွဲလွဲမှုများ မရှိခဲ့ပေ။
အနည်းဆုံး ထိုရှုထောင့်မှ ကြည့်မည်ဆို လျှင် စစ်အုပ်စု အား အမြဲတမ်း အမာခံများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။
သတိပြုသင့်သည်က မြန်မာအား တချိန်ချိန် တွင် "ကယ်တင်" ပေးနိုင်လိမ့်မည်ဟု လေ့လာသူ အများ အပြား ယူဆထားသည် ဗိုလ်ခင်ညွန့်သည် တိုင်းပြည်နှင့် လူထု ကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့သည့် ထောက်လှန်းရေး အဖွဲ့ကြီး၏ အကြီးအကဲ ဖြစ်သည် ဆိုသော အချက်ပင် ဖြစ်သည်။
၂၀၁၁ တွင် "စည်းကမ်းတကျ ဒီမိုကရေစီ" သွတ်သွင်းလာခြင်းနှင့် ၂၀၁၅ ဒေါ်အောင်ဆန်းစုကြည်၏ NLD အောင်ပွဲခံခဲ့ခြင်းများသည် သဘောထား ပျော့ပြောင်းသူများ၏ အောင်ပွဲ မဟုတ်ဘဲ စစ်တပ် အတွက် အကျိုးရှိ၍သာ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ စိတ်ထဲတွင် ထိုသို့ ခွင့်ပြုနိုင်လောက်အောင် ထိန်းချုပ်ထားနိုင်ပြီး နိုင်ငံ နှင့် စစ်တပ် အတွက် ထိုက်သင့်သလောက် အကျိုးခံစားခွင့် ရလာပြီဟုလည်း ရှူမြင်ခဲ့ကြသည်။
စစ်တပ်သည် သတင်းသမား များ နှင့် တက်ကြွ လှုပ်ရှားသူများ တခါတရံ ပုံဖေါ်ခဲ့ကြသလို တသားတည်း ရှိမနေသလို အရာရာတိုင်းကို သဘောတူနေကြသည့် အဖွဲ့အစည်းတော့ မဟုတ်၊ အခြား အဖွဲ့အစည်း များ ကဲ့သို့ပင် ကိစ္စရပ်များ အပေါ် ကွဲလွဲသော အမြင်များ ရှိနေကြသည်။
သို့သော် တပ်ခေါင်းဆောင်များအားလုံး တူညီစွာ လက်ခံထားသည့် အခြေခံ ယုံကြည်ချက်များ ထဲတွင် စစ်တပ် အနေဖြင့် နိုင်ငံရေးရာ များကို ထိရောက်စွာ ထိန်းချုပ်ထားရန် လိုအပ်သည် ဟူသော အချက်သည် အဓိက နေရာမှ ပါဝင်နေသည်။
လက်ရှိ မင်းအောင်လှိုင် အောက်တွင် အမှုတော်ထမ်းနေကြသော စစ်အရာရှိကြီးများသည် ၎င်း အပေါ် မမှိတ်မသုံ သစ္စာရှိမှု နှင့် တင်းမာသော ခံယူချက်များ ရှိနေခြင်းကြောင့် ရာထူးတွင် မြဲနေကြခြင်း ဖြစ်သည်။
အဆိုပါအချက်ကို ထည့်သွင်းစဉ်းစားသည့်အခါ၊ မြန်မာအတွက် နိုင်ငံခြားအစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အခြားသူများမှ ဆွေးနွေးညှိနှိုင်းရေး၊ အလျှော့အတင်းလုပ်ရေးနှင့် အာဏာခွဲဝေရေး တောင်းဆိုမှုများသည် ဖြစ်စေချင်သော ဆန္ဒသက်သက်ကို တွေးတော ပြောဆိုနေကြခြင်း ဖြစ်သည်ဟု မှတ်ယူရပေမည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!