အခန်း (၇)
ဗိုလ်မှုး သေဆုံးခဲ့ရမှုသည် ကျွန်တော် အဖို့ အကြီးအကျယ် စိတ်ထိခိုက်ခဲ့ရသည်ကိုတော့ ဝန်ခံရမည် ဖြစ်သည်။ တပ်မှုး ကြီး အနေနဲ့ ကျွန်တော်လို ဖြစ်ချင်မှ ဖြစ်မည်၊ တကယ်တော့ သူသည် အတော်လေး အပြစ်ကင်းသည့် လူတယောက်သာ ဖြစ်သည်။ ဒီလောက တွင် လူတယောက်ထံမှ ကျွန်တော် အကောင်းဆုံး မျှော်လင့်၍ ရသည့် အရာများ သူ့ထံတွင် ရှိနေသည်။
ဆိုင်းဂုံ တွင် ရှိစဉ်က ဘုရားကျောင်း ဟော်နန်းကြီး ရှိရာ သွားပြီး မန်းနှင့် အပတ်စဉ် သွားတွေ့ရင်း ကျွန်တော် စိတ်ထဲ ဒွိဟ ဖြစ်နေသည်များကို ဆွေးနွေးခွင့်ရ၍ အမှီတခုလို ဖြစ်ခဲ့ရသည်။ ယခု အခါတွင်တော့ ကျွန်တော် လုပ်ခဲ့သမျှ၊ ယုံကြည်ထားသမျှ တိုင်ပင်ဖေါ် တိုင်ပင်ဖက် မရှိ ဖြစ်နေသည်။ မန်း ဘာပြောမည်ကို သိနေပြီး ဖြစ်သော်လည်း ကျွန်တော်အတွက် သူ့ ထံမှ ထုတ်ပြောလာမည်ကိုလိုအပ်နေသည်။
ရဟတ်ယာဉ် ဖြင့် ရိန်းဂျား တပ်ရင်းကို တိုက်ခိုက်မည့် အစီအစဉ်များ ကို ဓါတ်ပုံ ရိုက်ထားသည့် ဖလင်လိပ်ကို သူ့ထံ ပေးခဲ့ရသည့် အခါမျိုးရှိသည်၊ ထိုအခါတွင် အပြစ်မရှိသည့် လူများ ကျွန်တော်လုပ်ရပ်ကြောင့် သေကြေကြရဦးမည် မဟုတ်ပါလား။
ဘုရား ကျောင်းခမ်းမရှိ ထိုင်ခုံရှည်တွင် အတူ ထိုင်နေရင်း ယှက်ထားသည့် သူ့လက်များဖြင့် ထွက်လာမည့် စကားလုံး များကို ဖုံးကွယ်ရင်း "လူတွေက သေကြမှာပဲ လေ" ဟု ပြောခဲ့သည်။ ဒါပေမယ့် ကိုယ်တို့ အပြစ်မကင်းသလို သူတို့လည်း အပြစ်ကင်းကြတာ တော့ မဟုတ်ဘူး၊ ငါတို့က တော်လှန်ရေးသမား တွေ၊ တော်လှန်ရေး သမားတွေ ဆိုတာ ဘယ်တော့မှ အပြစ်မကင်းဘူး၊ ငါတို့ သိထားတာ တွေ များလွန်းနေသလို၊ လုပ်တာ တွေလည်း အများကြီးပဲ။
ကျောင်းတိုက်ကြီး အတွင်း အအေးဓါတ်က စိမ့်နေသည်။ မယ်တော်များက အသံတိုးတိုးနှင့် ရွတ်ဖတ်နေသည့် ကြားမှ ကျွန်တော်တကိုယ်လုံးလည်း ကတုန်ကရင် ဖြစ်လာသည်။ "အစအဦး၌ ဖြစ်ခဲ့သည့်အတိုင်း၊ ယခုလည်း ဖြစ်လျက်ရှိ၍၊ အဆုံးမရှိသော လောကအစဉ်အဆက်၌ အစဉ်ဖြစ်လိမ့်မည်။ အာမင်။" အချို့ ယူဆထားသလို အပူပိုင်း နိုင်ငံတခု၏ တော်လှန်ရေး သဘောတရားသည် ပူပြင်း တောက်လောင်နေခြင်းမျိုး မဟုတ်ဘဲ၊ လူက ဖန်တီးထားသည့် အေးစက်စက် သဘောတရားမျိုးသာ ဖြစ်သည်။ ထို့အတွက် တော်လှန်ရေးသမားများ အဖို့ သဘာဝ က ပေးသည့် အပူဓါတ် လိုအပ်နေသည်မှာလည်း အံ့ဩစရာတော့ မဟုတ်။
အရက်မူးသမား ဗိုလ်မှုး သေဆုံးပြီး မကြာမီမှာတင် ကျွန်တော့်ထံ မင်္ဂလာဆောင် ဖိတ်စာ တစောင် ရောက်လာသည်။ ကျွန်တော်လည်း ဖိတ်စာကြောင့် စိတ်အား တက်ကြွလာခဲ့သည်။ ထိုဧည့်ခံပွဲ သို့ ဆိုဖီယာ မိုရီ ကို ကျွန်တော် ခေါ်လာခဲ့သည်။ စပ်စုတတ်သူ တဦး ဖြစ်၍လည်း မင်္ဂလာ မောင်နှံကို မနှုတ်ဆက်မီ ဖိတ်စာပေါ်က သူတို့ အမည်များကို ကြည့်ရသေးသည်။
သတို့သမီး၏ ဖခင်သည် နာမည်ကြီး မရိမ်းတပ်က ဗိုလ်မှုးကြီး ဖြစ်ပြီး၊ သူ၏ တပ်ရင်းသည် ဝှေး (Hue) တိုက်ပွဲ ကြီး တွင် အမေရိကန် တပ်များ အကူအညီမပါဘဲ မြောက်ဗီယက်နမ် တပ်မ တခုကို ခံတိုက် နိုင်ခဲ့သူ ဖြစ်သည်။ သတိုးသား၏ ဖခင်သည် Bank of America (BOA) ၏ ဆိုင်းဂုံ ဘဏ်ခွဲ၏ ဒုဥက္ကဌ ဖြစ်သည်။ သူ၏ မိသားစုအား ဆိုင်းဂုံ မှ ထွက်ပြေး နိုင်ရန် BOA မှ လေယာဉ် စီးလုံးငှား၍ စီစဉ် ပေးခဲ့သည်။ ထို့အတွက် လည်း အများသူငါလို ဒုက္ခသည်စခန်း တွင် ဂုဏ်သိက္ခာ မဲ့စွာ နေထိုင်ရမည့် အဖြစ်မှ လွတ်ကင်းသွားသည်။
သူ၏ ထူးခြား ပေါ်လွင်သည့် အချက်မှာ ခက်ခက်ခဲခဲ မကြိုးစားရဘဲ အများတကာထက် မြင့်မြတ်ထူးခြားသည့် ဟန်ပန် ရှိနေခြင်း ဖြစ်သည်။ သူ၏ နှုတ်ခမ်း အပေါ်တွင် ကလပ် ဂေဘယ်ကဲ့သို့ နှုတ်ခမ်းမွှေး ခပ်ရေးရေး ရှိနေသည်။ ထိုကဲ့သို့သော နှုတ်ခမ်းမွှေးသည် မိမိကိုယ် မိမိ မိန်းမကြိုက်လူချော များဟု စိတ်ကူးယဉ်ကြသည့် တောင်ပိုင်းသား များ အကြိုက် အဆင်တန်ဆာ တခုလည်း ဖြစ်သည်။
ကျွန်တော်သည် ဆိုင်းဂုံတွင် ရှိစဉ်က ဗိုလ်ချုပ်ကြီး၏ လက်ထောက် အဖြစ် သူ နှင့် ကြိမ်ဖန် များစွာ ဆုံခဲ့ဖူး၍လည်း ယခုလို ဖိတ်ကြားခံရခြင်း ဖြစ်သည်။ စင် ပေါ်တွင် ထိုင်ရသည့် အကွာအ ဝေး ကို လိုက်၍ ကျွန်တော်၏ အဆင့်အတန်းကို ဆုံးဖြတ်သည်။ တကယ်လည်း ဝေးနေပြီး အိမ်သာနား သို့ ပင် ရောက်နေသည်။ ကလေးများ ဝိုင်းနှင့် တေးဂီတ သမားများ ထိုင်သည့် စားပွဲများ ခံနေ၍သာ ပိုးသတ်ဆေး အနံ့မှ သက်သာခဲ့ရခြင်း ဖြစ်သည်။
ကျွန်တော် နှင့် အတူ ထိုင်ရသူများက အငယ်တန်း အဆင့် အရာရှိ နှစ်ဦး၊ BOA တွင် အဆင့်နိမ့် ရာထူး များ ဖြင့် ဝင်ရောက်လုပ်ကိုင်နေကြရသော ယခင် အလယ်အလတ်ဆင့် ဘဏ် အမှုဆောင် နှစ်ဦး၊ ၎င်းတို့၏ ယောက္ခမ ဆွေမျိုးများ၊ ဇနီးများ ဖြစ်သည်။
ခက်ခဲကြပ်တည်းသည့် အချိန် တွေ တုန်းကဆိုလျင် ကျွန်တော် ထိုင်ခုံတစ်နေရာ ရမှာမဟုတ်ပေမဲ့၊ အခုတော့ ကျွန်တော်တို့ အမေရိကန် တွင် ခိုလှုံ နေသည်မှာ တစ်နှစ်ကျော်လာပြီ ဖြစ်သလို၊ တချို့လူတွေအတွက်လည်း စီးပွားရေးကောင်းတဲ့အချိန်တွေ ပြန်ရောက်လာပြီ ဖြစ်သည်။
ကလပ် ဂေဘယ် နှုတ်ခမ်းမွှေး နှင့် လူသည် ဝက်စ် မင် စတာ တွင် တရုတ် စားသောက်ဆိုင် ဖွင့်ထားပြီးမိသားစုကိုလည်း မြို့စွန် ပိုင်း တွင် မွေးမြူရေ ခြံ ကြီး ဝင်းကြီး နှင့် ထားနိုင်သည်။ ဆိုင်းဂုံ တွင် ဗီလာ ကြီးနှင့် နေသည့် အဆင့်မှ နိမ့်ကျသွားသော်လည်း ယခု ဧည့်ခံပွဲသို့ ရောက်လာသူ အားလုံး နီးပါးထက် မြင့်နေသေးသည်။
ဝက်စ်မင်စတာ သည် ဆန်နီ၏ မြို့ဖြစ်သည်။ ကလပ် ဂေဘယ် အား အာဏာ ဗဟိုချက်မ နှင့် ပိုပြီး နီးသည့် စားပွဲ ဝိုင်းတွင် တွေ့လိုက်ရသည်။ သူနဲ့ ပတ်သက်၍ အပြုသဘော ဆောင်သည့် သတင်းမျိုး ပါလာစေရန် ကြိုးပမ်းမှုလည်း ဖြစ်သည်။
စားသောက်ဆိုင်ထဲတွင် အသံဗလံများ ဆူညံနေသည့်ကြားတွင် အနီရောင် ဂျက်ကက်များ ဝတ်ထားသော တရုတ် စားပွဲထိုးများသည် စားပွဲဝိုင်းများ အကြား သွားလာနေသည့် ကြားတွင် ကြွေကွဲ ဝမ်းနည်းဖွယ်ရာ အရိပ်အယောင်များ လွှမ်းခြုံနေသည်။ သတိုးသမီး၏ ဖခင်အား မင်္ဂလာပွဲတွင် ထူးထူးခြားခြား မတွေ့ရ၊ ဆိုင်းဂုံ ၏ နောက်ဆုံး နေ့တွင် မြို့တော်၏ အနောက်ဖက် မှ ချဉ်းကပ်လာမည့် လမ်းကို သူ့တွင် ရှိ တပ်ရင်း၏ လက်ကျန် အင်အား နှင့် ကာကွယ်ရင်း သူ အပါအဝင် အားလုံး အဖမ်းခံလိုက်ရသည်။
ဗိုလ်ချုပ်ကြီးက သူ၏ ဧည့်ခံပွဲ မိန့်ခွန်းတွင် ထည့်ပြီး ချီးကြူးသွားခဲ့၍ အားလုံး၏ ခံစားချက် များ လှုပ်နှိုး ခံလိုက်ရသလို ဖြစ်ပြီး မျက်ရည်များ ဝိုင်းလာကြသည်။ စစ်ပြန်များ အားလုံးသည်လည်း ၎င်းတို့တွင် သူရဲကောင်း ဆန်မှု ကင်းမဲ့နေ၍ စိတ်မသက်မသာ ဖြစ်နေမှု ကို ဖုံးကွယ်ရန် သူရဲကောင်း ဖြစ်နေသူ အကြောင်း အသံကျယ်ကျယ် ဖြင့် ဂုဏ်ယူ ပြောဆိုကြပြန်သည်။