မြန်မာအပေါ် အမေရိကန် မူဝါဒအသစ် ကို ထင်ဟပ်စေခဲ့သည့် ကန် သံအမတ်အသစ်၏ အပြော

by Hla Soewai - Aug 11 2020

မြန်မာနိုင်ငံတွင် ရှေ့လျှောက် ပြုပြင်ပြောင်းလဲရေး များ တိုးတက် ဖြစ်ပေါ်ရေးနှင့် ‘ဆိုးဝါးစွာ အန္တရာယ် ပေးလာနိုင်သည့် ဩဇာလွှမ်းမိုးမှု ရန်” မှ ကာကွယ်ပေးသွားမည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်အသစ် အဖြစ် ထရန့်၏ မေလအတွင်းက လျာထားခြင်း ခံရသူ သောမတ်စ် လာဇလို ဗိုင်ဒါ က ဆီးနိတ် နိုင်ငံခြားဆက်ဆံရေး ကော်မတီ၏ ကြားနာ စစ်ဆေးပွဲတွင် အစစ်ခံရာ ၎င်း၏ သဘောထားကို ယခုလို ထည့်သွင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

 

သံအမတ်အဖြစ် မိမိ၏ ရည်မှန်းချက်သည် မြန်မာတွင် အမေရိကန်၏ အကျိုးစီးပွား နှင့် တန်ဖိုးထားချက်များကို ဖော်ဆောင်သွားရန်၊ အန္တရာယ် ကျရောက်နိုင်သည့် ဩဇာလွှမ်းမိုးလာမှု မှ ကူညီကာကွယ်ပေးသွားမည်ဟု ပြောခဲ့သည်။ ယင်းသည် တရုတ်အား ရည်ညွှန်း လိုက်ခြင်းပင် ဖြစ်သည်။

 

အမေရိကန် အနေဖြင့် မြန်မာ၏ ပြုပြင် ပြောင်းလဲမှုများ ဆက်လက် ဖြစ်ပေါ်ရေး အတွက် ထိတွေ့ဆက်ဆံ သွားရေးသည် မဖြစ်မနေ လိုအပ်ကြောင်း၊ ပြည်ပ မှ အန္တရာယ်ပေးလာမည့် ဩဇာလွှမ်းမိုးမှု နှင့် ၎င်းတို့၏ အချုပ်အခြာအာဏာကို စိမ်ခေါ်လာနေမှုများအား မြန်မာတို့မှ ဆန့်ကျင် တွန်းကန်နေမှုများကိုလည်း မိမိတို့မှ ထောက်ခံသွားရေးသည် လွန်စွာ အရေးပါကြောင်းလည်း ပြောကြားသွားခဲ့သည်။

 

ထိုသို့ ထောက်ခံမှု ပေးရာတွင် ပြည်တွင်းနေ လူမှု့အသိုက် အဝန်းအား မဆိုသလောက်သာ အကျိုးရှိစေမည့် မမျှတသော ရင်းနှီးမြုပ်နှံမှုများ နှင့် အပေးအယူများကို ပြန်လည် တွန်းထုတ်နေကြသည့် အစိုးရ အရာရှိများ၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး ကို ဖေါ်ဆောင်နေသူများ နှင့် မြို့ပြ လူ့အဖွဲ့အစည်းများအား ဆက်လက် ကူညီသွားဖို့ လိုအပ်နေသည်ဟု လည်း ဆိုသည်။

 

ဗိုင်ဒါသည် တရုတ်ပြည်အား နာမည်တပ် ပြောမသွားသော်လည်း မမျှတသော ရင်းနှီးမြုပ်နှံမှု ပြုလုပ်နေခြင်း ဆိုသည်မှာလည်း တရုတ်ပြည်ကို ရည်ညွှန်းပြောဆိုသွားခြင်းပင် ဖြစ်သည်။

 

ထို့အပြင် ၂၀၁၈ ဩဂုတ်လအတွင်း မြန်မာ စစ်တပ်မှ “ရိုဟင်ဂျာ” ဆိုသူများ အပေါ် ရက်စက်စွာ ကျူးလွန်ခဲ့မှုများ ကို ကြည့်မည်ဆိုက နိုင်ငံအတွင်း “အဓိပ္ပါယ်ရှိသော အပြောင်းအလဲများ” ဆက်လက် ဖြစ်ပေါ်ရေးသည် လိုအပ်နေကြောင်းကို ပို၍ ရှင်းလင်းစွာ သိသာ ထင်ရှားစေခဲ့သည်ဟု ဆီးနိတ် ကော်မတီ ရှေ့မှောက်တွင် ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သား အစိုးရသည် ပြုပြင်ပြောင်းလဲရေး အချို့ကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့ပြီး အချို့နေရာများတွင် တန့်နေသည့် အဖြစ်နှင့် ကြုံနေရကြောင်း ၊ တန့်နေသည့် အပိုင်းများသည် တိုင်းရင်းသား များနှင့် ဘာသာခြား လူနည်းစုများ ဘေးရောက်နေခြင်း နှင့် စစ်တပ်သည် နိုင်ငံရေးတွင် ဆက်လက် ပါဝင်နေခြင်းများ ကြောင့်ဖြစ်သဖြင့် ဆက်လက် ကြိုးပမ်းသွားရေးသည် မရှိမဖြစ် လိုအပ်ချက် ဖြစ်လာခဲ့ရသည်ဟုလည်း ဆိုသည်။

 

နိဂုံးချုပ်အနေဖြင့် ဗိုင်ဒါက ဆီးနိတ် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အနေဖြင့် မြန်မာပြည်အား အနီးကပ် စောင့်ကြည့်ပြီး မြန်မာပြည်သူတို့ ရင်ဆိုင်နေရသော ကြီးမားလှသည့် စိန်ခေါ်မှုများအား နားလည် ပေးသည်ကို မိမိသိရှိပါကြောင်း၊ နှစ်ပေါင်း ငါးဆယ်နီးပါး မြန်မာစစ်တပ် နှင့် ၎င်းတို့ထောက်ခံသည့် အစိုးရများက အကြမ်းဖက် ဖိနှိပ်အုပ်ချုပ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြသဖြင့် နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု သမိုင်းကြောင်းနှင့်အတူ ပြည်တွင်း ပဋိပက္ခများ၊ အားနည်းသော အုပ်ချုပ်ရေး စနစ်၊ မတိုးတက်သော စီးပွားရေး များသာ ကျန်ရစ်ခဲ့ကြောင်း အစရှိသည်ဖြင့် ပြောဆိုခဲ့သည်။

 

ဤသည်က မြန်မာ နှင့် ပတ်သက်၍ အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒကို အထင်ရှားဆုံး ဖေါ်ပြလိုက်ခြင်းပင် ဖြစ်သည်။

 

ပြီးခဲ့သည့် လ အတွင်း ရန်ကုန်ရှိ အမေရိကန် သံရုံးယာယီ တာဝန်ခံ ဂျောချ် ဆစ်ဘလီ မှလည်း တရုတ်သည် မြန်မာအပါအဝင် ၎င်း၏ အိမ်နီးချင်း နိုင်ငံများ၏ အချုပ်အခြာအာဏာ ကို လှိုက်စားပြီး ထိခိုက် ပျက်စီးရန် ကျယ်ကျယ် ပြန့်ပြန့် စီမံချက်ချ လုပ်ဆောင်နေသည်ဟု ဆိုရှယ် မီဒီယာ တွင် ရေးသားလာခဲ့သည်။

 

တရုတ် သံရုံးမှလည်း မိမိတို့နှင့် မြန်မာဆက်ဆံရေးကို ထိခိုက် ပျက်ပြားအောင် နှင့် တရုတ်နိုင်ငံအား နာမည်ဖျက်ရန် ကြိုးပမ်းခြင်း သက်သက် ဟု ပြန်လည် ရေးသား တုန့်ပြန်လာခဲ့သည်။ ထို့အပြင် တရုတ်-မြန်မာ ဆက်ဆံရေး ကောင်းမွန်နေမှု အပေါ် မစားရသည့် အမဲ သဲနှင့် ပက်ချင်သည့် အမေရိကန်တို့၏ စိတ်ကို ထင်ဟပ်စေခဲ့သည်ဟုလည်း ပါရှိခဲ့သည်။

 

သောမတ် လာဇလို ဗိုင်ဒါသည် ၂၀၀၈ မှ ၂၀၁၁ အထိ ရန်ကုန် ရှိ အမေရိကန် သံရုံး ဒုတိယအကြီးအကဲ အဖြစ် ၎င်း၊ ၂၀၁၈-၂၀၂၀ မေလ အထိ တောင်အာရှ ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး အဖြစ်၎င်း၊ တာဝန်ထမ်းဆောင်ခဲ့ဘူးသူ ဖြစ်သဖြင့် ယခုလို ၎င်းအား အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ပေး စေလွှတ်ရန် ဆုံးဖြတ်လိုက်ခြင်းကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံသည် အမေရိကန်အတွက် လွန်စွာ အရေးပါနေပြီ ဖြစ်သည်ကို ပြဆိုလိုက်ခြင်းပင် ဖြစ်ပေသည်။

 

လာမည့် ရွေးကောက်ပွဲသည် မြန်မာ အနေဖြင့် တရုတ် ဩဇာခံ စက်ဝန်း အတွင်း ပြန်လည် ဝင်ရောက် သွားခြင်း ရှိမရှိ ကို အဆုံး အဖြတ် ပေးမည့် ပွဲလည်း ဖြစ်သဖြင့် အမေရိကန်တို့ စိုးရိမ်တကြီး ဖြင့် စောင့်ကြည့် နေကြတော့မည်သာ ဖြစ်ပေသည်။