Eurasia Review တွင် ပါရှိသည့် "Cold Peace At China’s Doorstep: The Frozen War And The Return Of Great Power Rivalry In Myanmar" ဆောင်းပါးမှ သိသင့်သိထိုက် သော အ ကြောင်းအရာ များ ဖြစ်၍ ကောက်နှုတ်တင်ပြအပ်ပါသည်။
၂၀၂၃ နှစ်ကုန် ပိုင်းလောက်ကစ၍ တရုတ်သည်ယခင် မတုန်မလှုပ် ရပ်ကြည့်နေသူ အဖြစ်မှ မြန်မာ ပြည်တွင်းစစ် တွင် ပွဲစား ဝင်လုပ်လာခဲ့သည်။ သိုသိုသိပ်သိပ် ဆွေးနွေးပွဲများ မှတဆင့် MNDAA, TNLA တို့ နှင့် အပစ်အခတ် ရပ်စဲရေး ထွက်ပေါ်လာခဲ့သည်။ သေနတ်သံ၊ ဗုံးသံများသာ တိတ်ဆိတ်သွားသော်လည်း နာကြည်းချက်များကတော့ ပျောက်ကွယ်သွားခြင်း မရှိပေ။
တရုတ်၏ "အပစ်အခတ် ရပ်စဲရေး ဒီပလိုမေစီ" သည် အချင်းချင်း ပြန်လည် သင့်မြတ်ရေးထက် ပြန့်ပွား မလာအောင် ထိန်းချုပ်ထားနိုင်ရန်သာ ရည်ရွယ်ပေသည်။ ရရှိလာသည့် အပစ်အခတ် ရပ်စဲရေးများသည်လည်း ယာယီ ငြိမ်သက်သွားပြီး လုပ်ငန်းများ ဆက်လက် လည်ပတ် နိုင်ရန်သာ ဖြစ်လာပြီး နက်ရှိုင်းလှသည့် နိုင်ငံရေး အကျပ်အတည်းကို နကိုယ်အတိုင်း ပစ်ထားခဲ့သည်ချည်းပင် ဖြစ်သည်။
ဘီဂျင်းသည် ငြိမ်းချမ်းရေး အတွက် ဖြန်ဖြေသူ မဟုတ်ဘဲ ပဋိပက္ခ ကိုင်တွယ်သည့် မန်နေဂျာ အဆင့်သာ ရှိပေသည်။ မြန်မာ၏ ပြည်တွင်း အကွဲအပြဲက နက်ရှိုင်းလာနေသော်လည်း ၎င်းတို့ အတွက် မဟာဗျူဟာ နှင့် စီးပွားရေး ပိုင်းတွင်တော့ အကျိုးရှိလာအောင် လုပ်နိုင်ခဲ့သည်။ မြန်မာ၏ အေးခဲလာနေသော စစ်ပွဲ အား အနေအထား မပျက် တည်ငြိမ်မှု ရရေး၊ တရားမျှတမှု ကင်းမဲ့သည့် ငြိမ်းချမ်းရေး၊ ပါဝင်မှု မရှိသည့် ဆွေးနွေးပွဲ များ ကိုသာ သဘောကျသည်။
မြန်မာ ပြဿနာအား သဘောတရားရေးထက် ပထဝီ အနေအထား နှင့် လုံခြုံရေး အရ လက်တွေ့ကျကျ ကိုင်တွယ်ခဲ့သည်။ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ စီးပွားရေး အကျိုးစီးပွားများ ကာကွယ်ရေး၊ ဒေသတွင်း ဩဇာ သက်ရောက်ရေး တို့ ဖြစ်သည်။
ထို့အတွက်လည်း ပထဝီ အနေအထားအရ နယ်ခြားဒေသ စင်္ကြန်လမ်းများ၊ ကုန်သွယ်ရေး လမ်းကြောင်းများ၊ စီးပွားရေး ဇုံများ ရှိရာ ဒေသများတွင်သာ အပစ်အခတ် များ ငြိမ်သက်သွားအောင် ဦးစားပေးခဲ့သည်။
၎င်းတို့၏ လုပ်ဆောင်ချက်/ရည်ရွယ်ချက်များသည် ပြဿနာရဲ့ အရင်းအမြစ်ကို ခြုံငုံမိစေမည့် နိုင်ငံရေးဖြေရှင်းချက် ကို အလေးမထားဘဲ၊ ပြဿနာကို ဒေသတစ်ခုတည်းမှာသာ ထိန်းချုပ်ဖြေရှင်းလိုသည့် မူဝါဒကို ဖော်ပြနေသည်။
သဘောတူညီချက် အများစုမှာ နည်းဗျူဟာပိုင်းဆိုင်ရာ အလျှော့အတင်းများ၊ ထိုးစစ်များ ရပ်ဆိုင်းခြင်း၊ အငြင်းပွားနယ်မြေများမှ တစ်စိတ်တစ်ပိုင်း ဆုတ်ခွာခြင်း၊ သို့မဟုတ် အဓိက ကုန်သွယ်ရေး စစ်ဆေးရေးဂိတ်များ ပြန်ဖွင့်ခြင်း တို့ ဖြစ်သည်။ ဤကတိကဝတ်များသည် နယ်စပ်တစ်လျှောက် ကုန်သွယ်မှုနှင့် ငြိမ်သက်မှုကို ပြန်လည် ဖော်ဆောင်ရန် ရည်ရွယ်သည့် ကျဉ်းမြောင်းသော လက်တွေ့ကျမှု သာ ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နေချိန်တွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဖွဲ့စည်းပုံ၊ သို့မဟုတ် နိုင်ငံရေးအရ တရားဝင်မှု မပါဝင်ပေ။
အလားတူ ထင်ရှားပေါ်လွင်လာသည်က သဘောတူညီချက်များ လိုက်နာစေရန် အကောင်အထည်ဖော်မှု ယန္တရားများ၏ အားနည်းချက် ပင်ဖြစ်သည်။ သဘောတူညီချက်များသည် ပြင်ပအဖွဲ့အစည်း၏ စစ်ဆေးအတည်ပြုခြင်း သို့မဟုတ် ချိုးဖောက်ပါက ယုံကြည်လက်ခံနိုင်သော အရေးယူဒဏ်ခတ်မှုများ မပါဘဲ၊ အရေးပေါ် ဆက်သွယ်ရေး လမ်းကြောင်းများ သို့မဟုတ် နှစ်ဦးနှစ်ဖက် စောင့်ကြည့်ရေး ကော်မတီများ ပေါ်တွင်သာ အားထားနေရသည်။ တရုတ်နိုင်ငံကမူ စီးပွားရေး ဆွဲဆောင်မှုများ ဥပမာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်ခြင်း သို့မဟုတ် ဖွံ့ဖြိုးရေး အကူအညီများ ပေးအပ်ရန် ကတိများ စသည်တို့ကသာ လိုက်နာအောင် ရေရှည် ထိန်းထားနိုင်လိမ့်မည်ဟု ယူဆထားသည်။
ဤနည်းဖြင့် အမှန်တကယ် ပြန်လည်သင့်မြတ်ရေးထက် အပေးအယူသဘောဆောင်သော သံတမန်ရေး နှင့် ရွေးချယ် ထိတွေ့ဆက်ဆံမှုတို့ ပေါင်းစပ်ထားသည့် ပုံစံသည် သာ သာယာဝပြောမှု နှင့် တည်ငြိမ်အေးချမ်းမှု တို့အား အပြန်အလှန် အားဖြည့် ပေးမည်ဟူသော ဘီဂျင်း၏ ယုံကြည် နေမှုကို ပေါ်လွင်ထင်ရှားစေသည်။
စစ်အုပ်စုအား အသက်ရှူ ပေါက် ရရန် အတွက်သာ ဖြစ်ပြီး ၎င်းတို့၏ အနာဂတ်၊ ဖက်ဒရယ် စနစ် အစရှိသည့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်း ပေး ခြင်း မရှိသည့် အတွက် နိုင်ငံသည် ဆက်၍ အကွဲကွဲ အပြားပြား ဖြစ်နေဦးမည်သာ ဖြစ်သည်။
#အိန္ဒိယ
အိန္ဒိယနိုင်ငံအတွက်မူ မြန်မာနိုင်ငံတွင် တရုတ်၏ လုပ်ရဲကိုင်ရဲ ဖြစ်လာသော သံတမန်ရေး သည် စိန်ခေါ်မှု တစ်ရပ်ဖြစ်သလို အခွင့်အလမ်း တစ်ရပ်ကိုလည်း ဖော်ဆောင်ပေးသည်။ မြန်မာနိုင်ငံသည် အိန္ဒိယ၏ 'အရှေ့မျှော် မူဝါဒ' ၏ အဓိက ကျောက်တိုင် တစ်ခုဖြစ်ပြီး တောင်အာရှနှင့် အရှေ့တောင်အာရှကို ဆက်သွယ်ပေးသည့် ကုန်းတွင်းတံတား အဖြစ် ရှိနေသည်။ ကလာဒန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း နှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဆက်သွယ်ရေး အဝေးပြေးလမ်းမကြီးကဲ့သို့သော အဓိက စီမံကိန်းကြီးများသည် အနောက်ဘက် နယ်စပ်တစ်လျှောက် လုံခြုံရေး အခြေအနေ ကြိုတင်ခန့်မှန်းနိုင်မှု အပေါ်တွင် မူတည်နေသည်။
သို့သော် ချင်း နှင့် စစ်ကိုင်း ဒေသများတွင် မတည်ငြိမ်မှု များ ဆက်လက် ဖြစ်ပေါ်နေခြင်းက အိန္ဒိယ ၏ စီမံကိန်းများကို ပျက်ပြားလာစေခဲ့သည်။
တရုတ်မှ မြောက်ပိုင်း ဒေသများတွင် ဩဇာအာဏာ ချဲ့ထွင့်လာခြင်းကြောင့် အိန္ဒိယ သည် ဘေးရောက်သွားသလို ဖြစ်လာသည်။ မီဇိုရမ် နှင့် မဏိပူရသို ဒုက္ခသည်များ ဝင်ရောက်လာမှုကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်လာရသည်။
ထို့အတွက် အိန္ဒိယ သည် သိမ်သိမ်မွေ့မွေ့ ဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်သွားရတော့မည် ဖြစ်သည်။ တဖက်တွင် ၎င်းတို့၏ စီမံကိန်းများ အတွက် စစ်အုပ်စု နှင့် ပုံမှန်ဆက်ဆံနေရသလို တဖက်တွင်လည်း အာဆီယံ၊ ဂျပန်၊ အနောက်နိုင်ငံ များ နှင့် တိတ်တဆိတ် ပေါင်း၍ တရုတ်ဩဇာ အာဏာ ချဲ့ထွင်လာမှု ကို ဟန့်တားနိုင်ရန် လုံးပမ်းရ တော့မည် ဖြစ်သည်။
#ဘင်္ဂလားဒေ့ရှ်
ဘင်္ဂလားဒေ့ရှ် သည် မြန်မာ၏ မတည်ငြိမ်မှုများ ကြောင့် ဖြစ်ပေါ်လာသော ရိုဟင်ဂျာ တို့ အပေါ် စာနာ ထောက်ထားနေရသည့် အကျပ်အတည်းကြီးကို ထမ်းရွက်နေရပြီ ဖြစ်သည်၊ တရုတ်သည် ကောက်ဘဇား တွင် ရှိ ရိုဟင်ဂျာ ဒုက္ခသည် တသန်း ကျော်ခန့် ပြန်ပို့နိုင်ရေးကို အခါအားလျော်စွာ ကြားခံ အဖြစ် ဆောင်ရွက်ပေးသော်လည်း မြန်မာ အား အနောက်နိုင်ငံ တို့ ပြစ်တင် လာနေသည်များကို အကာအကွယ် ပေးနိုင်ရန်သာ ဦးစားပေးခဲ့သည်။
ယခုအခါ အာရက္ခ တပ်တော်သည် ရခိုင်ပြည်နယ်၏ ၉၀ ရာနှုန်းကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်၍ တရုတ်အဖို့ စစ်အုပ်စု ကို ဖိအားပေး၍ တဖက်သတ် ဖြေရှင်းမရ ဖြစ်နေသည်။
ဘီဂျင်း သည် အာရက္ခ တပ်တော် အပေါ် ဩဇာလွှမ်းမိုးမှု အများအပြား ရှိနေသော်လည်း၊ အဓိပ္ပာယ်ပြည့်ဝသော တိုးတက်မှု တစ်စုံတစ်ရာ ရရှိရေး သည် တရုတ်နိုင်ငံ၏ ရိုဟင်ဂျာများ ပြန်လည်ပို့ဆောင်ရေး ကို ထောက်ခံပေးလိုစိတ် အပေါ်တွင်သာ မူတည်နေသည်။ တရုတ်နိုင်ငံအနေဖြင့် ယခုအချိန်အထိ ရှောင်ရှားနေသည့် အရာတစ်ခု လည်းဖြစ်သည်။
ပဋိပက္ခများ နှင့် နပမ်းလုံးနေရသော မြန်မာသည် တရုတ် အပေါ် တိုး၍ မှီခိုလာနေရသဖြင့် ဘင်္ဂလားဒေ့ရှ် အတွက် မလူးသာ မလွန့်သာ ဖြစ်လာရသည်။ မြန်မာတွင် စစ်မှန်သော နိုင်ငံရေး တိုးတက်မှု မရသရွေ့ ဘင်္ဂလားဒေ့ရှ် အတွက် လူမှုရေး နှင့် လုံခြုံရေး ပိုင်းတွင် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေဦးမည်သာ ဖြစ်သည်။
#ထိုင်း
ထိုင်းသည် ကရင် နှင့် ကရင်နီ ဒေသများနှင့် နယ်စပ်ခြင်း ထိစပ်နေ၍ တရုတ်၏ မြောက်ပိုင်း တွင် ငြိမ်သက်သွားအောင် အကန့်အသတ် နှင့် လုပ်နိုင်ခဲ့မှု အပေါ် မသိမသာ ကြိုဆိုခဲ့သည်။ နယ်စပ်ဒေသ ကုန်သွယ်ရေး တည်ငြိမ်လာမှု နှင့် ဒုက္ခသည်များ ဝင်ရောက်လာမှု လျော့ကျသွားစေနိုင်သည်ဟု ယုံကြည်ထား၍ ဖြစ်သည်။
မည်သို့ပင်ဆိုစေ ပဋိပက္ခများ ယာယီ ငြိမ်သက်သွား၍ သက်သာရာရခဲ့သည် ဆို သော်လည်း ဒေသတွင်း ဘီဂျင်း၏ လွှမ်းမိုးမှု တိုးလာခြင်းအပေါ် စိုးရိမ်ပူပန်လာခဲ့သည်။ တရုတ်နိုင်ငံ၏ အပစ်အခတ်ရပ်စဲရေး သံခင်းတမန်ခင်း ကို တစ်ဦးတည်း ပိုင်ဆိုင်ချုပ်ကိုင်လာမှုသည် ထိုင်းနိုင်ငံ၏ ကိုယ်ပိုင် ဩဇာအာဏာ နှင့် အာဆီယံအဖွဲ့၏ စုပေါင်းအခန်းကဏ္ဍ ကိုပါ အရေးမပါအောင် ဘေးဖယ်ထားသလို ဖြစ်လာခဲ့သည်။
ထို့ကြောင့် ထိုင်းနိုင်ငံ၏ မဟာဗျူဟာသည် အကျိုးကိုသာ ကြည့်သော ထိန်းချုပ်မှု တစ်ရပ် ဖြစ်သည်။ ၎င်းသည် နယ်စပ် စီမံခန့်ခွဲရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ မူဝါဒ တွင် ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့်ကို ထိန်းသိမ်းထားရင်း၊ တစ်ချိန်တည်းမှာပင် တရုတ်၏ တည်ငြိမ်အောင် လုပ်ဆောင်မှုများကို တိတ်တဆိတ် ထောက်ခံသည်။ ဘန်ကောက်၏ ဟန်ချက်ညီအောင် ထိန်းညှိနေမှု သည် အာဆီယံ၏ ပိုမိုကျယ်ပြန့်သော ချဉ်းကပ်ပုံ အတိုင်းပင် ဖြစ်သည်။ယင်း မှာ တရုတ်၏ ဦးဆောင်မှုကို သတိကြီးစွာ လက်ခံခြင်း နှင့်အတူ အလွန်အကျွံ မှီခိုမှု မဖြစ်စေရန် လျှို့ဝှက်စွာ ဟန်ချက်ညီအောင် လုပ်ဆောင်ခြင်း တို့ကို တွဲဖက်ထားသည်။
#အမေရိကန်
တရုတ်နိုင်ငံသည် ပဋိပက္ခဆိုင်ရာ သံတမန်ရေးကို လွှမ်းမိုးထားသော်လည်း၊ အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ ပိုမိုကျယ်ပြန့်သော အင်ဒို-ပစိဖိတ် မဟာဗျူဟာကို ပြန်လည်ချိန်ညှိမှု ၏ တစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံ၏ အဖျားအနား သို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ ကြီးမားသော အမေရိကန် ကောင်စစ်ဝန်ရုံး အဆောက်အအုံ အသစ်ကြီး သည် ပြီးစီးခါနီးပြီ ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကို စောင့်ကြည့်ရန် ရည်ရွယ်သည့် ထောက်လှမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဗဟိုချက် တစ်ခု ဖြစ်သည်။
မဟာဗျုဟာ အရ ဝါရှင်တန်သည် ရခိုင်ပြည်နယ် နှင့် ဘင်္ဂလား ပင်လယ်အော်ကို အဓိက ထားလာသည်။ ၎င်းတို့ကို လိုလားသော ဒေသတွင်း အုပ်ချုပ်ရေးမျိုး ရှိလာပါက တရုတ်၏ ယူနန်-ကျောက်ဖြူ လမ်းကြောင်းကို နှောက်ယှက်နိုင်ပြီး အိန္ဒိယ သမုဒ္ဒရာ ဖြတ်လမ်းကို ပိတ်ဆို့နိုင်သည်။
အရပ်သား ထိခိုက်သေဆုံးမှုများ မြင့်တက်လာပါက အမေရိကန်ပြည်ထောင်စုသည် လေကြောင်းမှ အကန့်အသတ် နှင့် စစ်ဆင်ရေးများ သို့မဟုတ် လူသားချင်း စာနာမှုဆိုင်ရာ 'လေယာဉ်ပျံသန်းမှု ကန့်သတ်ဇုန်များ' ကဲ့သို့ အခြေအနေများအတွက် အရံသင့် ထားနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟူသော ထင်မြင်ယူဆချက်များ ရှိခဲ့သည်။ လက်တွေ့ အကောင်အထည် မပေါ်သေးသော်လည်း၊ ဤဆွေးနွေးမှုများသည် မြန်မာနိုင်ငံသည် ယခုအခါ အမေရိကန်၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာ (Indo-Pacific strategy) အတွင်းတွင် မည်သို့ ပါဝင်လာနိုင်သည်ကို ထင်ဟပ်နေသည်။
ဝါရှင်တန် သည် ကြားခံနိုင်ငံများ ဖြစ်သော ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် တို့အပေါ်တွင်သာ အားကိုးရမည့်အပြင်၊ လျှို့ဝှက် ထောက်လှမ်းရေး အချက်အလက်များ ဖလှယ်ခြင်း ကိုလည်း လုပ်ဆောင် နေသည်။ ၎င်း၏ ချဉ်းကပ်ပုံမှာ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှု မဖြစ်စေဘဲ တရုတ်၏ လွှမ်းမိုးမှုကို ရှုပ်ထွေးသွားစေရန် ရည်ရွယ်သည့် ထိန်းချုပ်စီမံထားသော အနှောင့်အယှက်ပေးမှု တစ်ခု ဖြစ်သည်။
တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုကို လုံးဝဥဿုံ ပြစ်တင်ရှုတ်ချခြင်း သည် လက်တွေ့မကျသလို အကျိုးလည်းမဖြစ်ထွန်းနိုင်။ သို့သော် အကဲဖြတ်မှုမရှိဘဲ လက်ခံလိုက်ခြင်း သည် အဓိက ပါဝင်သူများကို ချန်လှပ်ထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို အမြစ်တွယ်စေပြီး၊ အပိုင်းပိုင်းပြိုကွဲနေသော၊ စစ်အုပ်ချုပ်ရေးပုံစံ ကို ပုံမှန်အခြေအနေအဖြစ် ဖြစ်သွားစေနိုင်သည့် အန္တရာယ် ရှိသည်။
ယခုအခါ အင်အားကြီး နှစ်နိုင်ငံ သည် မြန်မာနိုင်ငံတွင် 'တည်ငြိမ်အေးချမ်းမှု' ဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို သတ်မှတ်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ ၎င်းတို့အနက် တစ်နိုင်ငံက ထိန်းချုပ်ခြင်း မှတစ်ဆင့် လုပ်ဆောင်ပြီး၊ ကျန်တစ်နိုင်ငံက ရှုပ်ထွေးအောင် ပြုလုပ်ခြင်း မှတစ်ဆင့် လုပ်ဆောင်သည်။ ရလဒ်မှာ ပြဿနာ ဖြေရှင်းရေး တစ်ခု ဖြစ်လာမည့်အစား၊ အာဏာနှစ်ရပ် လွှမ်းမိုးချုပ်ကိုင်မှု သာ ဖြစ်လာဖွယ်ရှိသည်။ ၎င်းနေရာတွင် စစ်ပွဲသည် ပူးပေါင်းရည်ရွယ်ချက်တစ်ခုဖြင့် အဆုံးသတ်မသွားဘဲ၊ ပြိုင်ဘက် အင်အားစုများ၏ လိုအပ်ချက်များအကြားတွင် ရပ်တန့်နေလိမ့်မည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!