နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ (၂)
*************
လီယိုပိုး နှင့် လိုဘ် တရားခွင် (၃)
ဒဲရိုး ၏ ဆုံးဖြတ်ချက်ကြောင့် လူတိုင်းနီးပါး အံ့အား တသင့် ဖြစ်သွားခဲ့ရသည်။ လီယိုပိုး နှင့် လိုဘ် နှစ်ဦးစလုံးအား စွပ်စွဲထားသည့် နှစ်မှု စလုံး အတွက် အပြစ်ရှိကြောင်း ထွက်ဆိုစေခဲ့သည်။ ထို့အတွက် ဆက်၍ တရားစီရင် ဆုံးဖြတ်ပေးစရာ မလိုတော့ပဲ အပြစ်ဒဏ် ချမှတ်ဖို့သာ ကျန်တော့သည်။ တရားခံများက အပြစ်ရှိကြောင်း ဝန်ခံထားပြီး ဖြစ်၍ မည်သို့သော အပြစ်ဒဏ်မျိုး ချမှတ်ရမည် ဆိုသည်က အမှု စီရင်သော တရားသူကြီး အပေါ် လုံးလုံးလျားလျား ကျရောက်လာပြီ ဖြစ်သည်။
အကယ်၍ ဂျုရီလူကြီးများ ဖြင့် ဆုံးဖြတ်ရမည် ဆိုလျင် မည်သို့သော အပြစ်ဒဏ်မျိုး ချမှတ်ရမည် ဆိုသည်က ဂျုရီများ သတ်မှတ်ပေးရမည် ဖြစ်သည်။ ထိုအချက် သည် ဒဲရိုး အတွက် ပို၍ အရေးကြီးလာသည်။ အကယ်၍ ဂျုရီ လူကြီးများက တညီတညွတ်တည်း သေဒဏ်စီရင်ပေးဖို့ တောင်းဆိုလာခြင်းကို ဒဲရိုးသည် ရင်ဆိုင် ခုခံသွားဖို့ မဖြစ်နိုင် ဆိုသည်ကို သိထားသည်။ သူ၏ လျှောက်လှဲချက် အား တရားသူကြီး ဂျွန် အာ ကဲဗာလီ တဦးတည်း ကိုသာ ဦးတည် ပြောဆိုလိုသည်။ ထိုပုဂ္ဂိုလ်သည် ကြင်နာစိတ် ရှိပြီး ကောင်း၏ မကောင်း၏ သုံးသပ် နိုင်သည့် ဉာဏ်ပညာ နှင့် ပြည့်စုံသူ ဖြစ်မှန်းလည်း သိထားသည်။
ဒဲရိုး (အလယ်တွင် ထိုင် နေသူ) သည် အပြီးသတ် လျှောက်လှဲချက်တွင် ၎င်း၏ တွေးခေါ် ယူဆချက်များကို ရှင်းလင်းစွာ ပြောဆိုသွားသည်။ ဒဲရိုးက "အကယ်၍ လူ ဆယ့်နှစ်ယောက်က တာဝန်တခုကို အသီးသီး ခွဲယူကြရမယ် ဆိုရင် လွယ်လွယ်ပဲ သေဒဏ် ပေးလိုက်ဖို့ ဆုံးဖြတ်ကြမှာပဲ၊ တရားသူကြီး မင်း ခင်ဗျား၊ အခု ဒီကလေးတွေကို ကြိုးပေးဖို့ တရားသူကြီး အမိန့်ချရတော့မယ်၊ ဒီတာဝန်ကို ဘယ်သူကိုမှ လွှဲပေးလို့ မရတော့ဘဲ တရားသူကြီး မင်း ကိုယ်တိုင် စေ့စေ့စပ်စပ် တွေးပြီး အေးဆေး တည်ငြိမ်စွာ နဲ့ ကြိုတင် စီစဉ်ထားပြီးသား ကို စီရင်ချက် ချရတော့မှာ ဖြစ်ပါတယ်"
ရှေ့လျောက် လီယိုပိုး-လိုဘ် တရားခွင်ဟု ဆက်၍ သုံးနှုံးမည် ဆိုလျင် အနည်းငယ် လွဲချော် သွားပြီဟု ဆိုရမည် ဖြစ်သည်။ တကယ်တမ်းတွင် တရားသူကြီး ကဲဗာလီ စီရင်ရမည့် အမှုသည် အပြစ်ဒဏ် ကို လျော့ပေါ့ပေးသင့် မပေးသင့် သာ ဖြစ်လာသည်။ အမှု နှင့် စပ်လျင်းသော အခြေအနေများ ကို သုံးသပ်၍ သေဒဏ်ပေးသင့်သလား၊ သို့မဟုတ် ထို့ထက် လျော့နည်းသော ပြစ်ဒဏ်မျိုး ချမှတ်သင့်သလား ဆိုသည်ကို ဆုံးဖြတ်ရမည့် စီရင်မှု မျိုး ဖြစ်လာသည်။ ကြားနာ စစ်ဆေးမှု သည် တလ ကျော်မျှ ကြာမြင့်ခဲ့သည်။
တရားခံ အကျိုးဆောင်များက စိတ်ရောဂါ အထူးကု ဆရာဝန်များ၏ ထွက်ဆိုချက်ကို အားပြု၍ သေဒဏ်မှ လွတ်ရန် အမှု ကို တည်ဆောက်လာသည်။ ထိုအချိန်က စိတ်ရောဂါ အထူးကု ပညာရှင်များကို လူ့သဘာဝ မှ ကွဲထွက်မှု ကို ကုစားသူ alienist ဟု ခေါ်ဝေါ်ကြသည်။ နှစ်ဖက်စလုံးက ထိုစဉ်က အမေရိကန် တွင် နာမည် အကြီးဆုံး ပညာရှင်များကို ငှားရမ်းလာကြသည်။ စစ်ဂ်မန် ဖရွိုက်ကိုပင် ချီကာဂို သို့ လာရောက်ရန် တောင်းဆိုခဲ့သော်လည်း ၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် ရောက်မလာနိုင်ခဲ့ပေ။
အစိုးရ တရားလို အဖွဲ့သည်လည်း မတတ်သာတော့ဘဲ စိတ်ကု ပညာရှင်များ ကြိုးဝိုင်းသို့ ဝင်ရောက် စေခဲ့ရတော့သည်။ ရှေ့နေကြီး ရောဘတ် ကရိုးက တရားခံများဖက်က စိတ်ပုံမှန် မရှိဟု ပြောလာမှသာ အဆိုပါ ပညာရှင်များ၏ သက်သေခံချက်များ အကျုံးဝင်မည်ဟု ပြောခဲ့သည်။ သို့သော် ဒဲရိုး နှင့် ၎င်း၏ အဖွဲ့ကမူ စိတ်ရောဂါ ဖြစ်နေသည် ဆိုသော အထောက်အထားသည် အပြစ်ဒဏ်မှ လျော့ပေါ့ပေးနိုင်ရေး အတွက် လိုအပ်သည်ဟု လျှောက်လှဲလာကြသည်။
တရားလို အကျိုးဆောင် အစိုးရ ရှေ့နေများက စိတ်ရောဂါ ဖြစ်နေသည် ဆိုသော သက်သေခံချက်များ တင်သွင်းမှု ကို ကန့်ကွက်ခဲ့သော်လည်းတရားသူကြီး ကဲဗာလီက ပယ်ချခဲ့သည်။ ဤသို့ဖြင့် စိတ်ကု ပညာရှင်များ ရုံးတော်တွင် ထွက်ဆိုခွင့် ရလာခဲ့ကြသည်။
တရားခံ အကျိုးဆောင်ဖက်မှ စိတ်ရောဂါကု ပညာရှင် ဝီလျှံ ဝှိုက်က အစစ်ခံရာတွင် "လီယိုပိုး၏ ရောဂါသည် ငယ်စဉ် ကလေးဘဝ ကပင် စွဲကပ်လာခဲ့သည်၊ အစ အနောက်များကို ရက်ရက်စက်စက် ခံလာခဲ့ရ၍ ရွယ်တူတန်းတူ များ နှင့် ကင်းကွာလာပြီး တကိုယ်တည်း မပျော်ရွှင်သော ကလေးတယောက် ဖြစ်လာခဲ့ရသည်၊ ထို့အတွက် စိတ်ခံစားမှု များ အရာ မရောက်ဘဲ ဉာဏ်ပညာသာ အဓိက ဖြစ်သည့် သူ၏ အတွင်း စိတ်ကမ္ဘာထဲသို့ တိတ်ဆိတ်စွာ ဝင်ရောက်သွားခဲ့သည်၊ သူ့ကမ္ဘာထဲတွင် ဘုရင် အဖြစ် လာရောက် မင်းမူနေသည့် ရစ်ချတ် လိုဘ် ၏ အသက်ကို ကယ်တင်ပေးခဲ့သည့် ကျေးကျွန်တဦး အဖြစ် မှတ်ထင်လာသည်၊ ရစ်ချတ် လိုဘ်၏ ကျေးဇူး ဥပကာရ တင်ရှိမှု ကိုလည်း ရရှိလာခဲ့သည်" ဟု ထွက်ဆိုသွားခဲ့သည်။
တရားခံဖက်မှ နောက်ထပ် စိတ်ပညာရှင် တဦး ဖြစ်သူ ဘားနတ် ဂလုခ်က "နာသန်သည် သူ့ကိုယ်သူ နီချီ (Nietzsche) ဝါဒီ တဦး အဖြစ် ခံယူ နေထိုင်သွားရန် ရည်မှန်းထားသည်၊ နီချီ၏ တွေးခေါ်မျှော်မြင်မှုများအားလည်း အဆုံးထိ လိုက်နာကျင့်ကြံသွားရန်လည်း စိတ်ပိုင်းဖြတ်ထားသည်။ ဂလုခ်က လီယိုပိုးသည် လိုဘ် ၏ အစားအသောက်များကိုပင် မနာလို ဖြစ်ခဲ့သည်၊ သူ့ အနေဖြင့် ထိုအစားအသောက်များလောက် လိုဘ်နှင့် နီးစပ်ခဲ့ခြင်း မရှိ၍ ဟု သူ့ကို ပြောပြခဲ့သည်ဟု ဆိုသည်။
လီယိုပိုး တွင် "စိတ်ထင်ရောင်ထင်မှား ဖြစ်ခြင်း" ဆိုသည့် စရိုက်လက္ခဏာ အပြည့်အဝ ရှိနေပြီး "ယုံမှား သံသယ စိတ်" များဖြင့် တွေးခေါ်တတ်သူ ဖြစ်သည်ဟု ကောက်ချက်ချ ထွက်ဆိုသွားခဲ့သည်။
ရစ်ချတ် လိုဘ် နှင့် ပတ်သက်၍ ဝီလျံ ဝှိုက်က ထွက်ဆိုရာတွင် ၎င်းသည် အရွယ်ရောက်သူ တဦး ဖြစ်သော်လည်း အဓိက လွှမ်းမိုးနေသည့် သွင်ပြင် လက္ခဏာ သည်ကား infantilism ခေါ် ကလေးသူငယ်၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ခံစားမှုဆိုင်ရာ များ ဆက်လက် တည်ရှိနေခြင်းဟု ပြောခဲ့သည်။ စိတ်ခံစားမှု တွင် ကလေးသူငယ် တဦးသာ ဖြစ်နေပြီး ကစားစရာ ဝက်ဝံရုပ်နှင့်ပင် စကားပြောနေသူ ဖြစ်သည်ဟု ဆိုသည်။
ထိုလူငယ် နှစ်ဦး အကြား ထူးခြား ဆန်းကြယ်သည့်စိတ်ပိုင်းဆိုင်ရာ ပေါင်းစည်း မှု အပေါ် ထွက်ဆိုရာတွင် ...
"နေသန် နှင့် လိုဘ်တို့သည် တဦးကို တဦး ချီးမွမ်းခန်း ဖွင့်ခဲ့ကြသည်။ ရစ်ချတ်သည် သူ့၏ ကိုယ်ပိုင် အသိစိတ်ကို မှန်ကန်ကြောင်း အတည်ပြုနိုင်ဖို့အတွက် နေသန်၏ ချီးကျူးထောက်ခံမှု နှင့် လေးစားအားကျမှုကို လိုအပ်ခဲ့သည်။ နေသန်ကလည်း ရစ်ချတ်ကို အခန်းကဏ္ဍတစ်ခု ယူစေဖို့ လိုအပ်ခဲ့သည်။ ရစ်ချတ်က တစ်ချိန်တည်းမှာပဲ သာလွန်သူရော၊ နိမ့်ကျသူ ရောဖြစ်သည့် ဘုရင်တစ်ပါး၏ အခန်းကဏ္ဍကို ယူခဲ့သည်။... ယင်းသည် ထူးဆန်းပြီး ကြောက်ခမန်းလိလိ ပေါင်းစပ်လိုက်တဲ့ ပင်ကိုယ်စရိုက်နှစ်ခုရဲ့ ဓာတ်တူညီမျှမှု ဖြစ်ပြီး၊ တစ်ဦးက တစ်ဦးရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့ခြင်းသာ ဖြစ်သည်။ နေသန်သည် သူ့သဘောနဲ့သူ ဘော်ဘီ ဖရန့်ခ် ကို သတ်မည် မဟုတ်။.. ဒီလို ကိစ္စ မျိုး အား လည်း သူ့ဘာသာသူဆိုက ဒီလောက်အထိ လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။ ဒီတော့၊ ဒီကောင်လေးနှစ်ယောက်... ဒီစိတ်ပိုင်းဆိုင်ရာ စုစည်းလာမှုကပင် ဖရန့်ခ် အသတ်ခံရတဲ့ အဖြစ် ရောက်ရှိလာကြတာ ဖြစ်ပါတယ်။"
တရားလို ဖက်က စိတ်ပညာရှင်များက ၎င်းတို့အမြင်နှင့် ကွဲပြားစွာ တင်ပြလာသည်မှာလည်း အံ့ဩစရာ တော့ မဟုတ်၊ ဝီလျံ ကရုန်း က ထွက်ဆိုရာတွင် 'ကျွန်တော် အမြင်အရ ပြောရလျင် ဝီလျံ လိုဘ် တွင် အခင်း ဖြစ်သည့် ၁၉၂၄ မေလ ၂၁ ရက် နေ့တွင် လုပ်ငန်း ဆောင်တာ ပိုင်းအရ ဖြစ်စေ၊ ဓါတ်ခံ အရ ဖြစ်စေ မည်သည့် စိတ်ရောဂါမျိုး မှ မရှိ၊ သူသည် ထိုစဉ်က အချိန်၊ နေရာ၊ လူမှု ဆက်ဆံရေး များ တွင် လုံးဝ ဥဿုံ သတိ ကောင်းစွာ ရှိနေသည် ကို ပြဆိုနေသည့် ခိုင်လုံ သော သက် သေ အထောက်အထား များစွာ ရှိထားခဲ့ပြီး ဖြစ်သည်။
လီယိုပိုးသည် လည်း အလားတူ သိသိသာသာ ခံစားနေရသော စိတ်ဝေဒနာမျိုး မရှိခဲ့၊ ဦးနှောက်၏ ဇီဝ ဆိုင်ရာ ရောဂါဝေဒနာ တခုခု ရှိကြောင်း သက်သေ အထောက်အထား မတွေ့ခဲ့ရသည့် အပြင် စေ့စေ့စပ်စပ် နှင့် သူ လုပ်ရမည့် အလုပ်ကို တမူထူးစွာ အာရုံစိုက် လုပ်ပြနိုင်ခဲ့သည်ဟု ပြောခဲ့သည်။
အစိုးရဖက်မှ စိတ်ပညာရှင်များ၏ ထွက်ဆိုချက်များ အပြင် ကျုးလွန်ခဲ့သည့် မှုခင်း၏ ဝိသေသ လက္ခဏာများကို ခြုံငုံမိရန် သက်သေ တရာကျော်ကို ရုံးတော်သို့ ခေါ်ယူ အစစ်ခံ စေခဲ့သည်။