ဒေါ်အောင်ဆန်းစုကြည် အား နေရာပြောင်းဟု သတင်းထွက်ပေါ်

by Hla Soewai - Nov 04 2025

နေပြည်တော် အကျဉ်းထောင်နှင့် နီးစပ်သော သတင်း အရင်းအမြစ် တခုက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ နေအိမ် တအိမ်သို့ ရွှေ့ပြောင်းပေးလိုက် ကြောင်း DVB သတင်းဌာနကို ပြော‌ခဲ့သည်ဟု သတင်း ပါရှိလာသည်။

 

အမည်မဖေါ်လိုသော အဆိုပါ သတင်းအရင်းအမြစ်က ၂၀၂၄ ဧပြီလအတွင်း ယခင် ဒုဝန်ကြီး တဦး နေထိုင်ရာ အိမ်သို့ အကျယ်ချုပ် ဖြင့် ရွှေ့ပြောင်း ချုပ်နှောင်ခဲ့ရာမှ ယခု နောက်ထပ် တနေရာသို့ ထပ်မံ ရွှေ့ပြောင်းပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ စစ်အုပ်စု၏ လုပ်ကြံ စွပ်စွဲထားသော အမှုပေါင်း ၁၄ မှု ဖြင့် ထောင်ဒဏ် ၂၇ နှစ် ကျခံ နေရချိန်လည်း ဖြစ်သည်။

 

စစ်အုပ်စု၏ ပြောခွင့်ရ ဇော်မင်းထွန်းမှ အောက်တိုဘာ ၁၉ ရက်နေ့တွင် ၎င်းတို့ လက်သပ်မွေးထားသော မီဒီယာများအား အာဆီယံ အထူး သံတမန် အား "ရာဇဝတ်သား" များ နှင့် တွေ့ဆုံခွင့် ပြုမည် မဟုတ်ဟု ပြောခဲ့သည်။

 

နိုင်ငံတော် အတိုင်ပင်ခံ နှင့် သမ္မတကြီး ဦးဝင်းမြင့်အား တနိုင်ငံလုံးတွင် ၎င်းတို့ အုပ်စု တစုတည်းကသာ ထိုသို့ မျက်စိစုံမှိတ် ပြောဆိုနေကြသော်လည်း ပြည်သူများ၏ ချစ်ခင် ယုံကြည်မှု ကို အပြည့်အဝ ရရှိနေသူ များ ဖြစ်မှန်း သိသဖြင့် စစ်ဗိုလ်ချုပ်များက အထူး ကြောက်ရွံ့ နေကြသည်မှာလည်း အထင်အရှားပင် ဖြစ်သည်။

 

နိုင်ငံတော် ပုန်ကန်မှု ဖြင့် ပြစ်ဒဏ် ကျခံနေရသော ဒေါက်တာ အေးမောင်သည် ယခုအခါ မဲဆွယ်စည်းရုံး မှု များ ပင် စတင် ပြုလုပ်နေပြီ ဖြစ်ရာ ၎င်းတို့၏ "ရာဇဝတ်သား" ဆိုသော အပြောသည် မည်သို့မျှ အရာမထင်တော့ပေ။

 

အာဆီယံ အားလည်း ပြည်တွင်းရေး တွင် ဝင်မစွက်ရန် ကြိမ်းမောင်း ပြောဆိုသွားပြန်သည်။ အာဆီယံ ၁၁ နိုင်ငံ ထဲတွင် ထိုင်း နှင့် ကမ္ဘောဒီယား တို့က သာ ၎င်းတို့ ရွေးကောက်ပွဲ ကို ထောက်ခံသည်ဟု ထုတ်ဖေါ် ပြောဆိုထားခဲ့သည်။

 

ယခုအခါ ညီနောင် နှစ်ဖေါ် ၏ အဖြစ်ကို ကြည့်၍ ၎င်းတို့၏ killing machine ကြီး မည်မျှ အစွမ်းထက်သည် ဟု ဆိုကာ သွေးနားထင် ရောက်လာသော စစ်အုပ်စုသည် ရခိုင်ပြည်သူများ အား သ-တ်ဖြတ်ရန် တာစူလာပြီ ဖြစ်သည်။

 

ရွေးကောက် "ခေတ်သမိုင်းကို ဒုန်းစိုင်းမည့် သူများ" ဆိုသည့် ဝါဒ ဖြန့် ဇာတ်ကား တွင် ပါဝင်သော သရုပ်ဆောင် ဆိုသူများ အား ပြည်သူများ၏ လူမှု ရေး အပြစ်ဒဏ် ခတ်မှု က ပြင်းထန် လွန်းလှ၍ အိမ်ထဲ ပုန်းနေကြရသည့် အဖြစ် ရောက်နေသဖြင့် ရှက်ရမ်း ရမ်းကာ စစ်အုပ်စု မှ အနုပညာ ရှင် သုံးဦးအား လူမှု ကွန်ယက်တွင် ဝေဖန်၍ ဆိုကာ ဖမ်းဆီးပြလာသည်။

 

၎င်းတို့၏ ဒီမိုကရေစီ ရွေးကောက်ပွဲ ဆိုသည့် သရုပ်သကန် ကို ထပ်၍ လှစ်ဟ ပြလိုက်သည့် အဖြစ် ရောက်သွားခဲ့ရသည့် အရှုံး နှင့် ထပ်မံ ရင်ဆိုင်လိုက်ရပြန်သည်။

 

နာဇီ တို့ နှင့် ပူးပေါင်းခဲ့‌သော ဂျာမန် အနုပညာရှင်များ အား ပြစ်မှု ကျူးလွန်သည်များ စာရင်းတွင် အဓိက ကျသူများ (ထောင်ဒဏ် မှ သည် သေဒဏ်အထိ)၊ အတန် အသင့် ကျူးလွန်သူ များ မှသည် ခွင့်လွှတ်ပေးသင့် သူ နောက်လိုက် အဆင့်များ၊ အနုပညာ လုပ်ငန်းများမှ အပြီးအပိုင် တားမြစ်ခြင်း အစရှိသဖြင့် အဆင့် ငါးဆင့် သတ်မှတ် ပြီး စီရင်ခြင်း ခံခဲ့ရသည်။

 

ထိုအထဲတွင် အကောင်းဆုံး သရုပ်ဆောင် ‌အဖြစ် အော်စကာ ဆု ရရှိခဲ့ဖူးသည် အေ မီလ်ယာ နင်းစ် (Emil Janning) သည် ထိပ်ဆုံး က ပါလာခဲ့သည်။

 

ထိုအကြောင်းများ ရှိသည်ကို သတိပြုမိသင့်သည်၊ စစ်အုပ်စု၏ လူထုက လက်မခံမှန်း သိသိနှင့် အတင်းကာရော လက်နက် အားကိုး ဖြင့် အုပ်ချုပ်နေခြင်းသည် တချိန်မဟုတ် တချိန် ပြိုလဲသွားမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!