ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(4)

by Hla Soewai - Nov 04 2025

ယခု အချိန်တွင်တော့ ဟင်းမလား နှင့် ၎င်း၏ လက်ပါးစေ SS များသည် အယ်ပ် တောင်တန်းသို့ ရောက်မည်လော၊ သို့မဟုတ်ကလည်း ထို့ထက် ပိုဝေးလံသော တောင်အာဖရိက၊ တောင်အမေရိက လို နေရာမျိုး ပဲ ရောက်မည်လော ဆိုသည်က အသေအချာ ပြော၍ မရ ဖြစ်နေကြဆဲပင်။

 

သို့သော် လွတ်မြောက်အောင် ပြေးဖို့ ဆိုသည်က လုံးဝ ဖြစ်နိုင်ခြေ ရှိနေသည်။ အလျင်အမြန် လှုပ်ရှားနိုင်ဖို့သာ လိုသည်။ ၎င်းတို့၏ ခရီးကို မာစီဒီး ကားကြီး လေးစီး ဖြင့် စတင် လာခဲ့ကြသည်။ ထိုသို့ အနေအထား မျိုး ဖြင့် ထွက်လာခြင်းသည် လွန်စွာ သိသာနေသော်လည်း မြန်မြန်သွက်သွက် ခရီးပေါက် နိုင်၍ မတတ်သာပဲ သုဲးခဲ့ရခြင်း ဖြစ်သည်။

 

သို့သော်လည်း ဟင်းမလား၏ တပည့်ကျော်များက လွန်စွာ ကြီးမားသော အမှားကို ကျုးလွန်ခဲ့ကြသည်။ ခရီးမထွက်မီ ၎င်းတို့ အားလုံးသည် ဂျာမန် စစ်မြေပြင် လျို့ဝှက် ရဲအဖွဲ့၏ ယူနီဖောင်းကို ဝတ်ဆင်ထားခဲ့ကြသည်။ ထိုအဖွဲ့ သည် မဟာမိတ် တပ်များ အလိုရှိနေသည့် စာရင်းတွင် ထိတ်ဆုံးက ပါနေသည်ကို ရိပ်စားမိခဲ့ခြင်း မရှိ။

 

ဂျာမန်တို့ လက်နက်ချအပြီး ငါးရက်မြောက် ဖြစ်သည့် မေလ ၁၂ ရက်နေ့တွင် ဟင်မလား၏ ကားတန်းကြီးသည် သတိကြီးစွာဖြင့် ခရီးမိုင်ပေါင်း ၁၂၀ ကို ဖြတ်သန်းလာခဲ့ပြီး ဖြစ်သည်။ ၎င်းတို့အားလုံးသည် ယခု ဥရောပ တွင် ဦးတည်ရာမဲ့ သွားလာ‌ နေသူများလို လယ်ကွင်းများ၊ မီးရထား ဘူတာရုံများ အနီး ရပ်နား အိပ်စက်ခဲ့ကြပြီး ဖြစ်သည်။ ယခု အချိန်အထိ နာဇီ တို့ ထွက်ပြေး‌ရန် ကြံထားသမျှက အလုပ် ဖြစ်နေသည်။

 

ဂျာမန် တို့၏ မြောက်ပင်လယ် ဆိပ်ကမ်းမြို့ဖြစ်သော ဘရွန်းစ်ဘွတ်တဲလ် အရောက်တွင် တော့ ပထမဆုံးအကြိမ်အဖြစ် အခက်အခဲများ ရင်ဆိုင်လာရသည်။ ငါးမိုင်ခန့် ကျယ်ဝန်းသည့် အယ်လ်ဘဲ့ Elbe မြစ်အား ကားများဖြင့် မည်သို့ ဖြတ်ကျော် ရမည်နည်း ဆိုသည့် ပြဿနာ ပင် ဖြစ်သည်။ ကားဖြင့် ရေထဲ ဖြတ်မောင်းသွားဖို့က မဖြစ်နိုင်၊ ၎င်းတို့အဖို့ ထိုနေရာတွင် ကားများကို ထားခဲ့ပြီး ခြေလျင် ခရီး ဆက်ရဖို့သာ ရှိတော့သည်။

 

ဟင်မလားသည် မှောင်လာသည့် အထိ စောင့်နေပြီး ၎င်းတို့ တဖွဲ့လုံးကို မြစ်တဖက်ကမ်း အထိ ပို့ပေးရန် တံငါသည် တဦးအား ဂျာမန် မတ်ငွေ ၅၀၀ ပေးခဲ့သည်။

 

နောက်နေ့ မနက်တွင် တော့ ဟင်မလား နှင့် အဖွဲ့သည် လမ်းများ ပေါ်တွင် ပြည့်သိပ်နေသော စစ်သားများ နှင့် ရောနှောသွားလာနေပြီ ဖြစ်သည်။ ဟင်မလားသည် ယခုအခါ မော်တော်ဆိုင်ကယ် စီးသူများ ဝတ်သည့် အပြာရောင် မိုးကာအင်္ကျီ နှင့် အရပ်သားလို ဝတ်ဆင်လာသည်။

 

၎င်းသည် အခြား အဖွဲ့သားများလို အကြမ်းပတမ်း မခံနိုင်၊ ထိုကြောင့် ဗိုလ်မှုး မာခါ နှင့် ဗိုလ်မှုးကြီး ဂရို့သ် မန်း တို့ က စောင့် ခေါ်ခဲ့ရသည်။ ၎င်းတို့ နှစ်ဦး သည် အစိမ်းရောင် စစ်လောင်းကုတ် ကြီးများ ဝတ်ထားပြီး ဟင်မလား၏ ရှေ့ မလှမ်းမကမ်းမှ နေ လျှောက်လာခဲ့ကြသည်။ မကြာခဏ ဆိုသလို လည်းဟင်မလား ကို စိတ်မချ၍ နောက်ကို လှည့်ကြည့် လှည့်ကြည့် လုပ်ခဲ့ကြသည်။

 

လမ်းလျှောက်ရသည်က ရက်ကြာလာသော်လည်း ခရီးမတွင် ဖြစ်နေသည်။ ည အချိန်တွင် အခြားလူ ရာပေါင်းများစွာ နှင့် အတူ ကွင်းပြင်ထဲတွင် အိပ်စက်ခဲ့ကြရသည်။ အစားအသောက် နှင့်‌ ရေ အတွက် ပြဿနာ ရှိလာသည်၊ တသီးတသန့်လည်း နေလို့မရ၊ သို့သော် အနည်းဆုံး‌ တော့ ဟင်မလား လွတ်မြောက်လာပြီ ဖြစ်သည်။

 

မေလ ၁၈ ရက်နေ့တွင် ဟမ်းဘတ်ခ် အနောက်ဖက်ရှိ ဘရေးမာဖာဒါ မြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် ဗြိတိသျှ တို့၏ အမှတ် (၅၁) တောင်ပေါ် သေနတ်ကိုင် တပ်ရင်း စခန်းချထားပြီး အိုးစ် တား မြစ်ကူး တံတား တွင် စစ်ဆေးရေး ဂိတ် ဖွင့်ထားသည်။

 

ထိုမြစ်ကို ဖြတ်ကူးပါက အန္တရာယ်ကင်းမကင်း ကို မသိ နိုင်၍ ဟင်းဒရစ်ခ်ျ ဟင်မလား နှင့် သူ့ လူများသည် ရှေ့ဘာဆက်လုပ်ရမည်ကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

 

ဤသည်က ဟင်းမလား နှင့် အဖွဲ့ အမှားတခု ကျုးလွန် ခဲ့ကြခြင်းပင် ဖြစ်သည်။

 

ဟင်မလားသည် စိုးရိမ် ထိတ်လန့်‌ နေသော်လည်း မြစ်ကမ်းပါး တလျှောက် အခြားနေရာ မှ ကူး၍ ရမက ကို ကင်းထောက်စုံစမ်းခြင်း မျိုး မလုပ်ခဲ့ကြ၊ အကယ်၍ လုပ်ခဲ့မည် ဆိုလျင် ဖြတ်ကူးလို့ ရနိုင်သည့် ရေတိမ်ပိုင်းကို တွေ့မည် ဖြစ်ပြီး ပြဿနာ တစုံတရာ မပေါ်ဘဲ အိုးစ်တား မြစ်ကို ဖြတ်ပြီး တောင်ဖက်သို့ ခရီးဆက်နိုင်မည် ဖြစ်သည်။

 

*******************

 

စစ်ဆေးရေး ဂိတ်ကို ဖြတ်လျှင် ဖြစ်လာနိုင်သည့် အန္တရာယ်ကို သုံးသပ် နိုင်ရန် ဟင်မလားသည် ၎င်း၏ သက်တော်စောင့် ဂျိုးစက် ခီယာမိုင်ယာကို စေလွှတ်လိုက်သည်။ ဟင်မလား အပေါ် အမြဲလို သစ္စာစောင့်သိခဲ့သည့် ခီယာမိုင်ယာက အစောကြီး ကတည်းက လေယာဉ် နှင့် ထွက်ပြေးကြရန် အကြံပေးခဲ့သည်၊ ထိုစဉ်က ဘာလင်သည် မဟာမိတ်များ လက်သို့ ကျရောက်ခြင်း မရှိသေးပေ၊ ဟင်မလားကဲ့သို့ ထိတ်တန်း ခေါင်းဆောင်တ‌ဦး အနေဖြင့် လေယာဉ် များကို စိတ်ကြိုက်သုံးခွင့် ရှိသူလည်း ဖြစ်သည်။

 

ထိုစဉ်က ဟင်မလား စိတ်ထဲတွင် ၎င်းအနေနှင့် မဟာမိတ်များ နှင့် သီးခြား ငြိမ်းချမ်းရေးစာချုပ်မျိုး ချုပ်ဆိုနိုင်လိမ့်မည်၊ ထို့အတွက် လေယာဉ် ဖြင့် ထွက်ပြေးစရာ မလိုဟု ယူဆနေသည်။ ထိုသို့ ချုပ်ဆို နိုင်ပါက အင်ဂလို-ဆိုဗီယက် တို့ မဟာမိတ် ဖြစ်နေခြင်းကို ဖြိုခွဲ နိုင်မည်ဟု မျှော်လင့်နေသည်၊ ဤသို့ဖြင့် ဟင်မလားသည် ၎င်း နှစ်ပေါင်း နှစ်ဆယ်လုံးလုံး ဦးဆွေးဆံမြေ့ အမှုတော် ထမ်းခဲ့သည့် ဟစ်တလာ အပေါ် နောက်ကွယ်မှ သစ္စာဖေါက်ရန် ပထမ ဆုံး အကြိမ် ကြံစည်လာခြင်းလည်း ဖြစ်သည်။

 

ဟင်မလား နှင့် အတူ ထွက်ပြေး တိမ်းရှောင်လာသော အော်တို အော်လန်ဒေါ့ဖ် က နောက်ပိုင်း ပြန်လည် ပြောပြခဲ့ရာတွင် ဟင်မလားသည် ၁၉၄၅ ဧပြီလထဲတွင် အခြား နာဇီ ထိတ်တန်း ခေါင်းဆောင်များ နှင့် လျို့ဝှက် ဆွေးနွေးပြီး အကြံရလာခြင်း ဖြစ်သည်။ ထိုအကြံသည် မဟာမိတ် တပ်များကို ခုခံ တွန်းလှန်ရန် မဟုတ်ဘဲ ၎င်းတို့အား အယ်လ်ဘဲ မြစ်အထိ ရောက်လာရန် ခွင့်ပြုမည်၊ ထိုနေရာမှ ရှေ့ဆက်မတိုးရန် နားလည် မှု ရပြီး နောက်တွင် အရှေဖက်မှ ရန်သူ များကို တိုက်ခိုက်ရန် နောက်ကြော လုံသွားပြီ ဖြစ်သည်။ "အခြားကိစ္စအားလုံးမှာ သမ္မာသတိ ရှိကြတဲ့ ဒီလူတွေဟာ အရှေ့တိုင်းကို ယှဉ်ပြိုင်ဖို့အတွက် ကျွန်တော်တို့မှာ အခွင့်အရေးရှိနေသေးတယ်လို့ ဆက်ပြီး ယုံကြည်နေကြတုန်းပဲ" ဟု ဆိုသည်။

 

သို့သော် အားလုံး သိကြသည့် အတိုင်း ဟင်မလား၏ အကြံအစည်သည် အကောင်အထည် ပေါ်မလာခဲ့။

 

ဟင်မလားမှ ၎င်းအပေါ် နှစ်ပေါက်တပေါက် ရိုက်မည် ကို သိသွားသော အဒေါ့ဖ် ဟစ်တလာသည် ဟင်မလား အား SS ကို ထိန်းချုပ်ထားသည့် အာဏာများ ရုပ်သိမ်းပစ်ခဲ့ပြီး နာဇီ ပါတီမှ ထုတ်ပယ်ပစ်ခဲ့သည်။ ဟင်မလား အားလည်း ချက်ခြင်းလို ဖမ်းဆီးရန် အမိန့်ပေးခဲ့သည်။ သို့သော် ရက်အနည်းငယ် အကြာတွင် ကိုယ့်ကိုကိုယ် အဆုံးစီရင်သွား၍ ၎င်း၏ အမိန့်သည် ‌အကောင်အထည် ပေါ်မလာခဲ့။

 

ထိုအချိန်တွင် ဟင်မလား အဖို့ လေယာဉ် နှင့် ထွက်ပြေးနိုင်မည့် အချိန်သည် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဟင်မလား နှင့် သူ၏ အဖွဲ့သည် နိုင်ငံ မြောက်ပိုင်းတွင် အချိန်အကြာကြီး ရှိနေခဲ့သော ကြောင့်လည်း ဖြစ်သည်။

 

မေလ ၉ ရက် နေ့အထိ ဟင်မလားသည် မဟာမိတ်တပ်များ နှင့် လက်တွဲပြီး အရှေ့ဖက်မှ ဝင်ရောက်လာနေသော ဆိုဗီယက်တပ်များကို ခံတိုက်သွားနိုင်မည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။ ဂျာမန် တပ်များ လက်နက် ချပြီးသည့် တိုင် ဟင်မလားသည် ဗြိတိသျှ တပ်များ၏ အကြီးအကဲ ဖီးမာရှယ် ဘားနတ် လော မွန်ဂိုမာရီ ထံ စာတ‌ စောင် ရေးသားခဲ့သည်၊ ထိုစာကို အော်တို အော်လန်ဒေါ့ဖ် က တည်းဖြတ်ပေးခဲ့ပြီး နောက် ဟင်မလားသည် လက်ထောက်တယောက်ကို စေလွှတ်ပြီး မွန်ဂိုမာရီ ထံ ပေးပို့စေခဲ့သည်။

 

မွန်ဂိုမာရီ ထံ မှ ပြန်စာကို စောင့်ရင်း ဟင်မလား ၏ ထွက်ပြေးရမည့် အချိန် များ နှောင့်နှေးသွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဟင်မလား မျှော်နေသည့် မွန်ဂိုမာရီ ၏ အကြောင်းပြန် စာ က ရောက်မလာခဲ့ပေ။