ဗင်နီဇွဲလား ကမ်းခြေတွင် အမေရိကန်၏ စစ်ရေး တည်ဆောက်လာမှု

by Hla Soewai - Nov 04 2025

အောက်တိုဘာ ၂၆ တွင် အမေရိကန် ၏ အကြီးမားဆုံး လေယာဉ်တင် သင်္ဘောကြီး ဖြစ်သည့် USS Gerald Ford သည် စစ်ဝန်ကြီး ပီး ဟက်ဂ်ဆဲသ် ၏ အမိန့်ဖြင့် ကရိုးရေရှား ဆိပ်ကမ်းမြို့ ဖြစ်သော Split မှ ကာရစ်ဘီယံ ပင်လယ် ဆီသို့ ဦးတည်ခုတိမောင်းလာနေပြီ ဖြစ်သည်။ မည်သိုသော စစ်ရေး ရည်မှန်းချက် ရှိနေသည် ဆိုသည်ကား သဲသဲကွဲကွဲ မသိရသေးပေ။

 

အောက်တိုဘာ အစောပိုင်းမှစ၍ အမေရိကန် ရေတပ် အင်အား၏ ၁၀ ရာခိုင်နှုန်း ခန့်သည် တောင် နှင့် အလယ် အမေရိကား ဆိုင်ရာ ပင်တဂွန် တောင်ပိုင်း စစ်ဌာနချုပ်၏ ထိန်းချုပ်နယ်မြေ အတွင်း ရောက်ရှိနေပြီ ဖြစ်သည်။

 

အမေရိကန်သည် ဗင်နီဇွဲလား သမ္မတ နိကိုလပ်စ် မာဒူရို အစိုးရ နှင့် စစ်ပွဲ ဆင်နွှဲရန် ပြင်ဆင်နေခြင်းလော။

 

ပြီးခဲ့သည့် အပတ်များ အတွင်းက မူးယစ်ဆေးဝါး မှောင်ခို ကုန်ကူးမှု နှင့် ဆက်စပ်နေသည် ဆိုသော သင်္ဘောများကို လေကြောင်းမှ အရှိန်မြှင့် တိုက်ခိုက်လာခဲ့သည်။ နောက်ဆုံးအကြိမ် တိုက်ခိုက်မှုသည် အောက်တိုဘာ ၂၄ ရက်နေ့က ဖြစ်ပြီး လူ ခြောက်ဦး သေဆုံးသွားခဲ့သည်။ ထို့အတွက် ကာရစ်ဘီယံ နှင့် ပစိဖိတ် ဒေသအတွင်း တိုက်ခိုက်ခဲ့မှု သည် ဆယ်ကြိမ် ရှိသွားခဲ့ပြီ ဖြစ်ပြီး စုစုပေါင်း ၄၃ ဦး သေဆုံးသွားခဲ့သည်။

 

ဥပဒေရေးရာ ကျွမ်းကျင်သူများကတော့ ထရမ့်အစိုးရ မှ မှောင်ခိုသမားများနှင့် "လက်နက်ကိုင် ပဋိပက္ခ" ဟု သုံးနှုန်းမှုသည် အခြေအမြစ်မရှိ၍ ဥပဒေ အရ အကျုံးမဝင်ဟု ပြောခဲ့ကြသည်။ သို့သော် ကွန်ဂရက် နှင့် တပ်မှုးများဖက်က သိသိသာသာ ဆန့်ကျင်မှု မျိုး မတွေ့ရပေ။ တောင်ပိုင်း စစ်ဌာနချုပ် အကြီးအကဲ ရေတပ် ဗိုလ်ချုပ် အဲလ်ဗင် ဟိုဆေးကမူ ဒီဇင်ဘာလ တွင် ရာထူးမှ နှုတ်ထွက်မည်ဟု ပြောခဲ့သည်၊ ၎င်းနှင့် ဝန်ကြီးဖြစ်သူ ဟက်ဂ်ဆဲသ် နှင့် ထိုသို့ တိုက်ခိုက်နေခြင်း အပေါ် သဘောကွဲလွဲ၍ ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

 

အမေရိကန် တို့ဖက်က စစ်ရေး တည်ဆောက်လာမှု တစိတ်တပိုင်းသည် ဗင်နီဇွဲလား ခေါင်းဆောင် နီကိုလပ်စ် မာဒူရို ကို ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်၊ ၎င်းသည် ၂၀၂၄ ရွေးကောက်ပွဲတွင် အရေးနိမ့်သွားခဲ့သော်လည်း ရာထူးမှ ဆင်းပေးခဲ့ခြင်း မရှိပေ။ အမေရိကန်က ၎င်းအား မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင်ကြီး အဖြစ် စွပ်စွဲထားသော်လည်း ကျွမ်းကျင်သူ အများစုက သံသယ ရှိနေကြသည်။

 

ထရမ့်ကမူ ရေကြောင်းမှ မရလျင် ကုန်းပိုင်းအထိ တိုက်ခိုက်မည်ဟု စစ်သံ ပေးလာခဲ့သည်။ အတ္တလန်တစ် မဂ္ဂဇင်းက မူ ကျုးဘား ဒုံးကျည် အရေးအခင်း နောက်ပိုင်း အကြီးမားဆုံး စစ်ရေးဖြန့်ကျက်မှု ဖြစ်သည်ဟု ဆိုသည်။ Ford နှင့် အတူ ဖျက်သင်္ဘော သုံးစင်း လိုက်ပါလာပြီး စုစုပေါင်း Tomahawk ကရုစ် ဒုံးကျည် ၁၈၀ ခန့် ပါလာသည်။

 

B-1, B-52 ဗုံးကြဲ လေယာဉ်ကြီး များ အပြင် အမေရိကန် အထူးတပ်ဖွဲ့များသုံးသည့် ရဟတ်ယာဉ်များ သည် လည်း ဗင်နီဇွဲလား ကမ်းရိုးတန်းတလျောက် ကင်းထောက်ပျံသန်းလျက် ရှိသည်။ အောက်တိုဘာ ၁၅ ရက်တွင် B-2 ဗုံးကြဲ လေယာဉ် ကြီး သုံးစီးသည်မြို့‌ တော် ကာရာကပ်စ် နှင့် မိုင် ၁၅၀ အထိ ချည်းကပ် ပျံသန်းလာခဲ့သည်။ ထိုသို့ ပျံသန်းနေမှု သည် မာဒူရို အား တုန်လှုပ်လာစေရန် သို့မဟုတ်ကလည်း ၎င်း မကြာသေးမီကအထိ ကြွားလုံးထုတ်နေသော လေကြောင်းကာကွယ်ရေး စနစ်ကို စနည်းနာဖို့ လည်း ဖြစ်နိုင်သည်။

 

အောက်တိုဘာ ၂၆ ရက်တွင် အမေရိကန် ဖျက်သင်္ဘော တစီးသည် ဗင်နီဇွဲလား နှင့် ၇ မိုင်ခန့်သာ ဝေးသည့် ထရီနီဒက် အင် တိုဘာဂို ကျွန်းနိုင်ငံသို့ ဆိုက်ကပ်လာသည်။ အမေရိကန် မရိမ်းတပ်များ အတွက် စစ်ရေးလေ့ကျင့်ရန်ဟု ပြောလာခဲ့သည်။ ရေတပ် အင်အားကို ကုန်းတွင်းပိုင်းသို့ ရွှေ့နိုင်ရန် ကာဗာ လုပ်ခြင်းလည်း ဖြစ်နိုင်ပေသည်။ စစ်ဝန်ကြီး ဟက်ဂ်ဆဲသ် က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထူး တပ်ဖွဲ့ကို အမေရိကန် မရိမ်းတပ်ဖွဲ့ သုံးဖွဲ့က ဦးဆောင်သွားမည်ဟု ကြေညာခဲ့သည်။

 

စစ်သင်္ဘောပြ ဒစ်ပလိုမေစီ၏ ရည်ရွယ်ရင်းကို သဲသဲကွဲကွဲ မသိရသေးပေ။ ထရမ့် အစိုးရ အဖွဲ့ ၏ အကြံပေးများ အကြား သဘောကွဲလွဲမှု များ ရှိနေသည်။ ထရမ့်သည် အထူးတပ်ဖွဲ့များသာ သုံး၍ မာဒူရိုကို ဖြုတ်ချချင်ပုံရသည်။ မာဒူရိုအား ဖြုတ်ချမည့် လျို့ဝှက် စစ်ဆင်ရေး အတွက် စီအိုင်အေ ကို အမိန့်ပေးခဲ့ပြီးပြီဟု ထရမ့်က လူသိရှင်ကြား ပြောလာခဲ့သည်။

 

နောက်ထပ် ဖြစ်နိုင်ခြေ တခုက ထိုသို့ စစ်သံပေးလာခြင်းကြောင့် မာဒူရို၏ အတွင်းစည်းဝိုင်း အတွင်း သို့မဟုတ် လုံခြုံရေး တပ်ဖွဲ့များက ပြောင်းလှည့်လာနိုင်ခြင်းပင် ဖြစ်သည်။ မာဒူရို အား ဖမ်းဆီးပေးနိုင်သူကို ‌ဒေါ်လာ သန်း ငါးဆယ် ချီးမြှင့်မည်ဟုလည်း ဆုငွေ ထုတ်ထားပြီး ဖြစ်သည်။ မာဒူရို အစိုးရကတော့ တုန်လှုပ်လာနေပြီ ဖြစ်သည်။ ပြည်တွင်းတွင် လုံခြုံရေး အစီအမံများ တိုးမြှင့်လာပြီး အရေးပေါ် အခြေအနေ ကြေညာမည့် အရိပ်အ‌ယောင်များ ပြလာသည်။ မာဒူရို ကိုယ်တိုင်ပင် အပြင်ထွက်မည်ဆိုက ဒရုန်းဖြင့် တိုက်ခိုက်ခံရမည် စိုး၍ ၎င်း ပတ်ပတ်လည် တွင် အရပ်သားများ တပုံတခေါင်းကြီး ခြံရံလျက် သွားလာနေရပြီ ဖြစ်သည်။

 

ထရမ့်သည် မာဒူရို အစိုးရအား မတိုက်ဘဲ ဗင်နီဇွဲလား နိုင်ငံ အတွင်းရှိ မူးယစ်ဆေးဝါး နှင့် ဆက်စပ်နေသည်များကို အကန့်အသတ် နှင့် တိုက်ခိုက်လာနိုင်သည်။ မူးယစ်ဆေးဝါး ပြဿနာကတော့‌ ပြေလည်သွားဖို့ မရှိသော်လည်း ထရမ့် အဖို့ အောင်ပွဲ ရပြီ ဆိုကာ အခြားကိစ္စများ ဖက် ဦးလှည့်သွားနိုင်သည်။

 

အမေရိကန်သို့ ဝင်လာနေသော ဖန်တာနီလ်သည် ဗင်နီဇွဲလား မှ မဟုတ်ဘဲ မက္ကဆီကို မှ ဖြစ်သည်။ နိုင်ငံတွင်းသို့ ဝင်ရောက်တိုက်ခိုက်မည်ဆိုက စစ်ရေး အရှိန် ထူးထူးခြားခြား မြင့်တက်သွားနိုင်ပြီး ဥရောပ နှင့် ပစိဖိတ်ရှိ အမေရိကန် တပ်များကို ထုတ်နှုတ်သုံးရတော့မည် ဖြစ်သည်။ ပင်တဂွန်ကမူ တရုတ် အန္တရာယ်ကိုသာ အဓိက အာရုံစိုက်ချင်နေကြသည်။

 

အကယ်၍ မာရူဒိုကို ဖယ်ရှားနိုင်ခဲ့လျင် ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် အက်မွန်ဒို ဂွန်ဇာလေး လက်အောက်တွင် ဘာဖြစ်လာနိုင်သည်ကို မခန့်မှန်းနိုင် ဖြစ်နေဆဲပင်။ မာဒူရို အလွန်တွင် အကြမ်းဖက်မှု များ ဖြစ်ပွားလာနိုင်သည့် အန္တရာယ်များ ရှိနေ၍ အထက်တန်း စစ်ဖက် အရာရှိကြီးများက အစိုးရ အပြောင်းအလဲ ဖြစ်လာမည့် အရေးကို ဆန့်ကျင်နေကြသည်။

 

မည်သို့ပင် ဖြစ်စေ နာရီသံက တချက်ချက် မြည်လာနေပြီ ဖြစ်သည်။ Ford နှင့် ပတ်သက်၍ သုံးမလား၊ မသုံးဘူးလား ဆိုသည့် ပြဿနာ ရှိနေသည်၊ ပင်တဂွန် ကမူ မသုံးဘဲနှင့် ၎င်းတို့၏ အရေးပါဆုံးသော စစ်သင်္ဘောများကို လက်တင်အမေရိကား တွင် ကြာကြာထားလိုသည့် ဆန္ဒမရှိပေ။ Ford သည် ကာရစ်ဘီယံ သို့ ရောက်ရှိရန် ခုတ်မောင်းနှုန်း နှင့် အစောင့် သင်္ဘောများ၏ သွားနှုန်း ပေါ် မူတည်၍ အနည်းဆုံး တပတ်ခန့် ကြာမည် ဖြစ်သည်။

 

ကာရစ်ဘီယန် သို့ အင်အား ဖြန့်ကြက်လာမှု သည် အချက် နှစ်ချက်ကို ပြဆိုနေသည်။ ပထမ အချက်က "ကျူးကျော် တိုက်ခိုက်ရေး" အတွက် ဖြစ်ပြီး၊ ဒုတိယ အချက်ကား ကာရစ်ဘီယံ ဒေသ တွင် ရှိသည့် အမေရိကန်ပြည်ထောင်စု၏ နယ်မြေတစ်ခုဖြစ်သော ပေါ်တိုရီကို တွင် စစ်သည်အများအပြားကို ထားရှိနိုင်မည့် 'တဲမြို့တော်များ' (tent cities) ဖန်တီးတည်ဆောက်ရန် ဖြစ်‌ ပေ လိမ့်မည်။ သို့သော် ထိုကဲ့သို့ တဲမြို့တော်များကတော့ ပေါ်ထွက်လာပုံ မရှိသေးပေ။

 

(၂၀၂၅ အောက်တိုဘာ ၂၇ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ The meaning of America’s vast military build-up off Venezuela ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)