၁၀၂၇ နှစ်နှစ် ပြည့် မှသည် တော်လှန်‌ ရေး အတွကိ အကောင်းဆုံးရလဒ် ထွက်ပေါ်ရေး အပေါ် စစ်ရေး၊ နိုင်ငံရေး သုံးသပ်ချက်

by Hla Soewai - Nov 04 2025

စစ်အုပ်စု ကို ဒူးထောက်သွားစေခဲ့ပြီး လူသိရှင်ကြား တရုတ်ဩဇာခံ ဘဝ ရောက်အောင် တွန်းပို့ နိုင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကြီး သည် နှစ် နှစ်တင်းတင်း ပြည့်မြောက်လာခဲ့ပြီ ဖြစ်သည်။

 

သို့သော် ထိုစစ်ဆင်ရေး ကို ဦးဆောင် ဆင်နွှဲခဲ့သည့် ညီနောင်သုံးဖေါ်ဖက်မှ မီးရှူးမီးပန်း ဖေါက်သည်ကို မကြားရဘဲ တိတ်ဆိတ်နေုခဲ့သည်။

 

အထက်တွင် ဆိုခဲ့သလို စစ်အုပ်စု အား တရုတ်ဩဇာခံ ဖြစ်အောင် လုပ်နိုင်ခဲ့သလို ၎င်းတို့ကိုယ် ၎င်းတို့လည်း တရုတ် ကြိုးဆွဲရာ ကကြရသူများ အဖြစ် ထုတ်ပြလိုက်သလို ဖြစ်သွားခဲ့ရသည်။

 

ယခုအခါ နှစ်နှစ် ပြည့်မြောက်ပြီး နှစ်ရက်အကြာ အောက်တိုဘာ ၂၉ တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်သည် အားမတန် မာန်လျော့ပြီး မိုးကုတ်၊ မိုးမိတ် မြိုများအား ပြန်ပေးမည် ဆိုကာ ၎င်းတို့အား ဗုံးမကြဲရန် အပစ်အခတ် ရပ်စဲရေး အတွက် တရုတ် အထူး ကိုယ်စားလှယ် တိန်ရီချွန်း ရှေ့တွင် လက်မှတ်ရေးထိုး ပေးလိုက်ရပြီ ဖြစ်သည်ဟု သိရသည်။

 

ဤသို့ဖြင့် ညီနောင် နှစ်ဖေါ်၏ စစ်အာဏာရှင် အမြစ်ပြတ်သည် အထိ ပြည်သူတို့နှင့် အတူ တိုက်ပွဲဝင်သွားမည်ဟူ သော ကတိစကားများသည်လည်း လေ နှင့် အတူ လွင့်မျောသွားခဲ့ရပြီ ဖြစ်သည်။

 

စစ်အုပ်စုကတော့ မင်းတို့ ၁၀၂၇ စစ်ဆင်ရေးကြီး ဘာတတ်နိုင်သေးလဲ ဆိုကာ လက်မှတ်ထိုးပြီး ထွက်သွားသော တအာင်း ဒုဗိုလ်ချုပ်ကြီး တာဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့၏ ကျောပြင်ကို ကြည့်ရင်း ကျန်ခဲ့လေပြီ။

 

မြန်မာတို့သည် တော်လှန်ရေး အား နိုင်မှ ဖြစ်မည်ဟူ‌ သော စိတ်ခွန်အား အပြည့်ဖြင့် ဆက်လက် ဆင်နွှဲသွားမည်သာ ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး ဖြင့် ရရှိခဲ့‌ သော စစ်ရေး အတွေ့အကြုံများ အတွက် ကျေးဇူး တင်နေမည်သာ ဖြစ်သည်။ 

 

တော်လှန်ရေး အတွက် အကောင်းဆုံးရလဒ် ထွက်ပေါ်ရေး အပေါ် စစ်ရေး၊ နိုင်ငံရေး သုံးသပ်ချက် ကို ဩစတေးလျှ အမျိုးသား တက္ကသိုလ်ရှိ လူထု မူဝါဒ ရေးရာ ကရော့ဖို့ စာသင်တိုက်၏ ဒေါက်တာ ဘွဲ့ရ ပညာရှင် အမျိုးသမီး တဦး ဖြစ်သူ နီကိုလာ ဝီလျှံ က စာတမ်းရေးသားခဲ့သည်ကို ကောက်နှုတ်တင်ပြသွားမည် ဖြစ်သည်။ သူမသည် အုပ်ချုပ်ရေး၊ ပဋိပက္ခ ဖြေရှင်းရေး တွင် ၁၄ နှစ်မျှ အတွေ့အကြုံရှိထားပြီး ဖြစ်သည့်အပြင် မြန်မာ့ရေးရာတွင်လည်း ငါးနှစ်ခန့် ထဲထဲဝင်ဝင် လေ့လာခဲ့သူ လည်း ဖြစ်သည်။

 

#နိုင်ငံရေး နည်း ဖြင့် ဖြေရှင်းနိုင်မှု

 

လက်ရှိ အနေအထား တွင်တော့ အာဏာသိမ်း အဖွဲ့ နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG အကြား စေ့စပ် ဖြေရှင်းလာမည့် အနေအထားမျိုး မတွေ့ရသေးပေ။ နှစ်ဖက်စလုံးက စစ်ရေး နည်းလမ်း ဖြင့် အနိုင်ရရန် ကြိုးပမ်း နေသည့် အပြင် အနာဂတ် မြန်မာနိုင်ငံ နှင့် ပတ်သက်၍ မည်သို့မျှ ရင်ကြားစေ့၍ မဖြစ်နိုင်သည့် အမြင်များ စွဲကိုင်ထားကြပြန်သည်။ ထို့အတွက် တတိယ အင်အားစု သို့မဟုတ် ကုလသမဂ္ဂမှ ဝင်ရောက်ဖြန်ဖြေ ပေးနိုင် စရာ ရှိမည့် လမ်းစဟူ၍ ပေါ်ထွက်လာနိုင်စရာ အကြောင်း မရှိပေ။

 

အမေရိကန် နှင့် မဟာမိတ်များ ဖြစ်သော ဗြိတိန်၊ ဂျပန်၊ ဩစတေးလျှ တို့အပြင် တရုတ်ကလည်း အာဆီယံ ၏ နိုင်ငံ‌ရေး အရ အဖြေရှာနိုင်ရေး ကြိုးပမ်းနေခြင်းကို ထောက်ခံမှု ပေးလာခဲ့ကြသည်။ အာဆီယံ ၏ အချက် ငါးချက်ပါ ဖေါ်မြူလာသည် အရာထင်ဖို့ နေနေသာသာ ပွဲမထွက်မီကပင် အသက်ငင်နေပြီ ဖြစ်သည်။ 

 

အာဏာမသိမ်းမီ ဆယ်နှစ်အတွင်း ပေါ်ထွက်ခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နိုင်ငံများ အနေဖြင့် သိနား လည်ထားဖို့ လွန်စွာမှ လိုအပ်နေပေသည်။ ထိုလုပ်ငန်းစဉ်များတွင် စစ်တပ်သည် ၎င်းတို့ ရေးဆွဲထားသော ဖွဲ့စည်းပုံ နှင့် ကိုယ်ကျိုးစီးပွား ကာကွယ်နိုင်ရန် နိုင်ငံရေး နယ်ပယ်တွင် ဆက်လက် ရှိနေရမည် ဆိုသည့် ဘောင် အပြင်ဖက်သို့ ခြေတလှမ်းပင် လှမ်းရန် စိတ်ကူး မရှိကြသည်ကို တွေ့ရမည်။ ထို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှန်သမျှ ကို ဖျက်မြင်း အဖြစ် ပါဝင်လာခဲ့ကြခြင်း ဖြစ်သည်။

 

ဆွေးနွေးနေကြသည့် အဖွဲ့များအကြား စိတ်ဝမ်းကွဲအောင် လှုံ့ဆော်ပေးခြင်း၊ ထွက်ပေါ်လာမည့် ရလဒ်များကို ဗီတို ဖြင့် ပယ်ချနိုင်ရန် အခွင့်အလမ်းကို ကျားချောင်းသလို ချောင်းနေခြင်းများ ဖြင့် သရုပ်ဆောင်ခဲ့ကြသည်။ အပစ်အခတ်ရပ်စဲရေးများ ကို ဖောက်ဖျက်ပြီး တိုက်ခိုက်ခြင်းမျိုး၊ ရိုဟင်ဂျာများ အပေါ် လူမျိုးတုံး သတ်ဖြတ် သည်အထိ ကျူးလွန်လာခဲ့ကြသည်။

 

စစ်တပ်နှင့် အာဏာခွဲဝေရေး ပုံစံဖြင့် ဖြေရှင်းခြင်းမျိုးသည် တောင်နှင့် ဝင်တိုက်မည့် လေယာဉ်ကို အတူ စီးခြင်းမျိုးသာ ဖြစ်ပေလိမ့်မည်။ စစ်တပ်၏ စစ်သံပေးနေမှု ကို ပြောင်းလဲသွားဖို့သည် ခေါင်းဆောင်ပိုင်းရော၊ အင်စတီကျူးရှင်းအရရော၊ ဓလေ့ထုံးတမ်း များအရပါ သိသိသာသာ အပြောင်းအလဲများ လုပ်နိုင်ဖို့ မရှိမဖြစ် လိုအပ်လာသည်။ သို့မှသာ အနာဂတ် မြန်မာပြည်အတွက် ပြည်သူများ မျှော်လင့်တောင့်တနေမှုများ နှင့် တသားတည်းကျမည့် စစ်တပ် အဖြစ် ပေါ်ထွက်လာမည်။ ထိုသို့ ပေါ်ထွက်လာရန် စစ်တပ် အတွင်း မှ ကြိုးပမ်းလာရန်မှာ ဖြစ်လာနိုင်စရာ အကြောင်းမမြင်သေးပေ။

 

စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် ကို အဆင့်မြင့် သံတမန်‌ရေး နည်းလမ်း ဖြင့် ချဥ်းကပ်ပြီး တွေ့ဆုံကာ တရားဥပဒေ နှင့် လူ့အခွင့်အ‌ရေး ကို အလေးထားဖို့ ပြောဆိုရန် ကြိုးပမ်းလာပါကလည်း ကျွဲပါး စောင်းတီးသလိုသာ ဖြစ်ပေလိမ့်မည်။ ၎င်းတို့ အဖို့က လူထုအား အနိုင်ကျင့် ခြိမ်းခြောက် ထားနိုင်မည့် အကြမ်းဖက်နည်းလမ်းများ နှင့် စစ်ပွဲများ ဖန်တီးရေးအား ရည်ရွယ် တည်ဆောက်ထားသည့် အင်စတီကျူးရှင်း ၏ ပေါ်လစီကို မည်သို့မျှ ပြောင်းလဲပေးလာမည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။

 

အနောက်တိုင်း သံတမန်များ နှင့် ဒေသတွင်းရှိ ခေါင်းဆောင်များ အနေဖြင့် စစ်တပ်သည် နိုင်ငံရေး၊ စစ်ရေးအရ အားနည်းလာပြီး ပြုတ်လုပြုတ်ခင် ဖြစ်လာချိန်မျိုး ကျမှသာ ၎င်းတို့ နှင့် ထိတွေ့ဆက်ဆံဖို့ ရည်မှန်းထား သင့်သည်။

 

အနောက်နိုင်ငံ အများအပြားသည် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) အား ကူညီထောက် ပံ့မှု များ အတိုင်းအတာတခုအထိ ပေးရန် ကမ်းလှမ်းလာနေပြီ ဖြစ်သည်။ NUCC သည် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ရေးဆွဲရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖေါ်ပြခဲ့ပြီး ဖြစ်သော်လည်း တိုင်းရင်းသား လူမျိုးစု အဖွဲ့များ အားလုံး ပါဝင်လာအောင် စည်းရုံးနိုင်ခြင်း မရှိသေးပေ။

 

#နိုင်ငံ ပျက်ယွင်းပြီး ဘော်လကန်နိုက်ဇေးရှင်း ဖြစ်လာမည့် အရေး

 

မြန်မာသည် နိုင်ငံ ပျက်ယွင်းပြီး ဘောလကန် ဒေသတွင်း နိုင်ငံများ အဖြစ်နှင့် ကြုံလာရနိုင်သည်ဟု သတင်းစာ များ နှင့် ဆောင်းပါးများတွင် ရေးသားလာမှု များကို တွေ့ရသည်။ နိုင်ငံတခု အလုံးစုံ ပြိုပျက်သွားခြင်းသည် ရှားရှားပါးပါး ဖြစ်စဉ်မျိုးသာ ဖြစ်သည်။ မြန်မာသည် စစ်အုပ်ချုပ်ရေး အောက်တွင် နိုင်ငံသားများအား ဖြည့် ဆည်းပေးရမည့် အခြေခံ လုပ်ငန်းများ မဆောင်ရွက်နိုင်ခဲ့သည်မှာလည်း ဆယ်စုနှစ်ပေါင်း များစွာ ကြုံတွေ့ လာခဲ့ကြရပြီး ဖြစ်သည်။ လောလောဆယ်တွင် စစ်တပ်သည် နိုင်ငံအတွင်း ဒေသ အုပ်ချုပ်ရေးကိုပင် ကျစ်လစ်အောင် တည်ဆောက် နိုင်ခြင်း မျိုး မရှိဖြစ်နေသည်။ 

 

 ဘော်လကန် ဒေသမျိုး ဖြစ်သွားဖို့ ဆိုသည်မှာ ဗဟိုအုပ်ချုပ်ရေး အားနည်းပြီး ပြိုလဲသွားခြင်း နှင့် အတူ နိုင်ငံ သည် အစိတ်စိတ် အမွှာမွှာ ကွဲထွက်ကာ လူမျိုးစု တူရာတူရာများ နှင့် ဖွဲ့စည်းလာသော တိုင်းပြည်များ ပေါ်ထွက် လာမှသာ ဖြစ်နိုင်ပေမည်။ ထိုသို့ လွတ်လပ်ရေး ရယူပြီး တသီးတခြား ခွဲထွက်နိုင်ဖို့က ဥပမာအားဖြင့် ကော်ဆိုဗို၊ တီမော-လက်ရှ်တေ၊ တောင် ဆူဒန် တို့ကဲ့သို့ နိုင်ငံတကာ၏ ထောက်ခံမှု ရဖို့လိုအပ်သည်။ မြန်မာပြည် အတွက်မူ ထိုသို့ စပွန်ဆာ လုပ်ပေးမည့်သူများ မရှိပေ။

 

လက်ရှိ အနေအထားကိုပင် ဘေးထွက်နေကြပြီး သူတို့ဖာသာသူတို့ ဖြေရှင်းကြလိမ့်မည်။ အခြေအနေများ ယခုထက် ပို၍ ရှုပ်ထွေးလာပြီး မရှူနိုင်မကယ်နိုင် ဖြစ်လာအောင် ဖန်တီးလိုစိတ် မရှိကြသည်ကို တွေ့နေရသည်။

 

သို့သော်လည်း အာဏာသိမ်း ပြီး နောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် များသည် ယခင်ကထက် ပို၍ နယ်မြေများကို အခိုင်အမာ ထိန်းချုပ်လာနိုင်စွမ်း ရှိလာကြသည်။ ထို့အတွက် ၎င်းတို့အဖို့ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရရေးသာ တောင်းဆိုကြပြီး အနာဂတ်တွင် ပေါ်ပေါက်လာမည့် အရပ်သား အစိုးရနှင့် လက်တွဲရန် ငြင်းဆန်ကောင်း ငြင်းဆန်လာနိုင်စရာ ရှိနေသည်။ အချို့ လက်နက်ကိုင် အဖွဲ့များသည် ယခုပင် တသီးတခြား တိုင်းပြည်ပုံစံမျိုး တည်ထောင် အုပ်ချုပ်နေနိုင်ပြီ ဖြစ်၍ NUG နှင့် မဟာမိတ် ပြုရန် စိတ်မဝင်စားကြတော့ဘဲ အဆိုပြုထားပြီး ဖြစ်သည့် ဖက်ဒရယ် ပဋိညာဉ် ပြင်ပမှသာ နေသွားလိုစိတ် ရှိနေကြပြီ ဖြစ်သည်။

 

အတိုချုပ် ဆိုရလျှင် မြန်မာသည် ဘော်လကန်ဒေသများကဲ့သို့ ဖြစ်လာနိုင်စရာ မရှိပေ။ သို့သော် အစိတ်စိတ် အမွှာမွှာ ကွဲပြားသွားမည့် အန္တရာယ်က အမြဲလိုတော့ ရှိနေ၍ တိုင်းရင်းသား လူနည်းစု ခေါင်းဆောင်များ နှင့် မြန်မာ ခေါင်းဆောင်တို့အကြား ရင်ကြားစေ့နိုင်ဖို့ လိုအပ်နေသည်ကို မီးမောင်းထိုးပြလျှက် ရှိနေပေသည်။

 

#ရေစုန်မျောသွားနိုင်သည့် ပဋိပက္ခ အလားအလာ

 

ဤနေရာတွင် ဖြစ်နိုင်သည့် အနေအထား တခုကို ထည့်သွင်းစဉ်းစားဖို့လိုသည်။ ပြတ်ပြတ်သားသား အဖြေ မထွက်ဘဲ နှစ်ပေါင်း အတန်ကြာ သည့်အထိ တိုက်ပွဲများ ဆက်ဖြစ်နေမည် ဆိုက တော်လှန်ရေး ကြီးသည် အခြား လူမျိုးစု ပဋိပက္ခများကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် NUG နှင့် စစ်တပ် နှစ်ဖွဲ့လုံးသည် လက်ရှိ အနေအထား မှ အသီးသီး နောက်ပြန်ဆုတ်သွားကြပေလိမ့်မည်။

 

ရှေ့မတိုး နောက်မဆုတ် အနေအထား ကပင် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်သည့် အခွင့် အလမ်းများ ထွက်ရှိလာနိုင်ပြန်သည်။ မြန်မာ စစ်တပ် အဖို့က အာဏာခွဲဝေပေးရေးထက် ၎င်းတို့ ထုံးစံအတိုင်း တိုက်လိုက် နားလိုက် ဖြင့် ဆက်သွားဖို့သာ လိုလားပေသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့သည် စီးပွားဖြစ် နိုင်မည့် အခွင့်အရေးများရဖို့ ကြိုးစားလာကြပေလိမ့်မည်။

 

ထိုသို့ ဖြစ်သွားမည်ဆိုလျှင် စစ်တပ် အတွက် မဆိုသလောက် အောင်မြင်မှု ရသွားပေလိမ့်မည်။ ၎င်းတို့ အဖို့က ယခင်အတိုင်း ပဋိပက္ခများကို အရေးပါမှု အစဉ်အတိုင်း ကိုင်တွယ်ဖြေရှင်းသွားကြပေလိမ့်မည်။ ထို့သို့ ဖြစ်မသွား နိုင်အောင် တော်လှန်ရေး အင်အားစုများ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မဟာဗျူဟာ မြောက် လက်တွဲ ကာကွယ်သွားကြရမည် ဖြစ်သည်။ စစ်တပ်၏ အင်အား ကို ဖြစ်နိုင်သမျှ လျော့ပါးသည်ထက် လျော့ပါး လာအောင် အားထုတ်ရင်း မိမိတို့ အတွက် လိုအပ်သော အရင်းအမြစ်များ ရရှိအောင် ကြံဆောင်ကြရပေမည်။

 

#နိဂုံး

 

အမေရိကန် နှင့် ဒေသတွင်း နိုင်ငံများ အနေနှင့် တော်လှန်ရေး အင်အားစုများ အောင်ပွဲခံနိုင်အောင် မည်သို့ အားပေးကူညီသင့်သနည်း၊ ရုရှား၊ တရုတ် တို့နှင့် အမြဲလို အချင်းများရမည့် နွံအိုင်ကြီးထဲ ရောက်သွားနိုင်သည့် အရေးကြောင့် လက်နက် အကူအညီများ ပေးလာနိုင်ဖွယ်တော့ မရှိပေ။ ထိုအစား NUG အား အရပ်ဖက် အုပ်ချုပ်ရေး အဖွဲ့အစည်းများ ထူထောင်နိုင်ရေး အတွက် အကူအညီများ ပို၍ ပေးသင့်သည်။ နိုင်ငံတွင်း တိုက်ပွဲများ အများဆုံး ဖြစ်နေသည့် ဒေသများတွင် အုပ်ချုပ်ရေး တရပ် ထူထောင် နိုင်ရေး အတွက် အကူအညီများ တိုက်ရိုက် ပံ့ပိုးသင့်သည်။ထို့ပြင် တိုင်းရင်းသား ခေါင်းဆောင်များ နှင့် ဗမာ တို့ အကြား ဆက်ဆံရေး တိုးတက် ကောင်းမွန်လာရေး အတွက် ဝင်ရောက် ပါဝင်သင့်သည်။

 

လာမည့် နှစ်သည် NUG အတွက် လွန်စွာ အရေးကြီးလှသော အဆုံးအဖြတ်ပေးမည့် နှစ်လည်း ဖြစ်သည်။ အမေရိကန် နှင့် အာရှ မဟာမိတ်များ အဖို့ မိမိတို့နှင့် လက်တွဲ၍ ရမည့် နိုင်ငံ မျိုး လိုချင်သည်လော၊ သို့မဟုတ် ကသောင်းကနင်း နှင့် ပြစ်ပယ်ထားရမည့် နိုင်ငံ အဖြစ် ဆက်ထားသွားမည်လော ဆိုသည်ကို ဆုံးဖြတ်ကြရ ပေတော့မည်။

 

ယခုအခါ မလုပ်မရှုပ် အနေအထားဖြင့် သွား၍ မရတော့ဘဲ ပို၍ အန္တရာယ်များကောင်း များ လာနိုင်သည့် စွန့်စားမှု မျိုး လုပ်ရတော့မည့် အချိန်လည်း ဖြစ်သည်။ ဆိုလိုသည်က NUG နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ထိထိရောက်ရောက် လက်တွဲသွားရတော့မည် ဖြစ်သည်ဟု ရေးသားထားသည်။

 

ယခုအခါ ရွေးကောက်ပွဲ ကို မည်သူမှ မလာမှန်း သေချာသွားသည့် အခါတွင်တော့ တုန်လှုပ်လာသည် နှင့် အမျှ ပြည်ပမှ မီဒီယာ များကို လာရောက် လေ့လာကြပါရန် အရှက်မရှိ ဖိတ်ခေါ်လာပြန်သည်။ ပြည်ပ မီဒီယာများကလည်း ၎င်းတို့အား ဝင်ရောက်ခွင့် မပြုဘဲ ပိတ်ပင်ထားသည်မှာ အာဏာသိမ်းပြီးချိန်ကစ၍ လေးနှစ်ပင် ကျော်လာခဲ့၍ ရတောင့်ရခဲ အခွင့်အရေး ကို အမိအရ ဖမ်းဆုပ် လာနိုင်သည်။

 

ဒုတိယ အဆင့် ရွေးကောက်ပွဲ ကို နောက်ထပ် မြို့နယ် ၁၀၀ ၌ ဇန်နဝါရီ ၁၁ တွင် ပြုလုပ်သွားမည်ဟုလည်း ကြေညာလိုက်ပြီ ဖြစ်သည်။ ထို မြို့နယ် ၁၀၀ တွင် တဝက်ကျော်ခန့်သည် ပြည်သူ့ဘက်တော်သား တော်လှန်ရေး တပ်များ ထိန်းချုပ်နယ်မြေများအတွင်း ဖြစ်နေသည်။

 

ပြိုင်ဖက် မရှိ ယှဉ်ပြိုင်ရမည့် စစ်အုပ်စု ၏ ငယ်မွေး ခြံ ပေါက် ပါတီ ကြံ့ဖွတ်သည် မဲဆွယ်ပွဲများကို ရန်ကုန်တွင် တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။

 

ထိုရွေးကောက်ပွဲ သည် မည်သည့်အရာကို မျှ အလွတ်မပေးဘဲ သေချာကျနစွာ အကွက်ချ စီစဉ်ထားသည့် ပြဇာတ် မျိုးသာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!