ထိုကဲ့သို့သော အနုပညာ ဖန်တီးမှု များသည် ဗျုရိုကရေစီ အား မည်သို့သော သဘောရှိသည်ကို လူများ ခံစားသိရှိ နိုင်အောင် ပုံဖေါ်ပေးရာတွင် အောင်မြင်မှု များ အထိုက်အလျောက် ရှိလာခဲ့သည်။ သို့သော်လည်း တောင်ကုန်းကို တက်ရသည့် ခရီးလိုပင် လွယ်ကူလှသည် တော့ မဟုတ်၊ ကျောက်ခေတ် ကတည်းက ကျွနုပ်တို့၏ ဦးနှောက်များသည် ဗျုရိုကရေစီ အစား ဇီဝ ဒရာမာ များ ဖြင့်သာ စေစားခံလာခဲ့ရသည်။
ဟော်လီဝုဒ် နှင့် ဘော်လီဝုဒ်မှ လူကြိုက်များသော ရုပ်ရှင် အများစုတွင် အပေါင်ခံထားရသည့် ကြွေးမြီ ဆိုင်ရာ တာဝန် ဝတ္တရားများ အကြောင်းတော့ တွေ့ရမည် မဟုတ်၊ နှစ်ဆယ့်တစ် ရာစုထဲ ရောက်လာသည့် တိုင် ကျောက်ခေတ်ကတည်းက ရှိခဲ့သော လူစွမ်းကောင်း ဇာတ်လိုက်က မကောင်းဆိုးဝါး လူဆိုးကို အနိုင်ယူကာ မိန်းမပျို တဦး ၏ အချစ်ကို ရယူသည့် ဇာတ်လမ်းမျိုးသာ ဖြစ်သည်။
ထို့ပြင် နိုင်ငံရေး အာဏာ အရွှေ့ကို သရုပ်ဖေါ်သည့် Game of Thrones, The Crown, Succession ရုပ်သံ ဇာတ်လမ်းတွဲများသည် ဝင်္ကဘာလို ရှုပ်ထွေးလှသည့် ကလိန်ကကျစ်ကျသည့် နန်းတွင်း အာဏာ လုပွဲ မျိုးကိုသာ အဓိက ထား သရုပ်ဖေါ်ခဲ့သည်။
ရှေ့နေ အားလုံးကို အဆုံးစီရင်ကြစို့
***************
ဗျုရိုကရေစီ ၏ ပကတိ သဘောကို သရုပ်ဖေါ်ခြင်း၊ နားလည်အောင် ကြိုးစားခဲ့ခြင်း များတွင် ကံမကောင်း အကြောင်းမလှသည့် ရလဒ်များ ထွက်ပေါ်ခဲ့ရသည်။ တဖက်တွင် လူများသည် ကာဖကာ၏ Trial ဝတ္ထုထဲက ဇာတ် ကောင်လို ၎င်းတို့ မည်သို့မျှ နားမလည် နိုင်သော်လည်း ဒုက္ခပေးလာသည့် အာဏာပြမှု များ နှင့် ရင်ဆိုင်ခဲ့ကြရသည့် အခါ ခိုကိုးရာမဲ့ ဖြစ်ခဲ့ကြသည်။ တဖက်တွင်လည်း အုပ်ချုပ်ရေးယန္တရား ဗျူရိုကရေစီ သည် ကျွန်ုပ်တို့အား ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံမှု နှင့် တရားမျှတမှုတို့ကို ပေးစွမ်းနေသည့် အကျိုးရှိသော အင်အားစု ဖြစ်နေသည့်တိုင်၊ ၎င်းသည် ဆိုးရွားသော ပူးပေါင်းကြံစည်မှု တစ်ခုဖြစ်သည်ဟု လူအများ စိတ်တွင် စွဲထင် ကျန်ရစ်ခဲ့စမြဲပင် ဖြစ်သည်။
၁၆ ရာစုတွင်၊ လူဒိုဗီကို အာရီယော့စတို သည် "ကတောက်ကဆ ဖြစ်ပွားခြင်း" (Discord) ဟူသော် မော်ကွန်း ကဗျာရှည်ကြီးတွင် အမျိုးသမီး တဦးကို ပုံဆောင်ဇာတ်ကောင်အဖြစ် ဖော်ပြခဲ့သည်၊ ထိုအမျိုးသမီးသည် "ဆင့်ခေါ်စာများ၊ ဝရမ်းစာများ၊ လက်ဝါးကပ်တိုင် စစ်ဆေးမေးမြန်းမှုများ၊ ရှေ့နေပါဝါများ၊ အကျယ်ဖွင့်ရှင်းလင်းချက်များ၊ ရှေ့နေအကြံပြုချက်များ နှင့် ရှေ့ကဖြစ်ခဲ့သော စီရင်ထုံးကြီးများ စုပုံနေသော တိမ်တိုက်ကြီး" အတွင်း လှည့်ပတ်သွားလာနေပြီး—အဆိုပါ အရာအားလုံးသည် ဆင်းရဲသားလူထု၏ မလုံခြုံမှုကို ပိုမိုကြီးထွားစေရန်သာ ရည်ရွယ်သည်—ဟု ရေးသားခဲ့သည်။ သူမ ၏ ရှေ့နောက် ဘေးတဖက်တချက်စီတွင် ရှေ့နေများ၊ ဝတ်လုံတော်ရများ၊ နိုထရီ သမားများက ဝန်းရံထားသည်။
ဝီလျံ ရှိတ်စပီးယား သည် "ဆဋ္ဌမ ဟင်နရီ ဘုရင်၊ အပိုင်း ၂" ပြဇာတ်တွင် ၁၄၅၀ ပြည့်နှစ်က ပေါ်ပေါက်ခဲ့သော ဂျက်ကိတ် သူပုန်အရေးအခင်း အကြောင်း ဖော်ပြရာ၌၊ သူပုန်သူကန် တစ်ဦးဖြစ်သူ သားသတ်သမား ဒစ်ခ် ၏ အုပ်ချုပ်ရေး ယန္တရားအပေါ် ဆန့်ကျင်မုန်းတီးမှု ကို ၎င်း၏ အဆုံးစွန်သော ယုတ္တိဗေဒ ဖြင့် နိဂုံးချုပ် အောင် ပြောဆိုစေခဲ့သည်။
ဒစ်ခ်သည် ပိုမိုကောင်းမွန်သော လူနေမှု စနစ်တခု တည်ဆောက်ရန် အစီအစဉ် ရှိထားသည်။ "ကျုပ်တို့ ပထမဆုံး လုပ်ရမှာက ရှေ့နေတွေကို အကုန် သတ်ပစ်ဖို့ပဲ" ဟု ပြောလာခဲ့သည်။ သူပုန်ခေါင်းဆောင် ဂျက်ကိတ်သည်လည်း ဒစ်ခ် အဆိုပြုသည့် အတိုင်း ဗျူရိုကရေစီ အုပ်ချုပ်ရေး ယန္တရား နှင့် အထူးသဖြင့် မှတ်တမ်းမှတ်ရာများ ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာခဲ့သည်။
“ဤအရာသည် ဝမ်းနည်းစရာ မဟုတ်လော။ အပြစ်ကင်းသော သိုးသငယ်တစ်ကောင်၏ အရေခွံဖြင့် စာလွှာ ပြုလုပ်ရခြင်း၊ ထိုစာလွှာပေါ်တွင် ရေးခြစ်ခြင်းဖြင့် လူတစ်ဦးကို ပျက်စီးစေနိုင်ခြင်း။ ပျားက အဆိပ်ရှိသည် ဟု အချို့က ဆိုကြသည်။ သို့သော် ငါကတော့ ပျားဖယောင်း ကသာ အဆိပ်ရှိသည်ဟု ဆိုမည်။ အကြောင်းမှာ ငါသည် စာချုပ်တစ်ခုကို တကြိမ်တည်း လက်မှတ်ထိုး တံဆိပ်ခတ်ခဲ့ဖူးပြီး ထိုအချိန်မှစ၍ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိသူ မဟုတ်တော့သောကြောင့်တည်း။”
ထို့နောက် သူပုန်များသည် စာရေး တယောက်ကို ဖမ်းဆီးပြီး စာရေးစာဖတ် နိုင်စွမ်း ရှိမှု နှင့် စွဲချက် တင်ခဲ့သည်။ ၎င်းအား တိုတိုတုတ်တုတ်ပင် စစ်ဆေး မေးမြန်းပြီး အပြစ်ရှိကြောင်း အတည်ပြုကာ ဂျက်ကိတ်က ၎င်း၏ နောက်လိုက်များအား သူ၏ ကလောင်တံနှင့် မှင်အိုး အား လည်ပင်းတွင် ဆွဲပြီး ကြိုးပေး ကွပ်မျက်စေ ဟု အမိန့်ပေးခဲ့သည်။
ဂျက်ကိတ်၏ ပုန်ကန်မှု ကြီး မတိုင်မီ နှစ်ပေါင်း ခုနှစ်ဆယ် ခန့် ဖြစ်သော ၁၃၈၁ တွင် ထို့ထက် ပိုမိုကြီးမားသော လယ်သမား အရေးတော်ပုံ ကြီး ဖြစ်ပွားခဲ့သည်။ သူပုန်များက လူသားများ ဖြစ်သောဗျူရိူကရက်များသာမက ၎င်းတို့၏ မှတ်တမ်းမှတ်ရာများ အပေါ် ဒေါသ အမျက်ချောင်းချောင်း ထွက်လာကြပြီး မော်ကွန်းတိုက်များ၊ တရားရုံး ပေလွှာများ၊ ပဋိညာဉ် များ၊ အုပ်ချုပ်ရေး၊ ဥပဒေရေးရာ ပေပုရိုက်များကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြသည်။
တခါတွင် ကင်းဘရစ်ခ်ျ တက္ကသိုလ် မော်ကွန်းတိုက်ကိုပါ မီးရှို့ ဖျက်ဆီးခဲ့ကြသည်။ မာဂျရီ စတား အမည်ရှိ အဖွားအို သည် "စာရေးစာချီ တွေရဲ့ ပညာတွေ ကို ဖျက်ဆီးပစ်၊ ဖျက်ဆီးပစ်" ဟု အော်ဟစ်ရင်းက ပြာများကို လေထဲသို့ လွှင့်ပစ်ခဲ့သည်။
စိန့် အော်ဘန့်စ် ဘုန်းကြီးကျောင်း တိုက် မှ သံဃာတော်တစ်ပါးဖြစ်သူ သောမတ်စ် ဝေါ်လ်စင်ဂမ် သည် ကျောင်းတိုက်၏ မှတ်တမ်းများ မီးရှို့ဖျက်ဆီးခံရသည်ကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရသူ ဖြစ်သည်။ ၎င်း က သူပုန်များသည် "တရားရုံးမှတ်တမ်းများနှင့် အခြားစာချုပ်စာတမ်း အားလုံးကို မီးရှို့ပစ်ခဲ့သည်၊ ၎င်းတို့ ရှေးယခင် ကတည်းက ကျေးကျွန်အဖြစ် အမှုထမ်းခဲ့ရသည့် မှတ်တမ်းများကို ဖယ်ရှားရှင်းလင်းနိုင်မှသာ နောက်နောင် တွင် သခင်ဆိုသူ များသည် ၎င်းတို့ အပေါ် မည်သည့်အခွင့်အရေးမျှ ပြန်လည်တောင်းဆိုနိုင်တော့မည် မဟုတ်" ဟု ဖော်ပြခဲ့သည်။ စာချုပ်စာတမ်းများကို သတ်ပစ်ခြင်းသည် ကြွေးမြီများကို ဖျက်ပစ်ခြင်းပင် ဖြစ်သည်။