မြန်မာ သည် မည်သို့သော ရွေးကောက်ပွဲမျိုး မလုပ်မီ အာဆီယံ၏ အချက် ငါးချက်ကို အကောင်အထည် ဖေါ်ရမည်ဟု အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ၎င်းတို့၏ သဘောထားကို ထပ်လောင်း အတည်ပြုလိုက်ကြသည်။ ထို့ပြင် မြန်မာ ပဋိပက္ခ မှ ပေါ်ထွက်လာသော နိုင်ငံ ဖြတ်ကျော် ရာဇဝတ်မှု များ အားလည်း အခိုင်အမာ ပူးပေါင်းဆောင်ရွက်မှု ဖြင့် ဖြေရှင်းသွားမည်ဟု ကတိပြုခဲ့ကြသည်။
ဘုံသဘောတူညီချက် ငါးချက် အား အကောင်အထည် ဖေါ်မှု နှင့် စပ်လျှင်း၍ အာဆီယံ ခေါင်းဆောင်များ၏ သုံးသပ် ဆုံးဖြတ်မှု အပေါ် ကြေညာချက် ထုတ်ပြန်ရာတွင် နိုင်ငံတွင်း တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိအောင် သက်ဆိုင်နေသည့် အဖွဲ့အစည်းအားလုံး အချက် ငါးချက်အား အပြည့်အဝ အကောင်အထည် ဖေါ်ကြရန်လည်း တိုက်တွန်းထားသည်။
မိမိတို့မှ ရွေးကောက်ပွဲ မလုပ်မီ အကြမ်းဖက်မှု များ ရပ်ဆိုင်းပြီး အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲ များ ပြုလုပ်ရန် အလေးအနက် တိုက်တွန်းသည်ဟု ပါရှိသည်။
ရွေးကောက်ပွဲသည်လည်း လွတ်လပ် တရားမျှတ၊ ငြိမ်းချမ်း ပွင့်လင်းမြင်သာပြီး အားလုံး ပါဝင်နိုင်သည့် ယုံကြည်ရလောက်သော ရွေးကောက်ပွဲ မျိုး ဖြစ်ရန် အရေးကြီးကြောင်း အလေးအနက် ဖေါ်ပြထားသည်။
မြန်မာ မှ ရွေးကောက်ပွဲအား လေ့လာသူများ စေလွှတ်ရန် ဖိတ်ခေါ်သည်ကို သိရှိကြောင်းလည်း ပါရှိသည်။
ဆက်လက်ပြီး အချက် ငါးချက်ကို အကောင်အထည် မဖေါ်မချင်း မင်းအောင်လှိုင်အား တက်ခွင့်မပေး ဆိုသည့် မူ ကို ဆက်လက်စွဲကိုင်သွားမည်ဟုလည်း ပါရှိသည်။
လက်ရှိ အနေအထားတွင် ဖိလစ်ပိုင်၊ အင်ဒိုနီရှား၊ မလေးရှားတို့က အပြင်းအထန် ဆန့်ကျင်နေပြီး ထိုင်းနိုင်ငံ ကသာ ဖိတ်ခေါ်မည် ဆိုက ၎င်းတို့ စေလွှတ်ပေးမည်ဟု လူသိရှင်ကြား ပြောထား သည်။
အာဆီယံ၏ တရားဝင် ရပ်တည်ချက်သည် ရွေးကောက်ပွဲ မတိုင်မီ အကြမ်းဖက်မှု ရပ်စဲရေး နှင့်သက်ဆိုင်သူအားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးရေး ကို အဓိကထား လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဆိုသည်ပင် ဖြစ်သည်။
အဖွဲ့ဝင်နိုင်ငံများက ထိုအချက်များ အကောင်အထည် မဖေါ်သေးပဲ စစ်အုပ်စု၏ ရွေးကောက်ပွဲကို လေ့လာသူ စေလွှတ်ပါက တရားဝင်အသိအမှတ်ပြုသလို ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ဆန့်ကျင်နေကြပါသည်။ ၎င်းတို့၏ အချက် ငါးချက်သည်လည်း အလိုလိုနေရင်း မြောင်းထဲ ရောက်သွားတော့မည် ဖြစ်သည်။
တနင်္ဂနွေ့နေ့က ထုတ်ပြန်သော ပူးတွဲ ကြေညာချက်တွင် အရပ်သားများ အပေါ် ဆက်လက်ပြီး အကြမ်းဖက် နေမှု များကို ရှုတ်ချကြောင်း၊ သက်ဆိုင်သူများ အားလုံး ချက်ခြင်း ဆိုသလို အကြမ်းဖက်မှု များ ရပ်ဆိုင်းရန်၊ အရပ်သားများ၏ လုံခြုံရေးကို အာမခံ ကာကွယ်ပေးရန်၊ လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ အဟန့်အတားမရှိ ပေးနိုင်ရန် နှင့် နိုင်ငံရေး ဆွေး နွေးပွဲ များ ဖြစ်ပေါ်လာမည့် အခြေအနေများ ဖန်တီးပေးရန် တို့ ပါရှိသည်။
အဆိုပါ ကြေညာချက်တွင် ရွေးကောက်ပွဲ အား လေ့လာသူ စေလွှတ်ရေး တလုံးတပါဒ မျှ မပါရှိ၍ လိုက်လျောမည့် အလားအလာ မတွေ့ရပေ။
သောကြာနေ့က အာဆီယံ နှင့် နိုင်ငံတကာရှိ အလုပ်သမား သမဂ္ဂများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ လူ့အခွင့် အရေး အဖွဲ့ စုစုပေါင်း ၃၀၈ ဖွဲ့က ၎င်းတို့၏ အစိုးရများအား စစ်အုပ်စု၏ ရွေးကောက်ပွဲ ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန် တောင်းဆိုသည့် စာများ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။
လက်ရှိတွင် အာဆီယံ နိုင်ငံများသည် ၎င်းတို့ နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရန် ထိပ်သီး အစည်းအဝေးသို့ ရောက်လာသော အမေရိကန်၊ ဂျပန်၊ တောင်ကိုရီယား အပါအဝင် နိုင်ငံပေါင်း ၂၀ ခန့်မှ ခေါင်းဆောင်များ နှင့် အားတက်သရော ဆွေးနွေးနေကြချိန်တွင် မြန်မာ စစ်ခေါင်းဆောင်များကတော့ ပြည်သူများ အပေါ် အနိုင်ရရေး အတွက် လက်နက်များ ပေါချောင်ကောင်း နှင့် ရနိုင်မည့် အရေးသာ ခေါင်းထဲတွင် ရှိနေကြသည်။
ဩစတေးလျှ ၏ The Interpreter စာစောင်တွင် ဆောင်းပါးရှင် အေမီ ချုး က သူမသည့် ပြီးခဲ့သည့် နှစ် အနည်းငယ်က စစ်အုပ်စု မှ အထက်တန်း စစ်အရာရှိကြီး တဦး နှင့် ရှားရှားပါးပါး တွေ့ဆုံခွင့် ရခဲ့ရာတွင် ၎င်းတို့၏ စိတ်နေ သဘောထားကို သိခွင့်ရခဲ့ကြောင်း၊ အဆိုပါ ဗိုလ်ချုပ်ကြီးမှ "တကမ္ဘာလုံးက ကျုပ်တို့ကို ပိတ်ဆို့ဒဏ်ခတ်နေတော့ကော ဘာအရေးလဲ၊ တသက်လုံး အဲ့လို အလုပ်ခံနေရတာပဲ၊ ကျုပ်တို့ဖက်မှာ ရုရှား နဲ့ တရုတ် ရှိတယ်၊ ပြီးတော့ ကျုပ်တို့ဖာ ကျုပ်တို့ လက်နက်တွေ ထုတ်နိုင်တယ်" ဟု ပြောခဲ့သည်ဟု မီးမောင်း ထိုးပြသွားခဲ့သည်။
ရွေးကောက်ပွဲသည် အာဆီယံကြောင့် အရှက်ဗြန်းဗြန်း ကွဲမည့် အရေးကို ကာမိလို့ ကာမိငြား လူထုကို အာရုံလွဲ နိုင်ရန် အသက်သာ ရလာကြသော်လည်း ဦးနှောက်ပိုင်း ဖွံ့ဖြိုးမှုတွင် ဆယ်နှစ်သား ခန့်သာ ရှိသည့် အနုပညာရှင်များကို ခေါ်ထုတ်ပြီး ဝါဒဖြန့် ဇာတ်လမ်းတို အချိန်မီ ထုတ်လွှင့်လာကြသည်။
မည်သို့ပင် ဖြစ်စေ ဓမ္မ က အောင်ပွဲ ခံခဲ့ပြန်ပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!