တပ်မတော် မရှိလျှင် ဘာဖြစ်သွားမလဲ ဟူသော အပြောအဆိုမျိုးက ၁၉၈၈ နောက်ပိုင်း တွင် ကျယ်လောင်စွာ ပြောဆိုခြင်းများကို ကြားလာခဲ့ရသည်။ တပ်မတော်သာ အမိ တပ်မတော်သာ အဖ ဟုပင် ဆိုင်းဘုတ်များ နိုင်ငံ အနှံ့ စိုက်ထူခဲ့ကြသည်။
ဤသည်မှာ အိုးမလုံ အုံပွင့်နေကြသူများ၏ ယခုတိုင် မရိုးနိုင်သေးသော ဓါတ်ပြားဟောင်းကြီးပင် ဖြစ်သည်။ တကယ် တမ်းသာ ဓါတ်ပြားတချပ် ဖြစ်ခဲ့မည်ဆိုလျှင် တဂျစ်ဂျစ် နှင့်ပင် အသံမြည်နေလောက်ပြီ ဖြစ်သည်။
မြန်မာပြည်တွင် မည်သူတဦးတယောက်ကမျှ တပ်မတော်ကို ဖျက်သိမ်းပေးပါ ဟု မတောင်းဆိုကြပေ။ သို့သော် တပ်မတော် မရှိရ ဟု ပြောဆိုနေသယောင် စကားလုံးများသည် လိမ်ညာ ဝါဒဖြန့်နေကြခြင်းသာ ဖြစ်သည်။
ပြည်သူများ တောင်းဆိုနေကြသည်မှာ ပြည်သူ့အကျိုး ကို ဦးထိပ်ထားသော တပ်မတော်၊ နိုင်ငံတော် ကာကွယ်ရေး အတွက် အားထားရသော တပ်မတော် အဖြစ် ပြုပြင် ပြောင်းလဲပေးရေးကိုသာ တစိုက်မတ်မတ် တောင်းဆိုနေကြခြင်း ဖြစ်သည်။ ထိုသို့ ပြုပြင်ပြောင်းလဲရန် လုပ်ပိုင်ခွင့်အာဏာ ရှိပါလျှက် နှင့် မိမိတို့ အကျိုးစီးပွားကို ကာကွယ်ရန် အတွက် လက်ကိုင်တုတ် အဖြစ် အသုံးချနေကြသူများကိုသာ ဝေဖန် ပြစ်တင် နေကြခြင်း ဖြစ်သည်။
တပ်မတော်သည် ဗိုလ်နေဝင်း၏ အာဏာရှင် စနစ်အောက်တွင် တိုင်းပြည်မှာ အဆင်းရဲဆုံး နိုင်ငံအဖြစ် ဗုန်းဗုန်းလဲကျ လာနေသည်ကို မိန့်မိန့်ကြီး ထိုင်ကြည့်နေခဲ့ကြသည်။ မည်သို့မျှ ဟန့်တား ပြောဆိုခဲ့ခြင်း မရှိပေ။
နိုင်ငံသည် ၁၉၈၈ မတိုင်မီတွင် ပြည်ပ ကြွေးမြီ ဒေါ်လာ ၃.၅ ဘီလီယံ ရှိနေသည်။ နိုင်ငံခြား အရံငွေ သည် ဒေါ်လာ သန်း ၂၀ မှ ၃၅ သန်းအကြားသာ ရှိတော့သည်။ တိုင်းပြည် ဝင်ငွေ၏ တဝက်ခန့်ကို ပြည်ပကြွေးမြီများ အတွက် အတိုးပေးရန် သုံးစွဲနေရသည့် အနေအထား ဖြစ်လာသည်။ ကျန်သည့် ငွေများထဲမှ လက်နက်များ ဝယ်ယူကြရပြန်သည်။ နိုင်ငံ ဖွံ့ဖြိုးရေး အတွက် ဘာများ ကျန်ပေဦးတော့မည်နည်း။ ပြည်တွင်းလည်ပတ်ငွေများကို ပုံနှိပ်စက်များဖြင့် လိုသလောက် ရိုက်နှိပ်ထုတ်ဝေခဲ့ကြရာမှ ကိုယ့်ရှူးကိုယ်ပတ်ပြီး ငွေစက္ကူများ တရားမဝင် ရပ်ဆိုင်းသည် ဆိုကာ ပြည်သူတို့၏ ပင်ပန်းကြီးစွာ ရှာဖွေခဲ့ရသော ချွေးနှဲစာများ ကို ၁၉၈၇ စက်တင်ဘာလ တွင် ပြန်လည် လုယူခဲ့ကြသည်။
ထိုအနေအထားတွင် ငတ်တလှည့် ပြတ်တလှည့် ဖြစ်လာနေသော ပြည်သူများက တပ်မတော်ကြီး ရှိနေပါလျှက်နှင့် အားကိုး၍ မရမှန်း သိလာကြသည့်အခါ မိမိတို့ လူချင်းတူတူ သူချင်းမျှမျှ နေနိုင်ရေးအတွက် မိမိတို့ဖာသာ ရုန်းကန်တိုက်ပွဲ ဝင်မှ ဖြစ်တော့မည်ကို သဘောပေါက်လာခဲ့ကြသည်။ မိမိတို့ အသက်ဆက် ရပ်တည်နိုင်ရေး အတွက် တိုက်ပွဲဝင်ရန် ကြံနေကြသော အချိန်တွင် တခါက မိမိတို့ နိုင်ငံကို အားကျစိတ်ဖြင့် ကြိုးစားခဲ့သော ကျွန်းနိုင်ငံငယ်လေး ဖြစ်သည့် စင်္ကာပူသည် ပထမဆုံး မြေအောက် အမြန် မီးရထားကို ၁၉၈၇ နိုဝင်ဘာ ၇ ရက်နေ့တွင် စတင်ပြေးဆွဲနိုင်ခဲ့ပြီ ဖြစ်သည်။
အောက်ပါ အဖြစ်အပျက်များမှာ မြန်မာ တိုင်းရင်းသားတို့သည် ၎င်းတို့၏လည်မြိုကို နှစ်ပေါင်း ၂၆ နှစ်ကြာ တက်နင်းထားခဲ့သော စစ်ဖိနပ်အောက်မှ ရုန်းကန် လှုပ်ရှားခဲ့မှုကြီး ၏ မှတ်တမ်းများပင် ဖြစ်တော့သည်။
မတ်လ ၁၂၊ ၁၉၈၈
ရန်ကုန် စက်မှု တက္ကသိုလ် အနီး လ္ဘက်ရည်ဆိုင်တွင် ကျောင်းသား များ နှင့် မြို့နယ် အာဏာပိုင် တို့၏ ပတ်သက်ရာ ပတ်သက်ကြောင်း လူကြီး သား များနှင့် ခိုက်ရန် ဖြစ်ပွားလာခဲ့သည်။ ကျောင်းသားများကို တုတ်ဓါးများနှင့် ရိုက်နှက်ခဲ့ကြရာ ထိုသူများအားမည်သို့မျှ အရေးမယူခဲ့မှုအပေါ် မကျေနပ်သော ကျောင်းသားတို့၏ ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့ရာမှ နောက်တနေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် စက်မှု တက္ကသိုလ် ကျောင်းသား ကိုဘုန်းမော် ပွဲချင်းပြီးသေဆုံးကာ မကြာမီအတွင်းမှာပင် ကိုစိုးနိုင်ဆိုသူသည် သေနတ်ဒဏ်ရာနှင့် ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ရသည်။
မတ်လ ၁၆ ၊ ၁၉၈၈
ထိုသို့ အကြမ်းဖက်နှိပ်ကွပ်မှုများကြောင့် ဆန္ဒပြပွဲများသည် ရန်ကုန် တက္ကသိုလ် သို့ ပျံ့နှံ့လာခဲ့ရာမှ အင်ယားကန်အနီး တံတားဖြူတွင် ကျောင်းသား များ ဒါဇင်နှင့် ချီ၍ အသတ်ခံခဲ့ကြရပြီး ရာပေါင်းများစွာ အဖမ်းခံခဲ့ကြရသည်။ တံတားဖြူ သည်လည်း တံတားနီ အဖြစ် ထင်ရှားလာပြီး၊ တက္ကသိုလ်နှင့် အခြေခံ ပညာကျောင်းများကို ပိတ်ပြစ်ခဲ့ကြသည်။ အဖမ်းခံရသော ကျောင်းသူအချို့မှာ ထောင်တွင်းတွင် အဓမ္မပြုကျင့်ခံခဲ့ရသည် ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။
ဇွန်လ၊ ၁၉၈၈
ကျောင်းများ ပြန်လည် ဖွင့်လှစ်ပြီးနောက် ဆန္ဒပြပွဲများ ဆယ်ရက်ခန့် ဆက်လက် ဖြစ်ပွားခဲ့ပြန်သည်။ ထိုအချိန်တွင် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင် နှင့် မိုးသီးဇွန်တို့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ဇူလိုင် ၂၃ ၊ ၁၉၈၈
ဦးနေဝင်းသည် မြန်မာ့ဆိုရှယ်လစ် ပါတီ ဥက္ကဌ ရာထူးမှ နှုတ်ထွက်ကြောင်းကို တိုင်းပြည်သို့ အသံလွှင့် ကြေငြာသွားခဲ့ပြီး ဆန္ဒပြသူများကို “တပ်မတော်” မှ ထိအောင် တည့်တည့်ပစ်ကာ နှိမ်နှင်းသွားမည်ဟု ပါ ထည့်သွင်း ကြိမ်းမောင်းသွားခဲ့သည်။ ထိုမိန့်ခွန်းထဲမှာပင် ပါတီစုံ စနစ် ကျင့်သုံးရေး အတွက် လူထုဆန္ဒခံယူပွဲ ကျင်းပရန် အဆိုပြုလာခဲ့သည်။
ဇူလိုင် ၂၉ ၊ ၁၉၈၈
၁၉၆၂ ရန်ကုန်တက္ကသိုလ် ကျောင်းသား အများအပြား သွေးမြေ ကျခဲ့မှု၏ လက်သည် တရားခံ ဖြစ်သော ဦးစိန်လွင် အား ပါတီဥက္ကဌ ရာထူးတွင် ခန့်အပ်လိုက်ခြင်းဖြင့် လူထု၏ ဒေါသသည် အထွတ်အထိပ်သို့ ရောက်လာခဲ့ရပြီး အထွေထွေ သပိတ်တိုက်ပွဲကြီး ဆင်နွှဲရန် အရှိန်ရလာခဲ့သည်။
ဩဂုတ် ၃ ၊ ၁၉၈၈
လူငါးဦးထက် ပိုမစုရဟူသော မာရှယ်လော အမိန့်ကို အစိုးရမှ ထုတ်ပြန်လိုက်သည်။
ဩဂုတ် ၆ ၊ ၁၉၈၈
ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်မှ နှစ်ရက်အတွင်း နိုင်ငံတဝှမ်း အထွေထွေ သပိတ်ကြီး စတင်တော့မည် ဖြစ်ကြောင်း ဘီဘီစီသို့ ထုတ်ဖေါ် ပြောဆိုခဲ့သည်။
ဩဂုတ် ၈ ၊ ၁၉၈၈
လူထု အင်အား သိန်း သန်း ချီသော အထွေထွေ သပိတ်တိုက်ပွဲကြီးသည် နိုင်ငံ အနှံ့ စတင်လာခဲ့ပြီ ဖြစ်သည်။ ထိုညမှာပင် “တပ်မတော်” မှ ရန်ကုန် မြို့တော် ခမ်းမရှေ့တွင် ဆန္ဒပြသူများ ကို သေနတ်များဖြင့် ပစ်ခတ် နှိမ်နှင်းလာခဲ့သည်။ ထိုအချိန်မှစ၍ သပိတ်တိုက်ပွဲကြီးသည် နေ့စဉ်လို ဆက်တိုက် ဖြစ်လာနေသည်။
ဩဂုတ် ၁၀ ၊ ၁၉၈၈
“တပ်မတော်” မှ ရန်ကုန်ဆေးရုံကြီးထဲသို့ စတင် ပစ်ခတ် တိုက်ခိုက်လာ၍ ဆရာဝန်များ၊သူနာပြုများ ထိမှန်သေဆုံးခဲ့ကြရပြန်သည်။
ဩဂုတ် ၁၂၊ ၁၉၈၈
ဦးစိန်လွင်သည် မည်သည့် အကြောင်းပြချက်မှ မပေးပဲ ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။ ၎င်းသည် ပါတီဥက္ကဌ အဖြစ် ၁၄ ရက်သာ ခံခဲ့သည်။
ဩဂုတ် ၁၉ ၊ ၁၉၈၈
အရပ်သား ပညာတတ် ဒေါက်တာ မောင်မောင် အား သမ္မတ အဖြစ် ခန့်အပ်လိုက်သည်။
ဩဂုတ် ၂၄ ၊ ၁၉၈၈
ဒေါ်အောင်ဆန်းစုကြည်သည် သွေးမြေကျခဲ့ရသော ရန်ကုန်ဆေးရုံကြီးတွင် လူထု အား ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့သည်။
ဩဂုတ် ၂၆ ၊ ၁၉၈၈
ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ သမိုင်းတွင်မည့် မိန့်ခွန်းကို ရွှေတိဂုံဘုရား အနောက်ဖက် မုဒ်တွင် တက်ရောက်လာသော ငါးသိန်းခန့် ရှိ လူထုကြီးအား မိန့်ခွန်း ပြောကြားခဲ့သည်။
စက်တင်ဘာ ၊ ၁၉၈၈
နိုင်ငံ အနှံ့ ဆန္ဒပြပွဲများ တနိုင်ငံလုံးတွင် အရှိန်အဟုန် နှင့် ဆက်လက် ဖြစ်ပွားလာနေပြီး စစ်ထောက်လှမ်းရေး မှလည်း တန်ပြန် သပိတ်ကို ဖြိုခွင်းရန် စတင် လှုပ်ရှားလာခဲ့သဖြင့် လုယက်မှု နှင့် အကြမ်းဖက်မှုများ စတင်ပေါ်ပေါက်လာခဲ့ရပြီ ဖြစ်သည်။ အစိုးရ အုပ်ချုပ်ရေး ယန္တယား ပြိုကွဲသွားပြီ ဖြစ်သဖြင့် လူထုကြီးက တပ်မတော်အား ပြည်သူပြည်သားများဖက်မှ ရပ်တည်ပေးပါရန် အပူတပြင်း တောင်းဆိုလာခဲ့ကြသည်။
စက်တင်ဘာ ၁၈၊ ၁၉၈၈
တပ်မတော်မှ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး ကောင်စီ ဆိုကာ ဗိုလ်ချုပ်ကြီး စောမောင် ဦးစီးသော စစ်ခေါင်းဆောင်များ က အာဏာ ကို လမ်းစဉ်ပါတီ အစိုးရထံမှ စနစ်တကျ လွှဲပြောင်းရယူလိုက်သည်။ ယင်းသည် လွန်ခဲ့သော ၂၆ နှစ်က စတင်ခဲ့သော စစ်အုပ်ချုပ်ရေး ကို ပြန်လည် အားသစ်လောင်းလိုက်ခြင်းသာ ဖြစ်သည်။ နာရီပိုင်း အတွင်းမှာပင် ဆန္ဒပြ ပြည်သူများကို ပစ်ခတ် တိုက်ခိုက်ပြီး သပိတ်စခန်းများကို အင်အားသုံး ဖြိုခွင်းလိုက်ကြသည်။ ထို့အတွက် ဩဂုတ် လမှ စက်တင်ဘာလ အတွင်း နိုင်ငံ၏ မြို့ကြီး ၆ မြို့တွင် ဆန္ဒပြ ပြည်သူ ထောင်ပေါင်းများစွာ အသတ်ခံခဲ့ကြရသည်ဟု သံတမန်များ နှင့် ပြည်ပ စာနယ်ဇင်းများက အတည်ပြုခဲ့ကြသည်။
စက်တင်ဘာ ၂၁ ၊ ၁၉၈၈
စစ်ထောက်လှမ်းရေး မှ ရာဇဝင်ကြွေး ဆပ်သည့် အနေဖြင့် ဆန္ဒပြ ခေါင်းဆောင်များအပါအဝင် လူရာပေါင်းများစွာ ကို စတင် ဖမ်းဆီးလာခဲ့သည်။ ကျောင်းသားများ၊ လူ ထောင်ပေါင်းများစွာမှာ နယ်စပ်ဒေသများသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ နယ်စပ်ဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင် များနှင့် ပေါင်းစည်းကာ “တပ်မတော်” အား တော်လှန်တိုက်ခိုက်ရန် စတင် လုံးပမ်းလာခဲ့ကြသည်။
စက်တင်ဘာ ၂၇၊ ၁၉၈၈
စစ်အုပ်ချုပ်ရေး သမားများက နိုင်ငံရေး ပါတီများ မှတ်ပုံတင်နိုင်ကြောင်း ဥပဒေ ပြဌာန်းလာခဲ့သည်။ ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်မှ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို စတင်ဖွဲ့စည်းလာခဲ့သည်။
ဇွန် ၁၈ ၊ ၁၉၈၉
စစ်အုပ်ချုပ်ရေး အဖွဲ့က နိုင်ငံ၏အမည်ကို Burma မှ Myanmar သို့ ၎င်းတို့သဘောတခုတည်း နှင့် ပြောင်းလဲခဲ့ကြသည်။
ဇူလိုင် ၂၀ ၊ ၁၉၈၉
ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ် ဖြင့် စတင်ဖမ်းဆီးခဲ့သည်။ ထိုအချိန်မှစ၍ နှစ်ပေါင်း ၂၀ လုံးလုံး အကျယ်ချုပ်ဘဝ ဖြင့် လွတ်လာလိုက်၊ ပြန်ဖမ်းဆီးလိုက်ဖြင့် သံသရာလည်လာခဲ့ရသည်။ သူမနှင့် အတူ NLD အဖွဲ့ဝင် အများ အပြား ဖမ်းဆီးခံခဲ့ရသည်။
မေ ၂၇၊ ၁၉၉၀
ရွေးကောက်ပွဲကို တနိုင်ငံလုံး တွင် ပြုလုပ်လာခဲ့ပြီး NLD သည် အမတ်နေရာ ၈၀% ဖြင့် အပြတ်အသတ် အနိုင်ရရှိသွားခဲ့သည်။ သို့သော် တပ်မတော် ခေါင်းဆောင်များက ၎င်းတို့ ဦးဆောင် ကျင်းပခဲ့သော ရွေးကောက်ပွဲ ရလဒ် ကို ၎င်းတို့ကိုယ်တိုင် အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ကြပြီး အာဏာကို နောက်ထပ် အနှစ်နှစ်ဆယ် ကြာသည့်အထိ ဆက်လက် ဆုပ်ကိုင်ထားခဲ့ကြသည်။
စက်တင်ဘာ ၁၈-၂၆၊ ၂၀၀၇
တပ်မတော်သည် မိမိတို့ မရှိလျှင် မဖြစ်ဟု ဆိုကာ လက်နက်အားကိုးဖြင့် ဗိုလ်ကျလာနေသည်ကို အားမရပဲ လောင်စာဆီ ဈေးနှုန်းကို ၆၆% အထိ တိုးမြှင့် လာပေရာ တထွာမျှသော ဝမ်းစာကိုပင် အလျှင်မီအောင် ရုန်းကန်ရင်း မသေရုံတမယ် အနိုင်နိုင် ရပ်တည် နေကြသော ပြည်သူများ နှင့် ရဟန်းသံဃာများ ပူးပေါင်း၍ နောင်တွင် ရွှေဝါရောင် တော်လှန်ရေးဟု ထင်ရှားလာမည့် ကန့်ကွက် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့ရသည်။ ဆန္ဒပြသူ သံဃာတော်များ အပါအဝင် လူအများအပြား သေဆုံးသည့်အထိ တပ်မတော်၏ ရက်စက်စွာ နှိပ်ကွပ်မှုများကို ကမ္ဘာတဝှမ်းမှ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခဲ့ကြပြီး အောက်တိုဘာ ၁၆ ရက်တွင် Panties for Peace ဟု ဆိုကာ မြန်မာသံရုံး အသီးသီးသို့ အမျိုးသမီး အတွင်းခံ အထုတ်များ ပေးပို့သည်အထိ ပါဝင်လာခဲ့သည်။
ဤသည်ကား စစ်ခေါင်းဆောင်များ အဖို့ အာဏာကို ဒီအတိုင်း ဆက်လက် ဆုပ်ကိုင်ထား၍ မဖြစ်တော့၊ အမြန်ဆုံး အရပ်ဖက်သို့ လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့ခြင်း၏ အဓိက တွန်းအားကြီးပင် ဖြစ်ပေတော့သည်။
မေ ၁၀ ၊ ၂၀၀၈
နှစ်ပေါင်း နှစ်ဆယ်ကြာပြီး နောက်တွင်လည်း အရေးပါသော တိုင်းပြည်အာဏာကို တပ်မတော်မှ တနည်းနည်း ဖြင့် ဆက်လက် ဆုပ်ကိုင်ထားနိုင်ရေး အတွက် တတိယမြောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နာဂစ်မုန်တိုင်းကျနေသည့် အချိန်မှာပင် လူထု ဆန္ဒခံယူပွဲ ဟုဆိုကာ အတည်ပြုခဲ့ပြန်သည်။
၁၉၉၀ - ၂၀၀၂
ထိုသို့ တိုင်းပြည်အာဏာကို နှစ်ပေါက်တပေါက်ဖြင့် အချင်းချင်း လက်ဝါး ရိုက်ကာ ဆက်လက် ရယူ အုပ်ချုပ်ခဲ့သည့် နှစ်များ အတွင်း ကမ္ဘာကျန်းမာရေး အဖွဲ့ချုပ်၏ စာရင်းဇယားများအရ....
(၁) နိုင်ငံ၏ လူထု ကျန်းမာရေးစောင့်ရှောက်မှုသည် နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် အဆင့် ၁၉၀ ဖြင့် ရပ်တည်ခဲ့သည်။
(၂) ကျန်းမာရေး အသုံးစရိတ်သည် လူတဦးလျှင် ပျမ်းမျှ အမေရိကန် ဒေါ်လာ ၅ ဒေါ်လာသာ ရှိပြီး ကျန် အာဆီယံ နိုင်ငံများသည် ပျမ်းမျှ ၁၃၇ ဒေါ်လာ သုံးစွဲခဲ့သည်။
(၃) ငါးနှစ်အောက် ကလေး သေဆုံးနှုန်းသည် ၁၀၀၀ လျှင် ၁၀၉ ဦး ရှိခဲ့သည်။
(၄) လူတဦးချင်းစီ၏ ပျမ်းမျှ သက်တမ်းသည် ကျား - ၅၆.၂ နှစ်၊ မ - ၆၁.၈ နှစ် ဖြစ်သည်။ ကျား/မ ပေါင်း ဆိုက ပျမ်းမျှ ၅၈.၉ နှစ် ဖြစ်ပြီး အာဆီယံ၏ ပျမ်းမျှ သက်တမ်း ၆၆.၉ နှစ်ထက် ၈ နှစ်ခန့် နိမ့်ဆင်းလျှက် ရှိသည်။
(၅) အသက် ၅ နှစ်အောက် အစာအဟာရ ချို့တဲ့သော ကလေးများသည် စုစုပေါင်း၏ ၃၆% ရှိသည်။
ဤသည်က တပ်မတော် စစ်ခေါင်းဆောင်ကြီးများ စီမံအုပ်ချုပ်ပေးခဲ့သည့် ရလဒ် များပင် ဖြစ်ပေတော့သည်။