မိမိကိုယ်မိမိ စိတ်ကြီး ဝင်နေ ကြသော စစ်ဗိုလ်ချုပ်များ က သူတို့ အားလုံးပေါင်း၍ ထွက်လာသော အသိဉာဏ်ဖြင့် လက်ရှိ အကျပ်အတည်းကြီးမှ ရုန်းထွက် နိုင်မည် ဆိုကာ စီမံလာကြသည့် မင်း အောင်လှိုင် ၏ ရွေးကောက်ပွဲ ဆိုသည်က သူကိုယ်တိုင် သမ္မတ အဖြစ် တင်မြှောက်ခံရရေး နှင့် စစ်အုပ်ချုပ်ရေး ခိုင်မြဲသည်ထက် ခိုင်မြဲရန် ကြံဆောင်နိုင်ဖို့ ဆိုသည်ကို နိုင်ငံတကာ အသိုက်အဝန်းသည် ကောင်းစွာနားလည် သဘောပေါက်လာခဲ့ပြီ ဖြစ်သည်။
ကွာလာလမ်ပူ တွင် ကျင်းပနေသော အာဆီယံ ထိပ်သီး အစည်းအဝေး ၏ ဘေးထွက် ဆွေးနွေးမှု များ ပြုလုပ်ရန် ရောက်ရှိနေသော ကုလ အတွင်းရေးမှုးချုပ် အန်တိုနီ ဂူတာရက်စ်မှ သတင်းစာ ရှင်းလင်းပွဲ တွင် ယခုလို ပြောဆိုသွားခဲ့သည်။
၂၀၂၁ စစ်တပ် အာဏာသိမ်းမှုသည် နိုင်ငံအပေါ် ကြမ္မာဆိုးများ တခုပြီး တခု ကျရောက်စေခဲ့သည်သာ မက ဒေသတွင်း တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်လာနေသည်။
နေပြည်တော်ရှိ စစ်အုပ်စု အနေဖြင့် ၂၀၂၁ မှစ၍ ၅၄ သန်းသော ပြည်သူများ အပေါ် သက်ရောက်စေ ခဲ့သည့် "စိတ်မချမ်းမြေ့ဖွယ်ရာ" အကြမ်းဖက်နေမှု များကို အဆုံးသတ်ရမည်။ ပြည်သူများ ရွေးချယ် တင်မြှောက်ထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရကို ဖြုတ်ချပြီး ခေါင်းဆောင်များ ဖြစ်သည့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် တို့ ကို ထောင်သွင်း အကျဉ်းချ ခံနေရသည့် အဖြစ်မှ ယုံကြည် စိတ်ချရသည့် အရပ်သား အုပ်ချုပ် မှု လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိရန် နည်းလမ်းရှာဖို့ လိုသည်။
ကုလသမဂ္ဂသည် အာဆီယံ၏ အချက် ငါးချက်ကို ထောက်ခံကြောင်း၊ စစ်အုပ်စု အနေဖြင့် အကူအညီများ လိုအပ်နေသည့် ပြည်သူ ၂၂ သန်း၊ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရသည့် ၃.၅ သန်းသော လူထု အတွက် လူသားချင်း စာနာထောက်ထားစွာ ဖြင့် လတ်တလော ကူညီပံ့ပိုးမှု များ ပြုလုပ်ပေးရန် တိုက်တွန်းသွားခဲ့သည်။
"ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမှု ရှိလိမ့်မယ်လို့ ဘယ်သူကမှ ယုံကြည်မှာ မဟုတ်တဲ့အပြင် နိုင်ငံ အတွက် အဖြေတခု ရရှိလိမ့်မယ်လို့ လည်း ထင်ထားကြမှာ မဟုတ်ဘူး",
ဂူတာရက်စ် က ဆက်လက် ပြောကြားရာတွင် နိုင်ငံတွင်း ဖြစ်ပျက်နေမှု များ အတွက် တုန်လှုပ်ချောက်ချား မိကြောင်း၊ ကျွန်တော်တို့ အားလုံး မြန်မာ ပြည်သူတွေ မျှော်လင့် တောင့်တနေတဲ့ ပေးနိုင်အောင် အာဆီယံ နဲ့ အတူ လက်တွဲလုပ်သွားကြပါစို့"
ကုလ အတွင်းရေးမှုး ချုပ်က ကမ်းကုန်အောင် ပြောသွားခဲ့ပြီ ဖြစ်သည်။
အာဆီယံ သံတမန် အသိုက်အဝန်းမှ စစ်အုပ်စု၏ ရွေးကောက်ပွဲ သို့ အာဆီယံ အဖွဲ့ အနေဖြင့် လေ့လာစောင့်ကြည်ရန် အဖွဲ့ စေလွှတ်မည် မဟုတ်ဟု အတည်ပြု ပြောဆိုခဲ့ကြသည်။ သို့သော် အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ကိုယ့်သဘော နှင့် ကိုယ် စေလွှတ်နိုင်သည်ဟုလည်း ဆိုသည်။
အာဆီယံ ကိုယ်စားပြု စေလွှတ်ရန် အဖွဲ့ဝင် နိုင်ငံများ အကြား သဘောကွဲလွဲ ခဲ့ကြသည်ဟု သိရသည်။
အဖွဲ့ဝင် ၁၁ နိုင်ငံ ဖြစ်လာသည့် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးမှ မြန်မာ နိုင်ငံ အတွင်း ပဋိပက္ခများကို "လွန်စွာ စိုးရိမ်မကင်း ဖြစ်ရကြောင်း နှင့် ငြိမ်းချမ်းရေး ရရှိဖို့ သိသိသာသာ တိုးတက်မှု များ မတွေ့ခဲ့ရဟု" ထုတ် ဖေါ် ပြောဆိုခဲ့ကြသည်ဟု ကြေညာချက်တွင် ပါရှိလာသည်။
ရွေးကောက်ပွဲ မလုပ်မီ အကြမ်းဖက်မှု များ ရပ်တန့်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရန် လိုအပ်သည်ဟုလည်း ထပ်လောင်း ပြောဆိုသွားသည်။
မြန်မာ စစ်အုပ်စု အတွက်တော့ အသိအမှတ်ပြု ခံရရန် မျှော်လင့်နေသည်များ အလဲထိုး ခံလိုက်ရခြင်း ဖြစ်သည်ဟု Solaris Strategies Singapore မှ နိုင်ငံတကာ ရေးရာ သုတေသီ မူစတာဖာ အီဇူဒင်က ပြောခဲ့သည်။
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင်သည့် အထောက်အထားများလည်း မတွေ့ရဟု ဆိုသည်။
အီးယူ အဖွဲ့ဝင် နိုင်ငံများ၊ ကမ္ဘာတဝှမ်းရှိ လူ့အခွင့်အရေး အဖွဲ့များ အားလုံးက ဝိုင်းဝန်း ရှုတ်ချထားပြီး ဖြစ်သည်။
အဖွဲ့ဝင် အသစ် ဖြစ်လာ သော အရှေ့တီမော သမ္မတ ရှိုဇေး ရာမိုရှ် အော်တာ က အာဆီယံ အတွက် ရှေ့မတိုး နောက်မဆုတ် ဖြစ်ပြီး ခေါင်းခဲနေရသည့် မြန်မာ ပြဿနာ ကို မိမိ ကိုယ်တိုင် ကြားဝင်ပြီး ဖြေရှင်းပေးလိုကြောင်း ကမ်းလှမ်းလာခဲ့သည်။
မိမိနိုင်ငံသည် တရုတ်နှင့်သာမက အမေရိကန်၊ ဩစတေးလျှ၊ အနောက်နိုင်ငံများ နှင့် နီးနီးကပ်ကပ် ဆက်ဆံမှု များ ရှိနေ၍ ဖြစ်သည်ဟု အေပီ သတင်းဌာန နှင့် အင်တာဗျုး တွင် ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။
ရုရှား နှင့် တရုတ်တို့ကသာ ၎င်းတို့၏ တပည့်တပန်းကြီး အဖြစ် ဗြောင်ကျကျ ခံယူလာသော စစ်အုပ်စု အခြေခိုင်လာနိူးဟူသော မျှော်လင့်ချက် ဖြင့် ထောက်ခံ ပံ့ပိုးပေးနေခြင်း ဖြစ်သည်။ မည်သူမဆို မိမိတို့ အာဏာရှင် ဂိုဏ်းဝင် ဖြစ်လာသူကို မျက်နှာလွဲ ခဲပစ် လုပ်ကြမည်ကား မဟုတ်ပေ။
အိန္ဒိယ နှင့် ထိုင်းတို့ကလည်း ၎င်းတို့ အဆင်ပြေသွားလျင် မခက်ချေလော ဆိုကာ အောက်ကြေး နှင့် လောင်းနေကြခြင်းသာ ဖြစ်သည်။
နိုင်ငံကို သိသိသာသာ တည်ငြိမ်မှု ရစေနိုင်မည့် တခုတည်းသော နည်းလမ်းသည် နွေဦးတော်လှန်ရေး နှင့် အတူ ပေါက်ဖွားလာခဲ့သော ဖက်ဒရယ် ဒီမိုကရေစီ အုပ်ချုပ်ရေးပင် ဖြစ်သည်။ တော်လှန်ရေး အင်အားစုများ ချပြခဲ့သော ဖက်ဒရယ် လမ်းစဉ်သည် လူထုတရပ်လုံးကို စည်းရုံးနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုရည်မှန်းချက်ကြီး အောင်မြင်ရေး အတွက် စစ်အာဏာရှင် စနစ်ကို မှောက်လှန်ပစ်ရန် အသက်ပေး၍ တိုက်ပွဲဝင်နေကြပြီ ဖြစ်သည်။
အဓိက သည်က "တော်လှန်မှ ဖြစ်မည် ဆိုသော စိတ်ဓါတ်" ပင် ဖြစ်သည်။ ထိုစိတ်ဓါတ် တခုတည်းနှင့်ပင် ထောင်ပေါင်းများစွာသော လူထုကြီးသည် လက်နက်စွဲကိုင် ပါဝင်လာခဲ့ကြခြင်း ပင် ဖြစ်သည်။
စစ်ဗိုလ်ချုပ်များသည် အာရပ် ပုံပြင်လာ မီးခွက်စောင့် ဘီလူးအား မီးခွက်ထဲ ပြန်သိမ်း၍ မရတော့သည့် အဖြစ်နှင့် အလားသဏ္ဍန် တူနေပြီ ဖြစ်သည်။
ရှေ့လျောက် အာဏာကို ဆက်၍ ဆုပ်ကိုင်ထားနိုင်ရန် အတွက် ၎င်းတို့၏ တခုတည်းသော ထွက် ပေါက်သည် ဆက်၍ အကြမ်းဖက် နိုင်မှ ဖြစ်မည် ဟု ခံယူထားကြရပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော တော်လှန်ရေး မုချ အောင်ရမည်!!!