တရုတ်သည် စစ်အုပ်စု အား ဆုံးရှုံးသွားသော နယ်မြေများ ပြန်ရရန် နှင့် နိုင်ငံ တည်ငြိမ်ရေး ဆိုကာ ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲ အားလည်းထောက်ခံ ပေးနေသည်ဟု အေးရှား တိုင်းမ် စာစောင်တွင် ဆောင်းပါးရှင် အမ် အေ ဟိုစိန်ကို ယခုလို ရေးသားလာခဲ့သည်။
နိုင်ငံ၏ မြောက်ဖက် တောင်တန်း ဒေသများ တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်က တိတ်တိတ်ဆိတ်ဆိတ် ပင် အပြောင်းအလဲများ ထွက်ပေါ်လာနေသည်။ ထို ဖြစ်စဉ်၏ နောက်တွင် တရုတ်သည် အဓိက မောင်းနှင်အား အဖြစ် ပါဝင်လာသည်။
၂၀၂၅ ဩဂုတ်လ တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မှ တနှစ်ကျော် သိမ်းယူထားခဲ့သော ကျောက်မဲအား စစ်အုပ်စု တပ်များက သုံးပတ်ကြာ အပြင်းအထန် တိုက်ခိုက်ပြီး ပြန်လည် သိမ်းယူ ခဲ့သည်။ ကျောက်မဲသည် ယူနန် မှ အိန္ဒိယ သမုဒ္ဒရာ သို့ ထွက်ပေါက် ဟု ယူဆထားသည့် အရေးပါသော အသက်သွေးကြောလမ်းမကြီး ပေါ်တွင် ရှိနေသည်။
စစ်အုပ်စုသည် ဗျူဟာ မြောက် အောင်ပွဲ ရခဲ့ခြင်းမျိုး မဟုတ်၊ ပြည်တွင်းစစ်တွင် ဘီဂျင်း၏ သြဇာအရှိန်အဝါ ပြန်လည် သက် ရောက်လာမှု နှင့် တရုတ်၏ ပိုမိုခိုင်မာသော ကျောထောက်နောက်ခံပြုမှုကြောင့် စစ်အုပ်စု၏ ယုံကြည်မှု အသစ်တဖန် တိုးပွားလာခြင်းကို ထင်ရှားပေါ်လွင်လာခဲ့သည်။
စစ်အုပ်စု တပ်များသည် ကျောက်မဲကို သတ္တိပြောက်မြောက်စွာ တိုက်ယူခဲ့ခြင်း မဟုတ်၊ ဘီဂျင်း၏ ကောင်းချီး ပေးမှု နှင့် ဗုံးများ၊ ဒရုန်းများ ကြဲကာ တိုက်ယူခဲ့ခြင်း ဖြစ်သည်။
တရုတ် ၏ ပါဝင် ပတ်သက်လာမှု သည် စစ်အုပ်စု အပေါ် စိတ်ရင်းစေတနာ ကောင်း ရှိ၍ မဟုတ်ဘဲ တွက်ချက် ထောက်ခံခဲ့ခြင်း ဖြစ်သည်။ ဘီဂျင်းသည် မြန်မာအား ပါတနာ နိုင်ငံ အဖြစ် မည်သည့် အခါမှ သဘောမထားပဲ ၎င်းတို့ အတွက် စွမ်းအင် ဖူလုံရေး၊ ကုန်သွယ် ရေး လမ်း ကြောင်း ဖွင့် ပေးနိုင်မည့် စင်္ကြန်လမ်းမကြီး ဖြစ်တည်ရာ ဖြစ်တည်ကြောင်း လောက်သာ မှတ်ယူထားသည်။
မြန်မာ တည်ငြိမ်မှု ရှိမှ ၎င်းတို့အတွက် စိတ်ချရမည် ဖြစ်သည်။ ထို့အတွက်လည်း ဝ မှတဆင့် တော်လှန်ရေး မဟာမိတ်တပ်များကို လက်နက်များ ပံ့ပိုးပေးသလို စစ်အုပ်စုအားလည်း သံတမန်ရေးအရ ရော၊ လိုအပ်သည့် ပစ္စည်း များကိုပါ ပံ့ မီးစတဖက် ရေမှုတ်တဖက် ကစားပွဲ ကို ခင်းကျင်းခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ လုပ်မည့် ရွေးကောက်ပွဲ တွင်၂၀၂၀ တွင် အပြတ်အသပ် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အား ဖယ်ထုတ်ထားခြင်းကပင် ဒီမိုကရေစီ မဟုတ်တော့၊ ဇာတ်ခုံ တခုသာ ဖြစ်လာသည်။ တရုတ် အတွက်က တရားဝင်မှု မဝင်မှုထက် ၎င်းတို့အပေါ် သစ္စာခံမည့် လူများနှင့် တည်ငြိမ်မှု ရရှိရေးသည်သာ ပို၍ အရေးကြီးသည်ဟု ခံယူထားသည်။
စစ်အုပ်စု၏ အနေအထားသည် ၂၀၂၁ ကလို ကစင့်ကလျား နှင့် ကြောက်ကြောက်လန့်လန့် ပုံစံမျိုး မဟုတ်တော့၊ ရက်စက်ကြမ်းကြုပ်မှု များ နှင့် အတူ စွမ်းဆောင်ရည် ပို ရှိလာသည်။ စစ်ခေါင်းဆောင်များက ယခင်က အမှားများကို သင်ခန်းစာ ယူပြီး နည်းပညာ များ နှင့် စစ် မြေပြင် အရွေ့ကို ဖန်တီးလာကြသည်။
ဒရုန်း စစ်ဆင်ရေးသည် နမူနာပင် ဖြစ်သည်၊ ယခင်က တော်လှန်ရေး တပ်များ အသုံးပြုနေသည့် ဈေးပေါပေါ ဒရုန်းများအား တရုတ် နည်းပညာ ဖြင့် လေထဲမှာပင် ဖျက်ဆီးပစ်နိုင်ခဲ့သည်။ စစ်အုပ်စုသည် ဒရုန်းများ ထောင်ချီ၍ ဝယ်ယူ တင်သွင်းလာခဲ့သည်။ ယခင်ကလို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းမျိုး မဟုတ်တော့ဘဲ ပစ်မှတ်ကို တိတိကျကျ ချေမှုန်း နိုင်လာသည်။ ယခုအခါ အင်အား ချိန်ခွင်လျှာသည် စစ်အုပ်စုဖက် ရွေ့လျားလာနေသည်။
တော်လှန်ရေး အင်အားစုများ အတွက် အခြေအနေ သည် သိသိသာသာ အကျပ်အတည်း ဆိုက်လာသည်။ တရုတ်ဖက်က လက်နက်များ နယ်ခြား ဖြတ်ကျော် စီးဆင်းနေမှုကို ပိတ်ဆို့လာပြီး ယခင်က ယူနန်မှ တဆင့် အလွယ်တကူ တင်သွင်း နိုင်သော ဒရုန်း အစိတ်အပိုင်းများသည့် တားမြစ်ကုန် ဖြစ်လာသည်။
တရုတ်သည် ချက်ခြင်းလို ပြောင်းလဲသွားချင်းမျိုးတော့ မဟုတ်၊ ၎င်းတို့ နယ်စပ်အနီးရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်း များကို ချေမှုန်းရန် တိုင်းရင်းသား လက်နက်ကိုင်များကို သည်းခံပေးခဲ့သည်။ သို့သော် ၎င်းတို့၏ ရေတို ရည်မှန်းချက်များ ပြည့်မြောက်သွားသည် နှင့် သည်းခံမှု အတိုင်းအတာ ကုန်ဆုံးသွားခဲ့သည်။
၂၀၂၄ အစောပိုင်းမှစ၍ တရုတ်သည် စစ်အုပ်စု ဖက်သို့ ပြန်ယိမ်းလာပြီး မကြာမီမှာပင် MNDAA သည် လားရှိုးကို လက်လွှတ်ပေးခဲ့ရသည်။ ဝ တပ်များသည်လည်း တော်လှန်ရေး အဖွဲ့များအား လက်နက်များ ပံ့ပိုးပေးနေမှု ကို ဖြတ်တောက်ပစ်ခဲ့ရသည်။ စစ်အုပ်စုသည် ထိုင်းနယ်ခြား တလျောက်တွင် ပြန်လည် ထိန်းချုပ်လာနိုင်ခဲ့သည်။ တော်လှန်ရေး တပ်များသည်လည်း ပထဝီ အနေအထား၊ နိုင်ငံရေး နှင့် စိတ်ဓါတ်ရေးရာ ပိုင်းများတွင် မလူးသာ မလွန့်သာ ဖြစ်လာသည်။
သို့သော် စစ်ပွဲသည် ပြီးဆုံးသွားမည့် အလားအလာ မရှိပေ၊ ရခိုင်တွင် အာရက္ခ တပ်တော်သည် အရှိန်ရနေပြီး မြောက်ပိုင်း တွင်လည်း ကချင်တပ်များသည် နယ်မြေ အမြောက်အမြား နှင့် အရေးပါသော မြေရှား သတ္ထုများ နှင့် သယံဇာတများကို ထိန်းချုပ်ထား နိုင်ဆဲ ဖြစ်သည်။
စစ်အုပ်စု တင်ဆက်လာသော ရွေးကောက်ပွဲ သည် အနည်းဆုံး တရုတ်၏ မသိမသာ ထောက်ခံမှု နှင့် အတူ ဆက်၍ သွားနေမည် ဖြစ်သည်။ နိုင်ငံ တည်ငြိမ်ရေး အတွက် ခြေလှမ်းတလှမ်း အဖြစ် ပုံဖေါ်လာခဲ့သည်။
သို့သော် တရုတ်တို့ ဝင်ရောက်စွက်ဖက်လာမှု ဖြင့် နိုင်ငံသည် တကယ်တမ်း တည်ငြိမ်လာမည်လား ဆိုသည့် မေးခွန်းသည် နက်ရှိုင်းစွာ ထွက်ပေါ်လာခဲ့သည်။
သမိုင်းတလျောက် ပြည်ပနိုင်ငံများ၏ ထောက်ကူမှု ဖြင့် ရပ်တည်နေရသော စစ်အစိုးရများသည် တရားဝင်မှု ဆိုသည်ကို ရ ခဲ လှပြီး၊ လူထု၏ ဆန္ဒ၊ ထောက်ခံမှုထက် ကြောက်ရွံ့မှု ဖြင့်သာ ရပ်တည်သွားကြရသည်က များပေသည်။
မြန်မာတို့၏ ကြေကွဲဖွယ် ဖြစ်ရပ်သည် အဆုံးတွင်ကျောက်မဲ၊ လားရှိုးကို မည်သူက ထိန်းချုပ် နိုင်သည် ဆိုသည်ထက် လူထု၏ စိတ်နှလုံးကို မည်သူက ဖမ်းစားနိုင်မည်လဲ ဆိုသည်အပေါ်သာ မူတည်နေပေသည်။ ဤနေရာတွင် တရုတ်ကျောထောက်နောက်ခံပေးထားသော စစ်အုပ်စုသည် တိုက်ပွဲများတွင် အနိုင်ရကောင်း ရနိုင်သော်လည်း လူထု၏ ထောက်ခံမှုကိုကား ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။
မီးဟုန်းဟုန်း တောက်လောင်နေသော ကျေးရွာများ၊ ကြောက်လန့်တကြား ထွက်ပြေးနေကြရသော မိသားစုများ၊ ဒရုန်းများ ဖြင့် မဲမဲ လှုပ်နေသော ကောင်းကင် အောက်တွင် အသက်ကို ကြံဖန် မွေးနေကြရသည့် ကလေးသူငယ်များ အစရှိသည့် မြင်ကွင်းများသည် အမျိုးသား သွေးစည်းရေး အတွက် ပုံရိပ်များ မဟုတ်။
ယင်းကို ဘီဂျင်းက "ငြိမ်းချမ်းရေး" ဟု ဆိုပြီး စစ်အုပ်စုက "လုံခြုံရေး" ဟု ပြောကောင်း ပြောလာနိုင်သော်လည်း သာမန် မြန်မာ လူထု အတွက်မူ အကြောက်တရား ဖြင့် အုပ်ချုပ်ခံရမှု ဟုသာ ယူဆကြမည် ဖြစ်သည်။
ကြောက်ရွံ့မှုဆိုသည်က ပဋိပက္ခအတွက် အမြဲတမ်းဖြေရှင်းပေးနိုင်မည့် အခြေခံအုတ်မြစ် မဟုတ်ပေ။ ယင်းသည် တိတ်တဆိတ်၊ စိတ်ရှည်လက်ရှည်နဲ့ ဖိနှိပ် အောင့်အီး ထားရသည့် ဒေါသနှင့် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ဖို့ နောက်တစ်ကြိမ် အုံကြွ နိုင်မည့် အခွင့်အခါကို စောင့်ဆိုင်းနေခြင်းမျိုးသာ ဖြစ်ပေသည်ဟု ရေးသားထားသည်။
စစ်အုပ်စုသည့် မနိုင်သည့် စစ်ပွဲကို ရေရှည် ဆင်နွှဲ သွားရတော့မည် ဖြစ်သည်။ ယခင်ကလို ပြန်အုပ်ချုပ်သွား နိုင်မည်ဟု ၎င်းတို့ထဲတွင် ယုံကြည်သူ တဦးတယောက်မျှ မရှိတော့၊ ရွေး ကောက်ပွဲ ဖြင့် တခုခု ဖြစ်လာ လေ မလားဟု စောင့်ကြည့် နေသည့် အဆင့်သာ ရှိသည်။ လက်ရှိတွင် ခေါင်းဆောင်လုပ်သူများက ပြည့်သူ ကာကွယ်ရေး တပ်ဖွဲ့များ အားပျော့သွားပြီဟု အထင်ရောက်ကာ တွန်းတွန်းတိုက်တိုက် လုပ်ရန် ကြံရွယ်နေသည်။ အကယ်၍ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များသည် တပ်များကို ရွှေပြောင်းခြင်း၊ ပြန်လည် ဆန်းစစ်ခြင်း နှင့် တပ်အင်အား တည်ဆောက်နေခြင်း ဆိုက မခက်ပေလော။
TNLA ဆုတ်ခွာသွားမည့် မိုးကုတ် မြို့ကို ပြည်သူ့ကာကွယ်ရေး တပ်များ အားလုံး စစ်အုပ်စု လက် မကျရန် ပူးပေါင်းကာကွယ်သွားမည်ဟု ကြေညာချက်များ ထုတ်ပြန်လာသည်။
ပြည်သူများဖက်ကလည်း မင်းအောင်လှိုင် တပ်များ၏ လူမဆန်စွာ ရက်စက်ယုတ်မာ နေမှုများ အတွက် ကြိမ်မီးအုန်းသလို ပူဆွေးသောက ရောက်နေကြရပြီး ၎င်းအား အမြန်ဆုံး ဖယ်ရှား နိုင်မှ ဖြစ်တော့မည် ဆိုသည့် သံဓိဠာန် များ ခိုင်မာသည်ထက် ခိုင်မာလာရခြင်းကပင် အင်အားများ ဖြစ်လာရသည်။
ထိုအင်အား များက တရုတ် တို့ ပါးစပ် ဟောင်း လောင်း ဖြစ်သွား စေမည့် မိုးကုတ် အတွက် တံတိုင်းကြီးများ ဖြစ်လာပေတော့မည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!