သံတမန်ရေး
မင်းအောင်လှိုင်သည် ယခု တကြိမ်တော့ အာဆီယံ အစည်းအဝေးသို့ တက်ခွင့် ရတော့မည်ဟု အကြီးအကျယ် မျှော်လင့်ခဲ့သော်လည်း အာဆီယံ မှ ၎င်းတို့၏ အချက် ငါးချက်ပါ ဘုံရပ်တည်ချက်ကို မလိုက်နာ သ ရွေ့ ယခုတကြိမ်သာ မက နောက်နောင်လည်း တက်ခွင့်ရမည် မဟုတ်ဟု ပြတ်ပြတ်သားသား ပြောလာခဲ့သည်။
မင်းအောင်လှိုင်သည် ဘီဂျင်း တွင် ပြုလုပ်သော ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ သို့ တက်ခွင့်ရခဲ့သည့် အပြင် ရုရှား ရှိ ဖက်ဆစ် ဆန့်ကျင်ရေး စစ်ရေး ပြပွဲ သို့ ပါ ရောက်ခဲ့ရပြန်သဖြင့် ပူတင်၊ ရှီကျင့်ပင်၊ မိုဒီ တို့ နှင့် ပလူးပလဲ လုပ်ခွင့်ရလာခဲ့၍ ဒီတကြိမ် တော့ အာဆီယံ မှ ၎င်းအား ပစ်ပယ်ရဲမည် မဟုတ်တော့ ဟု သေချာပေါက် တွက်ဆထားသည်ဟု ဧရာဝတီ သတင်းတွင် ရေးသားထားသည်။ ထို့အပြင် ဒေါ်နယ် ထရမ့် နှင့် တွေ့ခွင့် ရဦးမည်သာမက ၎င်း၏ ရွေးကောက်ပွဲ အတု ကြီးအား ကမ္ဘာစင်မြင့် တွင် လိမ်ညာ ပြောခွင့် ရတော့မည်ဟု အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့သည်။
၎င်းတို့၏ နိုင်ငံခြားရေး ဝန်ကြီး ဆိုသူ သန်းဆွေကလည်း မိမိတို့အား ယခင် အတိုင်း ပြန်လည် ဆက်ဆံပါရန် နေပြည်တော်တွင် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ကို တောင်းပန် တိုးလျိုးခဲ့ပြန်သည်ဟု ဆိုသည်၊ ထို့မျှမက မလေးရှားမှ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ကို စေလွှတ်မည်ဟုပင် လိမ်ညာ သတင်း ထုတ်ပြန်ခဲ့သည်။
၎င်းတို့ တောင်းဆိုသမျှ တခုမှ ဖြစ်မလာသည့် အခါ ယမ်းပုံမီးကျ ဖြစ်ပြီး အာဆီယံ ၏ အချက် ငါးချက်သည် မည်သည့် အခါကမျှ အတည်ပြုခဲ့ခြင်း မရှိ၍ တရားမဝင်ဟု ပင် ဇော်မင်းထွန်းက ပြောဆိုသည့် အထိ ဖြစ်လာသည်။ ၎င်း၏ ဆရာသမား ကိုယ်တိုင် ပြီးခဲ့သည့် ငါးနှစ်နီးပါးက ခေါင်းငြိမ့်ခဲ့သည့် အဖြစ်သည် ဘာပြော၍ ဘာဆိုမှန်း ဂဃဏန မသိခဲ့ဟု ဝန်ခံနေသယောင် ဖြစ်လာသည်။
စစ်ရေး
ရှမ်းမြောက် တွင် ကျန်ရှိသည့် နယ်မြေများကို ဗုံးကြဲ၍ မရ တော့သဖြင့် လက်လွှတ်ခဲ့ရပြီး နောက် မန္တလေး ဒေသကြီး၊ ကချင်၊ ချင်း၊ ကရင် နှင့် ရခိုင်ပြည်နယ် အတွင်း ဆုံးရှုံးခဲ့သည်များကို ပြန်ရရန် ခြေဦး လှည့်လာပုံ ရှိသည်ဟု ဧရာဝတီက သုံးသပ်ထားသည်။
တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းမှ ရသော အခွန်ငွေသည် စစ်အုပ်စု၏ နေ့စဉ် အသုံးစရိတ် ၏ ၈၀ ရာနှုန်းကို ကာမိနေ၍ တရုတ်မှ လားရှိုးကို ပြန်ပေးရန် MNDAA အား အတင်း အကျပ် ဖိအားပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်အုပ်စုသည် ရှမ်း မြောက် တွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး လောက်နှင့် ကျေနပ်ပြီး စစ်ပွဲ ကို အဆုံးသတ် ပေးခဲ့ရသည်၊ တရုတ်၏ သဘောတူညီချက် မရဘဲ ထိုးစစ်များ ဆင်နွှဲရဲမည် မဟုတ်တော့။ လက်ရှိ TNLA နှင့် သဘောတူညီချက်အရ မိုးကုပ် နှင့် မိုးမိတ်ကို ပြန်ရဖို့ ရှိနေသည်။
သို့သော် မန္တလေး PDF သည် မိုးကုပ်ကို စစ်အုပ်စု လက်ထဲ ပြန်မရောက်ရန် အစွမ်းကုန် ကာကွယ်သွားမည်ဟု ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ ပြည်သူများ ဖက်ကလည်း ပို၍ ပူးပေါင်း ဆောင်ရွက်ပေးကြပါရန်လည်း တောင်းဆိုထားသည်။
မိုးကုတ်ကို ပြန်ရရန် ဆရာသမား ဖြစ်သူ တရုတ် နှင့် စစ်အုပ်စုသည် PDF များကို ထည့်သွင်း တွက်ချက်ခဲ့ပုံ မရပေ။
သို့သော် စစ်အုပ်စု မှ အရပ်သားများ အပေါ် ဖိအား ပေးသည့် အနေဖြင့် ပို၍ အကြမ်းဖက် သတ်ဖြတ်လာပါက PDF များ အဖို့ ဆက်၍ ခုခံကြမည် မဟုတ်တော့ဟု သုံးသပ်မှု များလည်း ထွက်ပေါ်လာသည်။
ကုလ လူ့အခွင့် အရေး အထူးသံတမန် တွန် အင်ဒရူးကလည်း ပြည်သူများ ရင်ဆိုင်နေရသော အကျပ်အတည်း ကို ဖြေရှင်းပေးပါရန် နိုင်ငံတကာသို့ အပူတပြင်း တောင်းဆိုလိုက်ပြန်သည်။
စီးပွားရေး
ဆယ်စု နှစ် တစု နီးပါး အရပ်သား အုပ်ချုပ်မှု အောက်တွင် မျှော်လင့်ချက်များ၊ ခွန်အား များ နှင့် ရှင်သန်လာခဲ့သော နိုင်ငံသည် မင်းအောင်လှိုင်၏ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် အပြောများ အောက်တွင် ယခု အခါ စီးပွားရေး သည် မည်သို့မျှ ပြန်လည် နာလန်ထူမလာနိုင်တော့ပေ။
ငွေကြေးတန်ဖိုး ကျဆင်းမှု၊ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှု၊ ကုန်ကြမ်းရှားပါးမှု၊ လျပ်စစ် မီးများ ပြတ်တောက်မှု၊ ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့မှု များကြောင့် ကုန်ထုတ်လုပ်ငန်းများ ကျဆင်းလာနေမှု၊ အလုပ်အကိုင် များ ရှားပါးလာ၍ လူငယ်များ အိမ်နီးချင်း နိုင်ငံများသို့ ထွက်ခွာနေမှု၊ ကျန်ရှိနေသူများအားလည်း စစ်ထဲသို့ အတင်းအကျပ် ဆွဲသွင်းနေမှု များ အစရှိသည့် ဒဏ်ရာ ဒဏ်ချက်များကို လူထု သည် ဝန်နှင့် မမျှ အောင် ခံစားနေကြရပြီး တိုင်းပြည်သည် အခေါင်းပေါက်ကြီး ပမာ မျှော်လင့်ချက် ကင်းမဲ့စွာ လှုပ်ရှား ရုန်းကန် နေကြရသည်။
ဝင်ငွေ နှင့် ထွက်ငွေ မမျှတတော့ယုံမက ထမင်းနပ်မှန်အောင်ပင် မစားနိုင်ကြတော့ဘဲ ကြွေးမြီထူပြောလာ၍ ကြံရာမရသည့် အဆုံး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားသည့် သတင်းများလည်း နားမဆန့်အောင် ကြားလာရသည်။
စီးပွားရေး လုပ်ငန်း အများစုသည် ဟန်မပျက်ယုံ ဆက်လုပ်နေကြရပြီး အောင်မြင်အောင် လုပ်နိုင်ဖို့ ဆိုသည်က စစ်အုပ်စု နှင့် မည်မျှ အထိ နီးစပ်မှု ရှိသည် အပေါ် မူတည်လာသည်။ ဈေးကွက် ယှဉ်ပြိုင်မှု ဆိုသည်မှာ မရှိတော့ဘဲ ကရိုနီများ ကသာ လက်ဝါးကြီး အုပ် ကြွယ်ဝလာနေကြသည်ဟု ယူရေးရှား ရီဗြူး စာစောင်တွင် ရေးသားထားသည်။
စစ်အုပ်စု ၏ ဦးပိုင်လုပ်ငန်းများသည်လည်း ကဏ္ဍ အသီးသီး တွင် ဝင်ရောက်ချယ်လှယ် လုပ်ကိုင်နေကြသော်လည်း ရရှိသည့် အကျိုးအမြတ်များကို ပြည်သူများ ခံစားခွင့် မရပဲ ၎င်းတို့၏ စစ်အသုံးစရိတ် နှင့် အရာရှိကြီးများ အိပ်ကပ်ထဲသို့ သာ ရောက်ကုန်သည်ဟု ဆိုသည်။
ထိုသို့သော အနေအထား များ ကို နကိုယ်စိတ်ရင်းညအခံဖြင့် ရောင့်ရဲတင်းတိမ်  နေသူ များသည် ဦးနှောက် အနေအထား မည်သို့မျှ ပုံမှန် ရှိသူများဟု အဘယ်သို့များ သတ်မှတ်၍ ရနိုင်ပေအံ့နည်း။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!