ထရမ် နှင့် အာဆီယံ တွေ့၊ မြန်မာ အရေး အောက်ဆုံး ရောက်နေ

by Hla Soewai - Nov 04 2025

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် နှင့် အာဆီယံ ခေါင်းဆောင်များ ကွာလာလမ်ပူ တွင် တွေ့ဆုံခဲ့ကြသော်လည်း ၎င်းတို့အားလုံးက ထိုင်း-ကမ္ဘောဒီယားတို့ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆို နိုင်ခဲ့ မှု အပေါ်သာ ကိုယ့်ဖာသာ ချီးကြူး ဂုဏ်ပြု နေကြပြီး ယခုထိ ဒေါ်နယ် ထရမ့် မှ မြန်မာ အရေး တလုံးတပါဒ မျှ မဟ သေး ဟု သိရသည်။

 

မြန်မာ ပြဿနာ သည် အာဆီယံ ခေါင်းဆောင်များ အတွက် ခေါင်းခဲစရာ ဖြစ်နေသည်ကို ထရမ့် မသိဘဲ နေမည် မဟုတ်သော်လည်း ဘာတခွန်း မှ ဝေဖန် ပြောဆိုခြင်း မရှိခဲ့သည်က စဉ်းစားစရာ ဖြစ်လာသည်။ 

 

ဘာမှ မပြောခြင်းသည်ကပင် အကောင်းဆုံး ဟု ယူဆမိသည်။

 

ယခုအချိန်ထိလည်း ရွေးကောက်ပွဲ အား ကိုယ်စားလှယ် စေလွှတ်သင့်မသင့်၊ အထူး သံတမန် ရာထူး ကို ဥက္ကဌ နိုင်ငံ သို့ နှစ်စဉ် လွှဲပြောင်း တာဝန်ယူခိုင်းမည့် အစား သုံးနှစ် သက်တမ်းမျိုး တဦးတယောက်တည်းကို ခန့်အပ်တာဝန် ပေးသင့် မပေးသင့် ဆိုသည်တို့ကို အကြိတ်အနယ် ‌‌ဆွေးနွေး နေကြဆဲ ဖြစ်သည်။ အချက် ငါးချက် မှ လွဲ၍ နောက်ထပ် အသစ်လည်း ပေါ်ထွက်လာနိုင်သည်ဟူသော မျှော်လင့်ချက်များ ပျောက်ပျယ်စ ပြုလာနေပြီ ဖြစ်သည်။

 

အာဆီယံ၏ ထိုသို့ ထိထိရောက်ရောက် တုန့်ပြန် အရေးယူနိုင်ခြင်း မရှိဖြစ်နေမှု အပေါ် နိုင်ငံတကာ က စိတ်ပျက်စ ပြုလာနေပြီ ဖြစ်သည်ဟု ဩစတေးလျှ ABC သတင်းဌာန တွင် ရေးသားလာသည်။

 

ယခုလ အစောပိုင်း ကလည်း အီးယူ မဟာမင်းကြီးက မြန်မာကို လမ်းကြောင်း ပြောင်းလာအောင် ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ အာဆီယံကို တိုက်တွန်းသွားခဲ့ပြီး ဖြစ်သည်။

 

မြန်မာ သည် ဒေသတွင်း မတည်ငြိမ်မှု များ မြစ်ဖျားခံရာ ဖြစ်နေသရွေ့ အာဆီယံ အတွက် နံပတ်တစ် စိုးရိမ်စရာ အဖြစ် ယူဆသင့်သည်ဟုလည်း ဆိုသည်။

 

သို့သော် အဖွဲ့ဝင် နိုင်ငံ တနိုင်ငံ ကို အရေးယူ ဖို့ သည် နကိုယ်ကတည်းက အာဆီယံ၏ DNA တွင် မပါရှိခဲ့၊ အီးယူကဲ့သို့ အဖွဲ့ဝင် ဖြစ်ဖို့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ နှင့် ဥပဒေ စိုးမိုးရေး တို့ အကောင်အထည် ဖေါ်စရာ မလိုဘဲ အဓိက စည်းမျဉ်း အဖြစ် မင်းအလုပ် မင်းလုပ်၊ ငါ့ အလုပ် ငါလုပ် ဟူ၍ ဖြစ်သည်။

 

၎င်းတို့ အဖွဲ့ဝင် နိုင်ငံသည် အာဏာရှင် မက ၍ ဘာကြီးပဲ ဖြစ်နေစေကာမူ အာဆီယံ အတွက် မည်သည့် ပြဿနာ မှ ရှိပုံမရ၊ ၎င်းတို့၏ ၁၉၆၇ ကြေညာချက်ကို ကြည့်မည် ဆိုက အဖွဲ့ဝင် ဖြစ်ဖို့ အဓိက လိုအပ်ချက်သည် ပထဝီ အနေအထား မှန်ကန်‌ နေမှု သာ ဖြစ်သည်ဟု ဘန်ကောက်ရှိ မဟီဒွန် တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ဌာန၏ လက်ထောက် ပါမောက္ခ ဝီလျံ ဂျေ ဂျုန်းစ် က ထောက်ပြသွားခဲ့သည်။

 

သို့သော် မြန်မာသည် ကိုယ့်ပြဿနာ ကိုယ်ရှင်း မဟုတ်တော့ဘဲ ပြည်ပ အင်အားကြီး နိုင်ငံများ၏ ဩဇာခံ ဖြေရှင်းဖို့ ကြိုးစားနေခြင်းကိုတော့ သ‌ဘောမတွေ့ ဖြစ်နေသည်။ သို့သော်လည်း ဖြစ်နိုင်လျင် မလုပ်လို၊ သို့သော် အားလုံးက စောင့်ကြည့်လာနေ၍သာ စိတ်မပါ့တပါ့ ပုံစံမျိုးဖြင့် ကိုင်တွယ်ရန် ကြိုးပမ်းခဲ့သည့် အဆင့်မျိုးသာ ရှိပေသည်။

 

မင်းအောင်လှိုင်သည်လည်း ၎င်း အာဏာသိမ်းပြီး ထိပ်သီး အစည်းအဝေး တက်ခွင့် ပိတ်ပင်ခံရကာစ က အနာပေါ် တုတ်ကျသလို မခံမရပ် နိုင်အောင် ဖြစ်ခဲ့သော်လည်း ယခုအခါ အရှက်ရသည်က လွဲ၍ နေသားကျပြီး ခံနိုင်ရည် ရှိသွားပြီ ဖြစ်သည်။

 

မြန်မာ အရေး တွင် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ ဘရူနိုင်း တို့က ဟိုလိုလို ဒီလိုလို၊ ထိုင်းက ထောက်ခံ၊ မလေးရှား အပါအဝင် ကျန်နိုင်ငံများက ပဋိပက္ခ ဖြေရှင်းဖို့ တက်တက်ကြွကြွ လုပ်လိုကြ နှင့် ကွဲပြဲနေပြီး ဘာလုပ်သင့်သည် အပေါ် နားလည်မှု မတည်ဆောက်နိုင် ဖြစ်နေသည်ဟု ဂျုန်းက ဆိုသည်။

 

စစ်အုပ်စုကလည်း ထိုသို့ ဖြစ်နေသည်ကို သိလာ၍ အာဆီယံသည် ၎င်းတို့အား ဒုက္ခပေးလာနိုင်စရာ မရှိ ဆိုကာ လက်နက် နှင့် ငွေရရာ ရကြောင်း အဖြစ်ရုရှား၊ တရုတ်တို့ ထံ သွားလိုက်ပြန်လုပ် လာသည်။

 

ယခုအခါ မင်းအောင်လှိုင်သည် တဆင့်တိုးပြီး ၎င်း၏ တရားမဝင် အဖွဲ့အား အသိအမှတ် ပြုလာစေရန် ရွေးကောက်ပွဲ လုပ်မည်ဟု ပြောလာ၍ အာဆီယံ အဖို့ အကျပ်ရိုက်လာသည်။

 

ငြိမ်းငြိမ်းချမ်းချမ်း နှင့် တနိုင်ငံလုံး အတိုင်းအတာ နှင့် လုပ်နိုင်ချင်းမျိုး မဟုတ်ဘဲ ၎င်းတို့ ထိန်းချုပ် နိုင်သည့် နေရာလောက် ကွက် လုပ်မည့် ရွေးကောက်ပွဲ ဆိုသည်ကိုလည်း လာရောက် လေ့လာရန် အာဆီယံကို ဖိတ်ခေါ်ခဲ့သည်။

 

ယခုအခါ ထိုအရေး ကို အာဆီယံသည် မည်သို့ မည်ပုံ ဆုံးဖြတ်မည် ဆိုသည် နှင့် မြန်မာ တွင် မီးဟုန်းဟုန်း တောက်နေသော်လည်း ယခင်လိုပင် ခြံစည်းရိုး ခွထိုင်နေဦးမည်လော ဆိုသည်ကို အားလုံးက စောင့်ကြည် နေကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!