ဂေါ်ကီ ၏ အမေ(34)

by Hla Soewai - Oct 27 2025

ပါဗယ် ရှေ့ ထွက်လာချိန်တွင်တော့ ဆီဇော့ ၏ 'ရဲဘော်တို့" ဟူ သော အချက်ပေးသံ ကြီး ထွက်လာသည်။

 

သူ့မျက်နှာသည့် ဖျော့တော့တော့ ဖြစ်နေပြီး နှုတ်ခမ်း များလည်း တုန်ယင်နေသည်ကို အမေ သတိထားလိုက် မိသည်။ အမေလည်း အလိုလို နေရင်း လူအုပ်ကြားထဲ တိုးဝှေ့ပြီး ရှေ့သို့ ရောက်အောင် သွားနေသည်ကို သတိမထားခဲ့မိ။

 

"အဖွားကြီး ဘာလို့ တိုးနေရတာတုန်း"

 

လူတွေက ထိုသို့ ဒေါသတကြီး အော်ဟစ် ပြောဆိုနေသံကို ကြားခဲ့ရသည်။ သူ့ကိုလည်း ပြန်တွန်းကြပြန်သည်။ သို့သော် သားဖြစ်သူ အနီးတွင် မားမားမတ်မတ် ရပ်‌ ပေးလိုသော စိတ်က စော‌ နေ၍ သူ၏ ပခုံး နှင့် တံတောင်ဆစ်ကို အားကိုး၍ ရှေ့သို့ မရောက်ရောက်သာ တိုးဝှေ့လာခဲ့သည်။ ဤသို့ဖြင့် သားဖြစ်သူ အနီးသို့ တဖြေးဖြေး နှင့် ရောက်လာခဲ့သည်။

 

ပါဗယ်သည် ခံယူချက် အပြည့် နှင့် အလေးအနက် ပြောလိုသည့် အခါတိုင်း တိုက်ပွဲ ဝင်ရမည်ဟူသော စိတ်အား ထက်သန်မှု ကြောင့်ထင်သည်၊ လည်ချောင်းသည် ကြုံ့ဝင်သွားသလို ထင်ရသည်။ သူ၏ ယုံကြည်မှု နှင့် ခွန်အားကို လူထု အတွက်အလုံးစုံ ပေးဆပ်လိုစိတ် သည် တားဆီးမရအောင် အင်အားကြီးမားလာပြီး သူ၏ နှလုံးသားသည်လည်း သူ ယုံကြည် သော အမှန်တရားကို အကောင်အထည် ဖေါ်ခွင့်ရပြီ ဆိုသော စိတ်အား ထက်သန်လာမှု များ၏ လောင်မြိုက်ခြင်း ခံလာရပြီ ဖြစ်သည်။

 

"ရဲဘော်တို့" ဟု ထပ်အော်ပြောလိုက်ပြန်သည်၊ ထိုစကားလုံး ၏ နောက်ကွယ် တွင် အားမာန် နှင့် ထိုသို့ ခေါ်လိုက်နိုင်ခြင်း အပေါ် နှစ်သက် သဘောကျ နေမှု များ ထင်ဟပ်နေသည်။

 

"ကျွန်တော်တို့ အားလုံးဟာ ဘုရားကျောင်းတွေ၊ စက်ရုံ‌ ‌တွေ၊ သံကြိုး‌တွေ၊ ငွေဒင်္ဂါးပြားတွေ၊ အရုပ်တွေ၊ စက်ယန္တရား တွေ တည်ဆောက်ခဲ့ကြတဲ့ လူတွေ ဖြစ်တယ်၊ လောကကြီးကို ပုခက်တွင်း ကနေ သင်္ချိုင်း အထိ အလုပ်အကျွေး ပြုခဲ့တဲ့ ရှင်သန်နေတဲ့ အင်အားစု တွေ ဖြစ်တယ်"

 

"ဒါပဲ" ဟု ရိုင်ဘင်ထံမှ အသံထွက်လာသည်။

 

"နေရာတိုင်းမှာလိုလို အမြဲတမ်း အလုပ်ဆို အရင်လုပ်ကြရတဲ့လူ တွေ၊ ဒါပေမယ့် ဘဝမှာတော့ ဓါးမ နောက်ပိတ်ခွေး ဘဝ နဲ့ နေကြရတယ်၊ ကျွန်တော်တို့ကို ဘယ်သူ ဂရုစိုက်သလဲ၊ ကျွန်တော်တို့ ကောင်းကျိုး အတွက် ဘယ်သူ ဆုတောင်း ပေးခဲ့ဖူးလည်း၊ လူ လို့ဂောာ သတ်မှတ်ခဲ့ကြဖူးလား၊ ဒီလိုမျိုး ဘယ်သူ မှ မရပ်တည်ပေးခဲ့ဘူး"

 

"ဘယ်သူ မှ မရှိဘူး" လူအုပ်ကြီးထံမှ အော်သံကြီး ထွက်ပေါ်လာသည်။

 

ပါဗယ် တည်တည်ငြိမ်ငြိမ် နှင့် ရိုးရိုးရှင်းရှင်း ပြောနိုင်ဖို့ အားယူလိုက်ပြန်သည်၊ လူအုပ်ကြီးကလည်း တရွေ့ရွေ့ နှင့် သူ့အနားသို့ တိုးကပ်လာနေ၍ ခေါင်း ပေါင်း တထောင် နှင့် ကြီးမား မည်းနက်သော ခန္ဓာကိုယ် ရှိသည့် သတ္တဝါကြီးအလား ထင်လာရသည်။ ရာပေါင်းများစွာ သော မျက်လုံးအစုံများကလည်း သူ့ကို စူးစိုက် ကြည့်‌ နေရင်း သူ ပြောသည့် စကားများကို တိတ်တိတ်ဆိတ်ဆိတ် နား‌စိုက် ထောင်နေကြသည်။

 

"ကျွန်တော်တို့ ရပိုင်ခွင့် တွေ အတွက် တိုက်ပွဲဝင်လိုတဲ့ ဆန္ဒတခုတည်း နဲ့တော့ မဖြစ်ဘူး၊ ဒီဆန္ဒ နဲ့ ရဲဘော်ရဲဖက်၊ မိတ်ဆွေ၊ မိသားစုဝင်တွေ အဖြစ် တပေါင်းတစည်း နဲ့ ချည်နှောင်ထားနိုင်မှ ဆိုတဲ့ ခံယူချက် မရှိမချင်း ပိုမို ကောင်းမွန်တဲ့ဘဝ ကို ရလာနိုင်မှာ မဟုတ်ဘူး"

 

"လိုရင်း သာ ပြောစမ်းပါ" ဟု အမေ့နား တွင် ရပ်နေသည့် တယောက်က ရိုင်းပြစွာ ပြောလိုက်သည်။

 

‌တနေရာ မှ "ဟေး..သောက်သံ မထွက်နဲ့၊ ဖြတ်မပြောနဲ့" ဟု အော်သံများ ထွက်လာသည်။ မီးခိုးမှိုင်း များ နှင့် ပေလူးနေသော မျက်နှာများက မကျေမနပ် ဖြစ်ကာ မယုံနိုင်သော မျက်နှာပေးများ နှင့် ဖြစ်နေပြီး မျက်လုံးများကလည်း အလေးအနက် စဉ်းစားနေဟန် ဖြင့် ပါဗယ် မျက်နှာကို စိုက်ကြည့်နေကြသည်။

 

"ပြောနေတာ ဆိုရှယ်လစ် တယောက်ကွ၊ အရူး မဟုတ်ဘူး" ဟု ပြောသံထွက်လာသည်။

 

အရပ်မြင့်မြင့် နှင့် ထော့နဲ့ထော့နဲ့ ဖြစ်နေသော အလုပ်သမား တဦးက အမေ့ ပုခုံးကို ပုတ်လိုက်ရင်း "ပြောရဲဆိုရဲ ရှိတဲ့လူဗျာ" ဟု ပြောသည်။

 

"ရဲဘော်တို့ ကျွန်တော်တို့ရဲ့ လုပ်အားတွေအပေါ် အညွန့်ခူးစားနေတဲ့ ဝိသမ လောဘ သားတွေကို ဆန့်ကျင်ကြရမယ့် အချိန်ရောက်လာပြီ၊ ကျွန်တော် တို့ကို ကျွန်တော်တို့ ကာကွယ်ကြရမယ်၊ ကျွန်တော်တို့ကို ဘယ်သူကမှလည်း အကူအညီ ပေးမှာ မဟုတ်လို့ ကိုယ့်ဖာသာ ကိုယ်ပဲ ကာကွယ်ကြရမယ်၊

 

ကျွန် တော် တို့ရဲ့ ရန်သူ တွေ ကို ချေမှုန်းချင်တယ် ဆိုရင် တဦးတယောက် အတွက် အားလုံးက ကူညီကြရမယ်၊ အားလုံးရဲ့ အကျိုး အတွက် တဦးချင်း စီက ပါဝင် ဆောင်ရွက်ကြရမယ် ဆိုတဲ့ One for all, and all for one ဖြစ်ကြရမယ်။"

 

"သူပြောတာ အမှန်ပဲ ငါ့လူတို့၊ အမှန်တရားတွေကို နားထောင်ကြဟေ့" ဟု မာကောတင်က လက်သီးကို ဆုပ်၍ လေထဲ တရမ်းရမ်း မြှောက်ရင်းက အော်သံ ထွက်လာသည်။

 

"ကျွန်တော်တို့ အခု ချက်ခြင်း မန်နေဂျာ ကို ခေါ်ပြီး အကျိုး အကြောင်း မေးမှ ဖြစ်မယ်"

 

ထိုစကား ကို ကြားလိုက်ရသည့် အခါတွင်တော့ လူအုပ်ကြီးသည် လေပွေ အဝှေ့ခံလိုက်ရသလို ဖြစ်သွားပြီး "မန်နေဂျာ ထွက်လာပါ၊ ဘာလဲ ဆိုတာ ရှင်းပြ" ဆိုသည့် အော်ဟစ်သံ များ ထွက်ပေါ်လာသည်။

 

"သူ့ကို ခေါ်လာဖို့ ငါတို့ထဲ က လူ ရွေးလွှတ်လိုက်"

 

"နိုး...နိုး...အဲ့လို လုပ်စရာ မလိုဘူး" ဟု ပြောသံများလည်း ထွက်လာသည်။

 

အမေသည် ရှေ့သို့ မရောက်ရောက်အောင် တိုးထွက်လာပြီး သားဖြစ်သူ ကို မော့ကြည့်လိုက်သည်။ သူမ မျက်နှာပေါ်တွင်လည်း သားအတွက် ဂုဏ်ယူစိတ်များ ထင်ဟပ်နေသည်။ သားသည် စက်ရုံရှိ လူ‌များ လေးစားခံရသည့် အလုပ်သမား အို ကြီးများ အကြား ရပ်နေပြီး၊ သူတို့ အားလုံးက သား၏ စကားကို တလေးတစား နားထောင်နေကြပြီး သဘောကျနေသည်ကို တွေ့လိုက်ရသည်။ သားသည် တည်တည်ငြိမ်ငြိမ် နှင့် အခြားသူများလို ဆဲခြင်းဆိုခြင်း အော်ခြင်း ဟစ်ခြင်း မျိုးလည်း မရှိ၊ အေးအေးဆေးဆေး နှင့် အားလုံးနားလည် နိုင်အောင် ရိုးရိုးရှင်းရှင်းပဲ ပြောနေသည်။

 

ဟိုနားဒီနားက ပြတ်တောင်း ပြတ်တောင်း အော်ဟစ်သံများ၊ ဒေါသတကြီး ဆဲဆို ကျိန်ဆဲ သံများက သံထည် ပေါ်သို့ မိုးသီးများ ကျသကဲ့သို့ တရစပ် ကျဆင်းလာသည်။

 

အမြင့်တွင် ရောက်နေသော ပါဗယ် သည် အောက်တွင် ရှိ သူ့လူများ ကို ငုံ့ကြည့်နေပြီး သူ၏ မျက်လုံးများက တစုံတခု ကို ရှာဖွေ နေသယောင် ထင်ရသည်။

 

"ကိုယ်စားလှယ် တွေ ဘယ်သူရှိမလဲ"

 

"ဆီဇော့ ကို ပြောခွင့်ပေးလိုက်"

 

"ဗီလာဆော့ ကောပဲ"

 

"ရိုင်ဘင် ကောပဲ၊ သူက အပြောကြမ်းတယ်"

 

နောက်ဆုံးတွင် ဆီဇော့၊ ပါဗယ် နှင့် ရိုင်ဘင်တို့အား မန်နေဂျာ နှင့် တွေ့ရန် ရွေးချယ်လိုက်ကြသည်။ သူတို့အားလုံး မန်နေဂျာ နှင့် သွားတွေ့တော့မည့် ဆဲဆဲတွင် လူအုပ်ထဲမှ တီးတိုးသံများ ထွက်လာပြီး လှုပ်လှုပ်ရွရွ ဖြစ်လာသည်။

 

"ဟိုမှာ သူ့ဖာသာ လာနေပြီ"

 

"မန်နေဂျာလား"

 

"ဟုတ်တယ်"