နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(7)

by Hla Soewai - Oct 27 2025

လီယိုပိုး နှင့် လိုဘ် တရားခွင် (၂)

 

ထို့နောက် လိုဘ် အိမ်သို့ ပြန်လာပြီး ဖရန့် ၏ အဝတ်အစားများ ကို မြေအောက်ခန်းတွင်ပင် မီးရှို့ ဖျောက်ဖျက် ပစ်ခဲ့ကြသည်။ လီယိုပိုးက ဖရန့် အိမ်သို့ ဖုန်းဆက်လိုက်ပြီး အမေ ဖြစ်သူက ဖုန်းလာကိုင်သည်။ လီယိုပိုးက သူ့ကိုယ်သူ ဂျော့ခ်ျ ဂျွန်ဆင် ဟု ပြောလိုက်ပြီး သူမသား အား ပြန်ပေးဆွဲထားပြီ ဖြစ်ကြောင်း၊ စိုးရိမ်စရာ မရှိကြောင်း၊ မကြာမီ အတွင်း ‌မည်ရွေ့မည်မျှ နှင့် ပြန်ရွေးရမည် ဆိုသည်ကို အကြောင်းကြားမည်ဟု ပြောခဲ့သည်။

 

နောက်တနေ့ မနက်တွင် ပင် ဖရန့် မိသားစုထံသို့ အထူး ပို့စာ တစောင် ရောက်ရှိလာသည်။ နံပတ် အစဉ်လိုက် မပါသည့် ဒေါ်လာ ၁၀,၀၀၀ တန် ငွေစက္ကူ အဟောင်းများ ချက်ခြင်း စုဆောင်းထားရန်နှင့် နေ့လည်ခင်းတွင် နောက်တကြိမ် ပြန်ဆက်သွယ်မည်ဟု ပါရှိသည်။

 

နေ့လည် သုံးနာရီ ခန့်တွင် လီယိုပိုးသည် ဖရန့်၏ ဖခင် ဂျေကော့ ဖရန့်အား ဖုန်းဆက်ပြီး အငှားကားတစီး မကြာမီ ရောက်လာမည် ဖြစ်ပြီး ငွေကို တပါတည်း ယူကာ ထိုအငှားကား နှင့်ပင် ချီကာဂို တောင်ပိုင်း ရှိ သတ်မှတ်ထားသော ဆေးဆိုင်သို့ လိုက်ခဲ့ရန် ပြောလိုက်သည်။

 

ဖရန့်သည် နောက်ပိုင်း သူ့ အိမ်ရှေ့သို့ ရောက်လာသော Yellow တက္ကစီ နှင့် မလိုက်ခဲ့၊ အဘယ့်ကြောင့်နည်း၊ လီယိုပိုး ဖုန်းချသွားသည် နှင့် ရဲအဖွဲ့မှ သူ့ထံ ဖုန်းဆက်ပြီး သားဖြစ်သူ ၏ အလောင်းအား ရှာတွေ့ခဲ့ပြီဟု အကြောင်းကြား လာသောကြောင့် ဖြစ်သည်။ အလုပ်သမား တဦးသည် အလောင်းကို ဝှက်ထားသည့် မြေအောက် ရေနှုပ်မြောင်းကို အဝ ရှိ ချုံပုတ် ထဲမှ တစွန်းတစ ထွက်နေသော တစုံတခုကို မတော်တဆ တွေ့သွား၍ အနီးကပ် သွားကြည့်မိရာမှ လူ ‌ခြေထောက် ဖြစ်မှန်း သိသွားခဲ့သည်။

 

ဤသည်ကပင် ၎င်းတို့ ကြံရွယ်ထားသလို မည်သို့မျှ မပေါ်နိုင်‌သော ရာဇဝတ်မှု မျိုး ဖြစ်မလာခဲ့ဟု ပြောနိုင်သလို တရားခံများကို ဖမ်းဆီးနိုင်ခဲ့ခြင်းသည်လည်း စွဲချက်တင်သူ ခရိုင်ရှေ့နေ ၏ အဆိုအရ "ဘုရားသခင်၏ ခြေရာလက်ရာများ မပါဝင်ခဲ့က ယခုလို တရားခွင်သည် လည်း ဖြစ်လာနိုင်မည် မဟုတ်။

 

အ‌လောင်းကို တွေ့သည့် နေရာသို့ ရောက်လာသော ရဲစုံထောက်များက လိပ်ခွံရောင် ဦးချိုကဲ့သို့ ဂိုင်းတပ် မျက်မှန် ခပ်ထူထူ တလက်ကို တွေ့ခဲ့ကြသည်။ ယင်းသည် အလောင်းအား ကားထဲမှ ဆွဲထုတ်ရန် ကြိုးစား စဉ် နေသန် လီယိုပိုး၏ ဂျက်ကက်ထဲမှ ထွက်ကျ ကျန်ခဲ့သည့် မျက်မှန် ဖြစ်သည်။ 

 

ထိုမျက်မှန်တွင် ထူးထူးခြားခြား ပတ္တာတမျိုး တပ်ထားသည်။ ထိုကဲ့သို့ ပတ္တာပါ မျက်မှန် မျိုးကို ချီကာဂို တမြို့လုံး တွင် ရောင်းသည့် ဆိုင် ဟူ၍ တဆိုင်သာ ရှိသည်။ မျက်မှန်ဆိုင်ရှိ မျက်စိစမ်းသပ်ပေးသူ ပညာရှင်က ထိုကဲ့သို့ မျက်မှန် မျိုး လူသုံးဦးသာ ရောင်းခဲ့ဖူးသည်ဟု ရဲစုံထောက်များကို ပြောပြခဲ့သည်။ ထိုအထဲတွင် နေသန် လီယိုပိုးလည်း ပါဝင်နေသည်။

 

ရဲစုံထောက် နှစ်ဦးက လီယိုပိုး အိမ်သို့ သွားပြီး မျက်မှန် ပျောက်မပျောက် မေးမြန်းရန် လီယိုပိုး အား မြို့လည်ရှိ ရဲ ရုံးချုပ် သို့ ခေါ်လာခဲ့သည်၊ ‌ပြည်နယ် အစိုးရ ရှေ့နေကြီး ရောဘတ် ကရိုး သည်လည်း ၎င်းအား အသင့် စောင့်ဆိုင်းနေပြီ ဖြစ်သည်။

 

ကရိုးက နေသန် အား မျက်မှန်ကို ထုတ်ပြပြီး "မင်းဟာလား" ဟု မေးလိုက်သည်။ လီယိုပိုးက သူ့ဟာ နှင့် တူသလိုလို ရှိသော်လည်း သူ့မျက်မှန်သည် အိမ်တွင် ကျန်ခဲ့သည်ဟု ပြောလာသည်။ ရဲအရာရှိများက လီယိုပိုးအား အိမ်ပြန်ခေါ်သွားကြပြီး မျက်မှန် ကို ရှာခွင့် ပေးခဲ့သည်။

 

လီယိုပိုးသည် မျက်မှန် ကို အဘယ်လာ ရှာတွေ့ နိုင်ပေမည်နည်း။ လီယိုပိုးက သူမကြာခဏ ငှက်များ လေ့လာရန် သွားနေသည့် ရွံ့နွံတော များ ရှိသည့် နေရာတွင် ကုတ်အင်္ကျီ အိတ်ထဲမှ ထွက်ကျ ကျန်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဆိုပြန်သည်။ သို့သော် အမှုစစ် ရဲအရာရှိများက မကျေနပ်၍ ကုတ်အင်္ကျီ အပေါ် အိပ် ထဲမှ မည်သို့ ထွက်ကျ ခဲ့သည်ကို သရုပ်ပြ ခိုင်းခဲ့သည်။ လီယိုပိုးသည် အကြိမ်ကြိမ် ပုံစံ အမျိုးမျိုး နှင့် လုပ်ပြခဲ့သော်လည်း မျက်မှန်က အိပ်ကပ်ထဲတွင်သာ ရှိနေခဲ့သည်။

 

စုံစမ်း စစ်ဆေးမှု ကို ဦးဆောင်နေသော ကရိုး က တရားခံ ကို တွေ့ပြီ ဆိုသည်ကို တထိုင်တည်း နှင့် သိသွားခဲ့ပြီ ဖြစ်သည်။ သို့သော် ပြစ်မှု ထင်ရှားပြီး စီရင်ချက် ချနိုင်သည် အထိတော့ သက်သေ အထောက်အထား မခိုင်မာသေးဘဲ ဖြစ်နေ၍ ဖိ ပြီး စစ်မေးလာခဲ့သည်။

 

မေလ ၂၁ တွင် ၎င်း ဘယ်မှာ ရှိနေသည် ဆိုသည့် အမေးကို လီယိုပိုးက ရစ်ချတ် လိုဘ် နှင့် အတူ ကား ပေါ်သို့ မိန်းကလေး များ တင် ခေါ် သွားပြီး လင်ကွန်း ပန်းခြံတွင် ရှိနေသည်ဟု ဖြေသည်။ လိုဘ် အား သီးခြား ခေါ်ယူ စစ်ဆေးရာတွင် လီယိုပိုး ၏ အလီဘိုင် မှန်ကန်ကြောင်း ဖြေဆိုခဲ့သည်။ 

 

ရောဘတ် ကရိုးက သံသယ ဖြစ်နေသည်။ ရဲများက လီယိုပိုး၏ အိမ်ကို ရှာဖွေ ခဲ့ကြစဉ်က လိုဘ် ၏ စာကို တွေ့ရှိခဲ့ပြီး စာထဲတွင် သူ တို့ နှစ်ဦး လိင်တူ ဆက်ဆံမှု များ ရှိခဲ့သည့် သဘော ရေးထားသည်ကို ဖတ်ခဲ့ကြရသည်။

 

စွဲချက် တင်ဖို့ သက်သေ အထောက်အထား မခိုင်လုံ ဖြစ်နေ၍ နှစ်ယောက်စလုံးကို ပြန်လွှတ်ရခါနီး ဆဲဆဲတွင် နောက်ထပ် သက်သေ အထောက်အထား နှစ်ခု ထွက်ပေါ်လာခဲ့သည်။ ပထမဆုံး အထောက်အထားကား လီယိုပိုးသည် ၎င်း၏ ဥပ‌ဒေ တန်း အတွက် လက်နှိပ်စက် ရိုက်ထားသော မှတ်စုများ ဖြစ်သည်။ ထိုမှတ်စု များ တွင် 'i' ဆိုသည့် အသေးစာလုံးသည် ပုံပျက် နေပုံသည် ပြန်ပေးဆွဲရန် ငွေတောင်းစာ ၏ 'i' စာလုံးသေး ပျက်နေပုံ နှင့် သွားတူနေသည်။

 

 လီယိုပိုး အိမ်၏ ဒရိုင်ဘာ မှ ၎င်းအား အမှု မှ လွတ်အောင် ‌ကြိုးစား ပမ်းစား ကာကွယ်ထွက်ဆိုခဲ့ခြင်း မှ ဒုတိယ မြောက် သက်သေ အထောက်အထား ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဒရိုင်ဘာ ပြောသည့် အချက်သည် လီယိုပိုးအား ကာကွယ်ရာ မရောက်ဘဲ တခါတည်း ထောင်ထဲ တန်းပို့သလို ဖြစ်သွားခဲ့ရသည်။

 

ဒရိုင်ဘာက လီယိုပိုး ပြောသည့် အခင်းဖြစ်သည့် နေ့က မိန်းကလေးများ တင်ပြီး ‌တညလုံး နီးပါး လျှောက်မောင်းရင်း အချိန်ဖြုန်းခဲ့သည် ဆိုသော ကားသည် ကားဂိုထောင်ထဲမှ တလက်မပင် မရွေ့ခဲ့ဟု ပြောလိုက်ခြင်းကြောင့် ဖြစ်သည်။ "ခင်ဗျား ကြိမ်းသေ သလား" ဟု ကရိုးက သေချာအောင် ‌ထပ်မေးလိုက်သည်။ ဒရိုင်ဘာက သေချာကြောင်း၊ ထိုနေ့က တညနေ့လုံး ကားပြင်နေခဲ့ရကြောင်း ပြောပြန်သည်။

 

ပထမဆုံး ဖြောင့်ချက် ပေးလာသူက လိုဘ် ပင် ဖြစ်သည်။ ထိုနောက်တွင်တော့ လီယိုပိုးလည်း ဝန်ခံလာသည်။ သို့သော် ၎င်းတို့နှစ်ဦး တွင် လူသတ်မှု ကို မည်သူက ကျုးလွန်ခဲ့သည် ဆိုသည့် အပေါ် ကွဲလွဲမှုများ ရှိလာသည်။ တဦးအပေါ် တဦး လွှဲချလာသည်။

 

၎င်းတို့ မိဘများက ရှေ့နေကြီး ကလဲရင့်စ် ဒဲရိုး နှင့် ဘင်ဂျမင် ဘာခ်ျရက် ကို ငှားခဲ့ကြသည်။ တရားခွင် တွင် ဒဲရိုးက အတော်များများကို ဦးဆောင်ခဲ့သည်။ ၎င်းက သေဒဏ် အပြစ်ပေးမှု အား စက်ဆုပ် ရွံရှာဖွယ် လုပ်ရပ် အဖြစ် ရှုမြင်ထားခဲ့သည့် အတွက် ယခုအခါ အခွင့်အရေး ရလာခြင်းဟု ယူဆသည်။

 

လီယိုပိုးသည် ဒဲရိုးကို မြင်လျင်မြင်ချင်း စိတ်ထဲတွင် ထိတ်လန့်သွားမိသည်။ ဆံပင်ကလည်း မဖီးမသင်၊ ရှုပ်ပွ‌ နေပြီး၊ ဝတ်ထားသည့် ဂျက်ကက်ကလည်း တွန့်ကြေနေသည်။ အတွင်း အင်္ကျီတွင်လည်း ကြက်ဥ အနှစ်များ စွန်းထင်းနေပြီး၊ ဘောင်းဘီ သိုင်းကြိုး နှင့် နက်တိုင်သည်လည်း ရွှဲ့စောင်းနေသည်။

 

နောက်ပိုင်းတွင်တော့ ဒဲရိုး အပေါ် လီယိုပိုး၏ အမြင်များ ပြောင်းလဲလာခဲ့သည်။ ဒဲရိုးသည် ကြီးမြတ်သော ရိုးသားမှု ရှိပြီး ပုံမှန်အတိုင်း နေထိုင်တတ်သည်။ အရာရာ ကိုလည်း လွန်စွာ နက်ရှိုင်းစွာ ခြုံငုံ စဉ်းစားတတ်ပြီး စာနာမှု ရှိသော ပုဂ္ဂိုလ် အဖြစ် ပြောဆိုခဲ့သည်။ 

 

လီယိုပိုးက သူ ၏ စာအုပ် ဖြစ်သော Life Plus Ninety-Nine Years တွင် "မေတ္တာတရား၏ သန့်စင် မွန်မြတ်သော အနှစ်သာရ" ကို အနီးစပ်ဆုံး ဟောပြောနိုင်သူ နှစ်ဦး ကို ပြောပါဟု ဆိုလျင် သူသည် ယေရှု နှင့် ဒဲရိုး တို့သာ ဖြစ်သည်ဟု ဖြေလိမ့်မည်ဟု ရေးသားခဲ့သည်။

 

ဒဲရိုး ရင်ဆိုင်လာရသော ပြဿနာကား ၎င်း အမှုသည် အပေါ် စွဲဆိုထားသည့် လူသတ် ပြန်ပေးဆွဲမှု အတွက် မည်သို့ လျှောက်လှဲရမည် ဆိုသည်ပင် ဖြစ်သည်။ ဝန်ခံ ထွက်ဆိုထားပြီး ဖြစ်၍ သက်သေ အထောက်အထား များ ကို အကြောင်းပြု၍ အပြစ်ကင်းလွတ်ခွင့် ပေးဖို့ ဆိုသည်ကလည်း မဖြစ်နိုင်သလောက် နီးပါး ဖြစ်သွားခဲ့ရသည်။ သူ့အတွက်က လီယိုပိုး နှင့် လိုဘ် တို့ နှစ်ဦး စလုံး "စိတ်ဖေါက်ပြန်သွားသောကြောင့်" အပြစ်မရှိဟု လျှောက်လှဲဖို့သာ ကျန်တော့သည်။

 

သို့သော် တရားခွင် တွင် စိတ်ဖေါက်ပြန်သွား၍ ဟု အကြောင်းပြဖို့ ဆိုသည်က လွယ်ကူလှသည် တော့ မဟုတ်၊ နှစ်‌ယောက်စလုံးက ဉာဏ်ရည် ထက်မြက်ပြီး ထူးချွန်သူများ ဖြစ်၍ အတော်ကို ခက်ခက်ခဲခဲ ကြိုးစားယူ ရမည် ဖြစ်သည်။

 

အကယ်၍ လူသတ်မှု သည် စိတ်ဖေါက်ပြန်၍ ကျူးလွန်ခဲ့သည် ဆိုသော လျှောက်လှဲချက် အောင်မြင်သွားခဲ့သည် ဆိုလျင်ပင် တရားလို အကျိုးဆောင် ပြည်နယ် ရှေ့နေများက ပြန်ပေးဆွဲမှု ဖြင့် တဖန်ပြန်ပြီး ရုံးတင် တရားစွဲလာမည် ဖြစ်သည်။ ၁၉၂၄ တွင် အီလီနွိုက်စ် ပြည်နယ်၌ ပြန်ပေးဆွဲမှုအားလည်း သေဒဏ်ချမှတ် နိုင်သည်။