ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(3)

by Hla Soewai - Oct 27 2025

အထူးသဖြင့် အော်လန်ဒေါ့ဖ်သည် Einsatzgruppen ဟု ခေါ်သည့် ရွေလျား သေမင်းတမန် တပ်ဖွဲ့၏ ခေါင်းဆောင် မကောင်းဆိုးဝါး တဦးသာ ဖြစ်သည်။ ၎င်းတို့ အဖွဲ့သည် ဂျာမန်တပ်များ နှင့် အတူ လိုက်ပါရပြီး အရပ်သားများကို သတ်ဖြတ် ချေမှုန်းဖို့ တာဝန်ယူရသည်။

 

၁၉၄၁ ဇွန်လတွင် ဂျာမဏီသည် ဆိုဗီယက် ပြည်ထောင်စု ကို စတင် ကျုးကျော် တိုက်ခိုက်လာချိန်တွင် ၎င်းတို့ အဖွဲ့သည် သိမ်းပိုက်၍ ရသော နယ်မြေများရှိ ကျွဲနွား တရိစ္ဆာန်များ၊ ကောက်ပဲသီးနှံများ နှင့် စက်ယန္တရားများကို လုယက် ယူငင်ပြီး ရိုက်ခ်ျ နိုင်ငံတော်ကြီး အတွက် ပံ့ပိုးပေးကြရသည်။ ဆိုဗီယက် စစ်သုံ့ပန်းများအားလည်း အစာရေစာ ကျွေးမွေးကြခြင်း မရှိဘဲ ပစ်ထားခဲ့၍ စစ်သား နှစ်သန်းခန့် ငတ်မွတ် သေဆုံးသွားခဲ့သည်။

 

တချိန်တည်းမှာပင် အော်လန်ဒေါ့ဖ်၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့် ဂျုးများကို အစုလိုက် အပြုံလိုက် ဖမ်းဆီးခဲ့ကြသည်။ ၎င်း၏ အမိန့်ဖြင့် ဂျုး ကိုးသောင်းခန့်သည် သေနတ်နှင့် သော်၎င်း၊ ရွေ့လျား အဆိပ်ဓါတ်ငွေ့ ပေါင်းဖိုများထဲ ထည့်သွင်း ခံရ၍ သော်၎င်း သေဆုံးခဲ့ကြရသည်။

 

SS များက တောင်ဖက်စူးစူး တွင် ရှိသည့် ဂျာမဏီ အလယ်ပိုင်း ဟာဇ် တောင်တန်းများ ဆီသို့ သွားပြီး ပုန်းအောင်း နေကြရန်၊ သို့မဟုတ်ကလည်း ထို‌ ဒေသ ၏ တောင်ဖက်ရှိ အဲ့ပ် တောင်တန်းများ ဆီ သွားမည်၊ ထိုမှ တဆင့် နိုင်ငံ ထဲမှ ထွက်လို့ ရအောင် စီစဉ်နေကြသည်။

 

ထိုသို့ စီစဉ် ခြင်းမှလည်း မတော်တဆ မဟုတ်၊ ဟင်းမလားသည် လွန်ခဲ့သည့် တနှစ်ကျော်ကတည်းက ဥရောပတွင် ဂျာမန်တို့ အနိုင်ရမည် မဟုတ် ဆိုသည်ကို သိထားခဲ့ပြီး ဖြစ်သည်။ ထို့အတွက် နာဇီများ ကမူးရှူးထိုး ဖြစ်လာပြီး စစ်ပြီးနောက်တွင် ဂျာမဏီအား လွန်စွာ အင်အား ကောင်းလာမည့် "စတုတ္ထ ရိုက်ခ်ျ နိုင်ငံတော်" တည်ဆောက်နိုင်မည့် လိုအပ်သော ယန္တရားများ တည်ဆောက်ထားရန် ကြံစည်လာခဲ့သည်။

 

အ‌ဒေါ့ဖ် ဟစ်တလာ ကိုယ်တိုင်ကပင် နာဇီ အင်ပိုင်ယာသည် နှစ်ပေါင်း တထောင်ခန့် တည်မြဲရမည်ဟု ကြုံးဝါးခဲ့ပြီး ဖြစ်သည်၊ ဟစ်တလာ၏ ထိုသို့သော ကြုံးဝါးခဲ့မှု ကို ဟင်းမလား နှင့် ၎င်း၏ နောက်လိုက် နောက်ပါ SS များက အကောင်အထည် ဖေါ်ပေးရန် စိတ်ပိုင်းဖြတ်ထားသူ များ ဖြစ်သည်။

 

ထိုကဲ့သို့ အကြံအစည်မျိုး ရှိသည်ကို နောက်ပိုင်းတွင် စုံစမ်း ဖေါ်ထုတ် နိုင်ခဲ့မှု များအရ ၁၉၄၄ ဩဂုတ်လ ၁၀ ရက်နေ့တွင် ပြင်သစ် နှင့် ဂျာမဏီ နယ်စပ် ရှိ စထရာစ်ဘတ် ရှိ Mason Rouge (အိမ်နီတော်) ဟိုတယ်တွင် လျို့ဝှက် ဆွေးနွေးခဲ့ကြကြောင်း သိရှိခဲ့ကြသည်။ အဆိုပါ ထိတ်တန်း လျို့ဝှက် အဖြစ် သတ်မှတ်ထားသော အစည်းအဝေးသို့ ဂျာမန် စက်မှု လုပ်ငန်း ရှင်များ၊ ဘဏ်လုပ်ငန်း ရှင် များ တက်ရောက်ခဲ့ကြသည်။

 

သို့သော် ၎င်းတို့၏ စထရာစ်ဘတ် လျို့ဝှက် အစည်း အဝေးသို့ ပြင်သစ် စစ်ထောက်လှန်းရေး အဖွဲ့ဝင်တဦး အသွင်ယူ ပြီး တက်ရောက်ခဲ့သည်ကို မည်သူမျှ မရိပ်စားမိခဲ့ကြ။ ထိုအေးဂျင့်သည် ဟင်မလား နှင့် အဖွဲ့ ကြံစည်နေမှု များကို မကြာမီမှာပင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကောဒဲလ် ဟူး ထံသို့ အစီရင်ခံစာ ရေးသားတင်ပြခဲ့သည်။

 

အိမ်နီတော် အစီရင်ခံစာတွင် "စစ်ပွဲ အနိုင်မရ နိုင်တော့ ဆိုသည်ကို ဂျာမန် စက်မှု လုပ်ငန်းရှင်များ သဘောပေါက်ရတော့မည် ဖြစ်သည်၊ ထို့အတွက် စစ်ပွဲ ပြီးဆုံးသွားလျင် စီးပွားရေး အရ စစ်ဆင်နိုင်ဖို့ ယခုကတည်းက ပြင်ဆင်ထားရမည်၊ စက်မှု လုပ်ငန်းရှင် တိုင်း ပြည်ပ ကုမ္ပဏီများ နှင့် ဆက်သွယ်ပြီး မဟာမိတ် လုပ်ထားရမည်၊ ထိုကိစ္စကို သံသယ ရှိမလာအောင် တဦးချင်း တယောက်ချင်း အနေဖြင့် ဆောင်ရွက်ရမည်။

 

နာဇီ ပါတီသည်လည်း မဖြစ်မနေ တောခိုသွားရဖို့ ရှိနေ၍ ရံပုံငွေ ပံ့ပိုးပေးနိုင်အောင်လည်း ပြင်ဆင်ထားရမည်။" အစရှိသဖြင့် ပါရှိသည်။

 

ထိုအစီအစဉ် တွင် ရဲတင်းလွန်းလှသည်က ဂျာမန် ကုမ္ပဏီ များ ယခုမှစ၍ ပြည်ပ ထွက်၍ လုပ်ကိုင်ရမည်၊ ထိုသို့ လုပ်ကိုင်ရာတွင် ဂျာမဏီ နှင့် သာမက နာဇီ တို့ နှင့်ပါ အဆက်အသွယ် ရှိသည်ကို ဖုံးကွယ်ထားရမည် ဆိုသည်ပင် ဖြစ်သည်။ သို့မှသာ စစ်ရေး ဆိုင်ရာ အချက်အလက်များကို သူလျို လုပ် ထောက်လှန်းနိုင်မည် ဖြစ်ပြီး နောက်ဆုံးတွင် ဂျာမဏီ ၏ စစ်အင်အား ကြီးမားလာအောင် စနစ်တကျ ပြန်လည် တည်ဆောက်နိုင်ရေး အတွက် အထောက်အကူ ဖြစ်မည်ဟု ပါရှိသည်။

 

စထရာစ်ဘတ် အစည်းအဝေးသို့ တက်ရောက်သူများ အား သတိပေးလာခဲ့သည်များလည်း ရှိသည်၊ ဥပမာ အားဖြင့် သံမဏိ ထုတ်လုပ်မှု ကို မူပိုင် အဖြစ်မှတ်ပုံတင် ရထားသည့် ကုမ္ပဏီသည် Krupp နှင့် အမေရိကန် ဓါတု ဖောင်ဒေးရှင်း တို့ ဖြစ်သည်။ အမေရိကန် သံမဏိ ကုမ္ပဏီများက သံမဏိ အတွက် ဂျာမန် ကုမ္ပဏီ ဖြစ်သော Krupp မျက်နှာ ကြည့်နေရ၍ ထိုကဲ့သို့သော ကုမ္ပဏီ များထဲသို့ နာဇီ စပိုင်များ စိမ့်ဝင် ထိုးဖောက်၍ အကောင်းဆုံးဟုလည်း ပြောခဲ့သည်။

 

"ထိုကုမ္ပဏီ ရုံးခန်းကြီးများသည် မြို့ကြီးများတွင်သာ ရှိ၍ လူအများအကြား ပုန်းလျိုးကွယ်လျိုး နှင့် နေနိုင်ကြောင်း၊ ရေအားလျှပ်စစ် ထုတ်လုပ်သည့် နေရာ အနီး ပတ်ဝန်းကျင် ရှိ ရွာငယ် လေးများ တွင်လည်း ရေအား အရင်းအမြစ်ကို လေ့လာရန်ဟု အကြောင်းပြကာ ‌သွားနေလို့ရကြောင်း များလည်း ပါရှိသည်။

 

၎င်းတို့ ရှိနေသည်ကို စက်မှု လုပ်ငန်းတခုစီ ရှိ မဆိုသလောက်သော လူ အနည်းငယ်နှင့် နာဇီ ပါတီ အကြီးအကဲများ လောက်သာ သိရမည်။ ရုံးတရုံးစီ တွင် ပါတီ နှင့် ကြားခံ ဆက်သွယ်ပေးမည့် အေးဂျင့် တဦးစီ ရှိရမည်ဟု အစီရင်ခံစာထဲတွင် ဖေါ်ပြထားသည်။

 

သက်ဆိုင်ရာ စက်မှု လုပ်ငန်းများ ပါဝင်ကြောင်း အာမခံနိုင်ရန် ဘဏ္ဍာရေး အရ ထည့်ဝင်ကြရမည် ဖြစ်သည်။ "ပါတီသည် ဂျာမဏီ တနိုင်ငံလုံးကို ပြန်လည် ထိန်းချုပ်နိုင်သည် အထိ လုံလောက်သည့် အင်အား တောင့်တင်းလာလျင် လာခြင်း စက်မှု လုပ်ငန်း ရှင်များအား ၎င်းတို့၏ ကြိုးပမ်းခဲ့မှု၊ ပူးပေါင်း ဆောင်ရွက်ခဲ့မှု များ အတွက် အထူး အခွင့် အရေး များ ပေးမည် ဖြစ်သည်။

 

စထရာစ်ဘတ် အစည်းအဝေး မှ နာဇီ တို့ အတွက် အကျိုးအမြတ်များ ရလာခဲ့သည်။ ကြားနေ နိုင်ငံများ ဖြစ်သော စပိန်၊ ဆွစ်ဇာလန်၊ ပေါ်တူဂီ၊ အာဂျင်တီးနား နိုင်ငံများရှိ ကော်ပိုရေးရှင်းကြီးများသည် ဂျာမဏီ မှ လွှဲပြောင်းပေးလာသည့် ‌ဒေါ်လာ သန်း ၅၀၀ ကျော် လက်ခံရရှိလာကြသည်။ ထိုငွေများ ဖြင့် ကုမ္ပဏီ များကို လူမသိ သူမသိ ဝယ်ယူခဲ့ကြသည်။

 

သို့သော် ဟင်းမလား အတွက် က ဂျာမဏီ၏ ဘဏ္ဍာငွေများ ပြင်ပ တွင် အောင်မြင်စွာ ရင်းနှီးမြုပ်နှံ နိုင်ဖို့သည် အဓိက မကျ၊ အရေးပါသော နာဇီ ခေါင်းဆောင်များ ထွက်ပြေး လွတ်မြောက်နိုင်ရေး အတွက်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။