ဂျပန်၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်

by Hla Soewai - Oct 27 2025

တာကိုင်ချီ ဆာနာအဲ သည် ကွန်ဆာဗေးတစ် အယူအဆ ရှိသော သဘောထား တင်းမာသူ အမျိုးသမီး တဦး ဖြစ်သည်။ ယခုအခါ ဂျပန်၏ ၁၀၄ ဦး မြောက် နှင့် ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာသည်။

 

ယခုလ အစောပိုင်းတွင် သူမ အား အာဏာရ လစ်ဘရယ် ဒီမိုကရက် ပါတီ၏ ခေါင်း‌ ဆောင် အဖြစ် ရွေးချယ်ခံခဲ့ရပြီး နောက် အောက်တိုဘာ ၂၁ တွင် ဂျပန်၏ ဒိုင်းယက် လွှတ်တော်က အတည်ပြုပေးခဲ့သည်။ ယင်းသည် ကမ္ဘာတွင် အမျိုးသားထုကြီး အများဆုံး ရှိနေသည့် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ် တွင် ကျားမ တန်းတူ ရှိရေး ဆီသို့ လှမ်းလာသည့် ပထမ ခြေလှမ်းကြီး ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

 

သို့သော် တာကိုင်ချီသည် နိုင်ငံလုံခြုံရေး နှင့် ပတ်သက်၍ စိတ်မာခက်ထန်စွာ ကျင့်သုံးလိုသူ ဖြစ်ပြီး လူမှုရေး ပိုင်းတွင် ကွန်ဆာဗေးတစ် အယူကို ဦးထိပ်ရွက်ထားသူ ဖြစ်သည်။ ဘဏ္ဍာရေး တွင်တော့ ချိုးခြံ ချွေတာ လိုသူ ဖြစ်နေပြန်သည်။ ဂျပန် အားလည်း မူဝါဒ ပိုင်းတွင် လက်ယာ ယိမ်း လှုပ်ရှားသွားမည်ဟု ကတိပေးခဲ့သည်။

 

ဖခင် ဖြစ်သူသည် လခစား ရဲအမှုထမ်းတဦး ဖြစ်သည်။ နိုင်ငံ အနောက်ပိုင်းရှိ ရှေးဟောင်းမြို့တော် ဖြစ်ခဲ့သော နာယာတွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သည်။ မော်တော်ဆိုင်ကယ် စီးလေ့ရှိပြီး Heavy Metal တေးဂီတ ဝိုင်းများတွင် ဒရမ်ကို ဝင်ရောက် တီးခတ်တတ်သူ ဖြစ်သည်။ 

 

ရုပ်သံ သတင်းဌာနတွင် ခေတ္တ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး နိုင်ငံရေး လောကသို့ ၁၉၉၃ တွင် ဝင်ရောက်လာခဲ့သည်။ မူဝါဒ ပိုင်းတွင် အသေးစိတ် စီမံခန့်ခွဲတတ်သူ ဟု သိထားကြပြီး ရိုးရာ အစဉ်အလာ ယဉ်ကျေး မှု အတွက် တိုက်ပွဲဝင်သူ တဦးလည်း ဖြစ်သည်။

 

သူမ၏ သာမန်အရပ်သူ နောက်ခံအခြေအနေ၊ အငြင်းပွားဖွယ်ရာ အမြင်များ၊ နှင့် အမျိုးသားရေးစိတ်ဓာတ် ထက်သန်မှုတို့သည် ယနေ့ ကမ္ဘာ့နိုင်ငံရေး ခေတ်ရေစီးကြောင်းနှင့် တစ်သားတည်းကျနေသည်။ သူမ၏ ကွန်ဆာဗေးတစ် ဝါဒကို ရှေးရိုးစွဲ မကင်း ဖြစ်နေသည်။ သံမဏိ လေဒီ ဟု ထင်ရှားခဲ့သည့် မာဂရက် သက်ချာ ကိုလည်း စံပြ အဖြစ် အတုယူပြီး သူ့ကိုယ်သူ လည်း ကွယ်လွန်သွားသူ အာဘေး ရှင်ဇို၏ နိုင်ငံရေး အမွေ ဆက်ခံသူ အဖြစ် ပုံဖေါ်လာသည်။

 

LDP မှ ၎င်းတို့ ဂျပန် နိုင်ငံရေး အား ပြန်လည် ဖမ်းဆုပ် နိုင်ရန် တာကိုင်ချီသည် အထောက်အကူ ပေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။ ပါတီသည် ပြီးခဲ့သည့် နှစ် ရွေးကောက်ပွဲ အတွင်း နေရာ အတော်များများ ဆုံးရှုံးသွားခဲ့၍ လူနည်းစု အစိုးရ ဘဝ ရောက်သွားခဲ့သည်။ တာကိုင်ချီသည် ငယ်ရွယ်သူ များ အကြား လူကြိုက်များနေသည့် ပေါ်ပြူလစ် ဝါဒ ကို အခြေခံ ဖွဲ့စည်းထားသည့် အဖွဲ့ငယ်များဖက် ပါသွားသော လက်ယာစွန်း မဲဆန္ဒရှင်များအား ပြန်လည် သိမ်းသွင်းလိုသည်။ ထို့အတွက်ကြောင့်လည်း သူမ၏ မဲဆွယ် စည်းရုံးရေးကို အနေမတတ် အထိုင် မတတ် ဖြစ်နေသည့် နိုင်ငံခြားသားများ အကြောင်းကို ငြည်းငွေ့ဖွယ် ကောင်းလောက်အောင် ရှည်လျားစွာ ထည့်သွင်း ပြောဆိုလာသည်။

 

ထို့ပြင် အိမ်ထောင်သည် အမျိုးသမီးများ မူလမျိုးရိုး နာမည် ထားခွင့်ပြုခြင်း၊ ဘုရင် မျိုးနွယ် တွင် အမျိုးသမီးများ ထီးနန်းဆက်ခံစေခြင်း ကဲ့သို့သော ခေတ်ရေစီးကြောင်း လိုက်သည့် လူမှုရေး ကိစ္စရပ်များ တွင် ပြုပြင် ပြောင်းလဲရေး ကို ဆန့်ကျင်ခဲ့သည်။

 

သို့သော် အမျိုးသမီး တဦး အား ဝန်ကြီးချုပ် အဖြစ် တင်မြှောက်လိုက်ခြင်းဖြင့် ဂျပန်သည် ကျားမ တန်းတူ ရည်တူ ရှိမှုကို အားပေးသည် ဆိုခြင်းကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။

 

ချမ်းသာသော OEDC အဖွဲ့ဝင် ၂၉ နိုင်တွင် အမျိုးသမီးများ စီးပွားရေး နှင့် နိုင်ငံရေး ၌ ပါဝင် ကိုယ်စားပြု မှု သည် အဆင့် ၂၇ ရောက်နေသည်။ တာကိုင်ချီသည် သူမ၏ အစိုးရ အဖွဲ့အတွင်း အမျိုးသမီး များ ပို၍ ခန့်အပ်မည်ဟု ကတိပြုခဲ့မှု နှင့် ဘဏ္ဍာရေး ဝန်ကြီး အဖြစ် ပထမဆုံးအကြိမ် အမျိုးသမီးကို ခန့်အပ်ခဲ့သည်။

 

သူမ၏ နိုင်ငံခြားရေး မူဝါဒ သည် မကြာမီ မှာပင် အစမ်းသပ်ခံရဖို့ ရှိနေသည်။ မလေးရှား၏ အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် တောင်ကိုရီယားတွင် ပြုလုပ်မည့် APEC ခေါင်းဆောင်များ အစည်းအဝေး တို့ တက်ရောက်ဖို့ ရှိနေသည်။

 

သို့သော် ဂျပန်၏ စစ်သမိုင်းအား ပြန်လည် ပြင်ဆင်လိုသည့် သူမ၏ ခံယူချက်ကြောင့် တောင်ကိုရီယား၊ တရုတ် တို့ နှင့် ဆက်ဆံရေး တွင် အခက်တွေ့လာနိုင်သည်။

 

အကြီးမား ဆုံး စိန်ခေါ်မှု သည်က ထရမ့် နှင့် အစေးကပ်အောင် လုပ်နိုင်ရေးပင် ဖြစ်သည်။ တာကိုင်ချီသည် သူမ အရင် ဝန်ကြီးချုပ်မှ အမေရိကန် သမ္မတ နှင့် ချုပ်ဆိုခဲ့သော ဒေါ်လာ ဘီလီယံ ၅၅၀ တန်ဖိုးရှိ အခွန်စည်းကြပ်မှု နှင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ သဘောတူညီချက်ကို နောင်တရကောင်း ရနေနိုင်သည်။ သို့သော်လည်း ဂျပန်အား လုံခြုံရေးအရ အာမခံချက် ပေးထားသည့် တခုတည်းသော မဟာမိတ် နိုင်ငံတနိုင်ငံအား အဘယ်သို့များ ဆန့်ကျင်၍ ဖြစ်နိုင်ပေမည်နည်း။

 

ထရမ့်သည် တောင်ကိုရီယား သို့ APEC အစည်းအဝေး တက်ရန် အလာတွင် ဂျပန်သို့ အလည် အပတ် လာမည်ဟု မျှော်လင့်နေကြသည်။

 

တာကိုင်ချီ အတွက်ကတော့ သူမ၏ နိုင်ငံခြား‌ ရေး မူဝါဒ အတွက် ပြင်ဆင်ချိန် မရသလောက် ဖြစ်နေရှာသည်။

 

(၂၀၂၅ အောက်တိုဘာ ၂၁ ရက် အီကောနော်မစ် မဂ္ဂဇင်းပါ Takaichi Sanae becomes Japan’s first female prime minister ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။)