တိရစ္ဆာန်များသည်လည်း ရိက္ခာ အတွက် အရေးကြီး ပေသည်။ ကြမ်းတမ်းသော မြေမျက်နှာပြင်အတွက် လား သည် အကောင်းဆုံး ဖြစ်သည်။ ၎င်းတို့ အစာအဟာရ ပြည့်စုံစေဖို့ မြက်ခင်းများ လုံလုံ လောက် လောက် ရှိနေဖို့လည်း မရှိမဖြစ် လိုအပ်သည်။ လား သည် အခြား တိရစ္ဆာန်များ သွားလာဖို့ မဖြစ်နိုင်လောက် အောင် မြင့်မားသော တောင်တက် ခရီး များ အတွက် အသုံးဝင်သည်။
သွားလာဖို့ လွန်စွာ ခက်ခဲသော အခြေအနေနှင့် ကြုံလာရပါက လူအင်အား သုံး၍ ထမ်းပိုးသယ်ယူ ရပေမည်။ လူတဦးသည်၂၅ ကီလို အထိ အလေးချိန်ကို တနေ့လျင် နာရီပေါင်းများစွာနှင့် ရက်ပေါင်းများစွာ ကြာအောင် သယ်ယူ နိုင်စွမ်း ရှိရမည်။
ပြင်ပ နှင့် ဆက်သွယ်ရန် သတ်မှတ်ထားသော လမ်းကြောင်း တလျောက် နေရာ အများအပြားတွင် လုံးဝ ယုံကြည် စိတ်ချ ရသည့် လူများ ချ ထားရမည်။ သို့မှသာ ပစ္စည်းများကို မည်သည့် နေရာ တွင် သိုလှောင်ထားရမည်၊ သေရေး ရှင်ရေး ကြုံလာရသည့် အခါ မည်သည့်နေရာ မျိုး တွင် ပုန်းအောင်းနေရမည် အစရှိသည့် သိနိုင်မည် ဖြစ်သည်။
အတွင်းစည်း အတွင်း ဆက်သွယ် ဖို့ အတွက်လည်း လမ်း ကြောင်း ဖန်တီးထားနိုင်သည်။ ပြောက်ကျား အဖွဲ့များ ရောက်ရှိသည့် နေရာ ကို လိုက်၍ တိုးချဲ့ထားနိုင်သည်။ ကျုးဘား တော်လှန်ရေး ကာလ အတွင်း အချို့ နေရာများတွင် ကီလိုမီတာ ပေါင်း များစွာ ရှည်လျားသည့် တယ်လီဖုန်းလိုင်းများ၊ လမ်းများ၊ တည်ဆောက်ထားပြီး ဖြစ်၍ ဆက်သားများ အချိန်တို အတွင်း သွားလာ အသုံးပြုနိုင်သည့် လမ်းကြောင်းများ ဖြစ်လာသည်။
ပြင်ပ နှင့် ဆက်သွယ်ဖို့ ဖြစ်နိုင်ခြေ ရှိသည့် အခြား နည်းလမ်းများလည်း ရှိသေးသည်။ ကျုးဘား စစ်ပွဲ တွင် သုံးခဲ့ဖူးခြင်း မရှိသော်လည်း မီးခိုး နှင့် အချက်ပြမှု၊ မှန်ကို သုံး၍ အလင်းပြန် ပေးခြင်း၊ လေ့ကျင့်ထားသော ခိုငှက်များ အသုံးပြုခြင်း များ ပြုလုပ် နိုင်သည်။
ပြောက်ကျား များ အတွက် ၎င်းတို့ လက်နက်များ ကို အမြဲလို သုံး၍ ရနေသည့် အခြေအနေမျိုး ဖြစ်ရန် ထိန်းသိမ်းထားဖို့၊ လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိဖို့၊ လွန်စွာ အရေးကြီးပေသည်။ ထိုထက် ပို၍ အရေးကြီးသည်က မိမိတို့ စီးနေသည့် ဘွတ်ဖိနပ်များ မပျက်စီးရေးပင် ဖြစ်သည်။
ပြောက်ကျား များ အတွက် ပထမဦးဆုံး တည်ထောင်ပေးရမည့် အလုပ်ရုံများက အထက်တွင် ဖေါ်ပြခဲ့သည်များ ဖြည့်ဆည်းပေးနိုင်ရန် အတွက် ဖြစ်သင့်သည်။ ကနဦးတွင် ဘွတ်ဖိနပ်ဟောင်း များ ရှိ တဝက်တပျက် ကွာစ ပြုနေသော ဖိနပ်ခုံများကို ပြင်ဆင် ချုပ်လုပ် ပေးနိုင်ရန် အတွက် ဖြစ်ပြီး နောက်ပိုင်းတွင် နေ့စဉ် ပုံမှန် ဘွတ်ဖိနပ်များ ထုတ်ပေးနိုင်မည့် စက်ရုံ အသေးစားများ တည်ထောင်သွားရမည် ဖြစ်သည်။
ယမ်းမှုန့်များ ထုတ်လုပ်ရေးသည်လည်း မခက်လှ၊ လိုအပ်သည့် ပစ္စည်းများကို အပြင်မှ ယူလာပြီး အသေးစား ဓါတ်ခွဲခန်း မျိုး နှင့်ပင် အမြောက်အမြား ထုတ်လုပ်နိုင်သည်။
မိုင်းသည် ရန်သူအား ကောင်းစွာ ဒုက္ခပေးနိုင်သော လက်နက်မျိုး ဖြစ်သည်။ အနှံ့အပြား တွင် တပြိုင်နက်တည်း ပေါက်ကွဲ ပြီး ရန်သူ တပ်သား အယောက် တရာတရာ ခန့်အထိ ထိခိုက် သေဆုံးအောင် လုပ်နိုင်စွမ်း ရှိသည်။
(၅) မျက်နှာသာ မပေးသည့် မြေအနေအထားတွင် စစ်ဆင်ခြင်း
တောတောင် ထူထပ်ခြင်းလည်း မရှိ၊ အသုံးပြုနိုင်သည့် လမ်းများ မရှိသော နယ်မြေများတွင် စစ်ဆင်ရမည် ဆိုက ပုံသဏ္ဍန်သာ ပြောင်းလဲမှု ရှိမည် ဖြစ်ပြီး ပြောက်ကျား စစ်ဆင်ရေး ၏ အခြေခံ သဘောတရား များကို လိုက်နာရမည် ဖြစ်သည်။ ပြောက်ကျား စစ်ဆင်ရေး၏ အရည်အသွေးကို မဟုတ်ဘဲ ပမာဏာကိုသာ ပြောင်းလဲဖို့ လိုအပ်သည်။
ဥပမာ အားဖြင့် ယခင်က ပုံစံမျိုးကိုပင် လိုက်နာရမည် ဖြစ်သော်လည်း ပြောက်ကျား တပ်ဖွဲ့ ၏ ရွေ့လျား နိုင်မှုသည် ထူးချွန် ပြောင်မြောက်ရမည် ဖြစ်သည်။ တိုက်ခိုက်မည် ဆိုက ညအချိန်ကို ရွေးသင့်သည်။ အလွန်လျင်မြန်ပြီး ပေါက်ကွဲသွားသကဲ့သို့ ထိရောက်မှု ရှိရမည်။ ထို့နောက် ပြောက်ကျား များသည် မိမိတို့ စတင် တိုက်ခိုက်သည့် နေရာ မဟုတ်ဘဲ တိုက်ပွဲ ဖြစ်ပွားသည့် နေရာ နှင့် ဝေးနိုင်သမျှ ဝေးမည့် အခြားတနေရာ သို့ ဆုတ်ခွာရပေမည်။ သို့သော်လည်း ရန်သူ ဖက်မှ လုံခြုံ စိတ်ချစွာ စခန်းချ နိုင် လောက်သည့် နေရာ မရှိနိုင်ဟု ယူဆမှသာ ထိုသို့ ဆုတ်ခွာရမည် ဖြစ်သည်။
ပြောက်ကျား တဦးသည် ညအချိန်တွင် ကီလိုမီတာ ၃၀ မှ ၅၀ အတွင်း လျှောက်နိုင်ရမည်။ မိမိတို့ စစ်ဆင်ရေး ဇုံနယ် မြေ အား အနီးကပ် စောင့်ကြည် နေခြင်းမျိူး မရှိခဲ့လျင်၊ ဒေသခံများက မိမိတို့ ချီတက်သွားသည်ကို မြင်၍ သွားရာ လမ်း ကြောင်းကို စစ်တပ်အား သတင်း ပေးမည့် အန္တရာယ်မျိုး မရှိက နေ့အချိန် ရောင်နီလာချိန်မျိုး တွင် ချီတက်ဖို့လည်း ဖြစ်နိုင်သည်။ မည်သို့ပင် ဖြစ်စေ ညအချိန်သည်သာ လှုပ်ရှားဖို့ အကောင်းဆုံး အချိန် ဖြစ်သည်။
ချီတက်ရာ တွင်လည်း အတတ်နိုင်ဆုံး အသံဗလံများ မကြားရအောင် လုပ်နိုင်ရမည်။ အမှောင်သန်းလာစ အချိန်သည် အကောင်းဆုံး ဖြစ်သည်။ သို့သော်လည်း ယေဘုယျ စည်းမျဉ်း များ နှင့် ပတ်သက်၍ ချွင်းချက်များတော့ ရှိနေသည်။ တခါတရံ တွင် အာရုံတက်ချိန်မျိုး ရွေးချယ်ရမည့် အခါမျိုး လည်း ရှိလာနိုင်သည်။
ရန်သူဖက်က မိမိတို့ မည်သို့ မည်ပုံ တိုက်ခိုက်တတ်သည်ကို တွက်ဆတတ်လာသည်အထိ ခွင့်ပြု၍ မဖြစ်၊ စစ်ဆင်ရေး လုပ်မည့် နေရာ၊ အချိန် နှင့် ပုံစံများကို အမြဲတမ်း ပြောင်းလဲပေးဖို့ လိုအပ်သည်။
အထက်တွင် ပြောခဲ့ပြီး ဖြစ်သလို တိုက်ပွဲသည် ရှည်ကြာ၍ မရ၊ လျင်လျင်မြန်မြန် ပြီးဆုံးရမည်။ မိနစ် အနည်းငယ်မျှသာ ကြာမည်ဆိုလျင် အထိရောက် ဆုံး ဖြစ်ပေမည်။ ပြီးသည်နှင့် ချက်ခြင်းလို ဆုတ်ခွာ နိုင်ရမည်။
အသုံးပြုသည့် လက်နက်များသည်လည်း မိမိအတွက် မြေအနေအထားကောင်းသည့် နေရာ နှင့် တူနေ၍ မဖြစ်၊ အော်တိုမက်တစ် သေနတ်များ အသုံးပြုခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ညအချိန် ဖြစ်၍ တည့်မှန်အောင် ပစ်ခတ်နိုင်မှု သည် အခရာမကျ၊ အာရုံစိုက် ပစ်ခတ်ဖို့သာ အဓိက ဖြစ်သည်။ အော်တိုမက်တစ် သေနတ်များ ပို၍ သုံးလေ၊ ရန်သူကို ချေမှုန်း နိုင် ခြေ ပိုများ လေ ပင် ဖြစ်သည်။