နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(6)

by Hla Soewai - Oct 20 2025

နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ (၂)

*************

 

လီယိုပိုး နှင့် လိုဘ် တရားခွင်

 

၁၉၂၄ မေလ ၂၁ ရက် ချီကာဂို၏ နေ့လည်ခင်း အချိန် ဖြစ်သည်။ လူချမ်းသာများ နေထိုင်သော မြို့၏ တောင်ဖက်ခြမ်း ရှိ ကင့်ဝုဒ် တွင် ယောက်ျားလေး များသာ တက်ရသည့် ဟားဗတ် စာသင်ကျောင်း ဆင်းချိန် ဖြစ်သည်။ ကျောင်း၏ နောက်ဖက် ကစားကွင်းထဲတွင် ကျောင်းသားများ ဘေ့စ်ဘော ကစားလျက် ရှိသည်။ 

 

ကစားပွဲ ပြီးသွားသည့် အခါ ညနေ ငါးနာရီ ထိုးပြီ ဖြစ်သည်။ အားလုံးလည်း အိမ်ပြန်ကုန်ကြသည်။ ထိုအထဲတွင် အသက် ၁၄ နှစ်ရှိ ဘော်ဘီ ဖရန့် ဆိုသည့် လူငယ်လေး လည်း ပါဝင်သည်။ ဘော်ဘီသည် ဟားဗတ်ကျောင်းတွင် ပညာရည် အထူးချွန်ဆုံး ကျောင်းသား တဦး ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပတ်တွင် "သေဒဏ် အပြစ်ပေးသင့် မပေးသင့်" ကျောင်းစကားရည်လုပွဲ တွင် ပါဝင်ဆင်နွှဲခဲ့ပြီး ဆန့်ကျင်သည့် ဖက်မှ ပြောဆိုခဲ့သည်။

 

ဘော်ဘီသည် အဲလစ် ရိပ်သာ လမ်း အတိုင်း တောင်ဖက် သို့ ဦးတည်ပြီး လမ်းလျှောက် ပြန်လာခဲ့စဉ်တွင် မြောက်ဖက်သို့ ဦးတည် မောင်းလာသော အစိမ်းရောင် ဝီလီ နိုက် အမျိုးအစား မော်တော်ကားတစီးသည် ‌‌၎င်းအား ဖြတ်ကျော်မောင်းနှင် သွားခဲ့သည်။ ထိုနောက်တွင် ကားသည် ပြန်လှည့်လာပြီး ဘော်ဘီထံ ဦးတည်လာသည်။

 

ကားထဲတွင် ဘေးမှ ထိုင်လိုက်လာသည့် အသက် ဆယ့်ရှစ်နစ် အရွယ်ရှိ ရစ်ချတ် လို့ဘ် သည် ဘော်ဘီ အား လှမ်းအော်ခေါ် လိုက်သည်။ သူက ဘော်ဘီ အား ကားထဲဝင်ထိုင်ဖို့ ဖိတ်ခေါ်လိုက်သည်။ ဘော်ဘီ သုံးသော တင်းနစ် ရိုက်တံ အကြောင်း မေးချင်၍ ဟု ဆိုသည်။

 

ဘော်ဘီလည်း ရှေ့ခုံတွင် ဝင်ထိုင်လိုက်သည်။ ကား မောင်းသူသည် အသက် ဆယ့်ကိုးနှစ်ရှိ နေသန် လီယိုပိုး ဖြစ်သည်။ ဘော်ဘီ ကားထဲ ဝင်ထိုင်လိုက်သည်နှင့် လီယိုပိုး သည် အသံမြည်အောင် လီဗာ ကို ဖိနင်းလိုက်ပြီး နောက်ခုံတွင် ထိုင်နေသော လိုဘ်က ဘော်ဘီ အသံမထွက် နိုင်အောင် လည်ပင်းကို ညှစ်ထားလိုက်သည်။ တဆက်တည်း လိုလို ဘော်ဘီ၏ ခေါင်းအား ဆောက် နှင့် ဒလစပ် ထုနှက်ခဲ့သည်။

 

 ခေတ္တခဏ မျှ ရုန်းရင်းဆန်ခတ် ဖြစ်သွားပြီး နောက် လိုဘ်သည် ဘော်ဘီ ခန္ဓာကိုယ်အား ကား နောက်သို့ ဆွဲယူနိုင်လိုက်ပြီး အသက်ရှု ကျပ်အောင် ဖိထားလိုက်ပြန်သည်။

 

လီယိုပိုး နှင့် လို့ဘ် သည် ဘော်ဘီ ဖရန့်အား သတ်ရန် အကြံဖြင့် ထွက်လာခဲ့ကြခြင်း မဟုတ်၊ ဘော်ဘီ နှင့်လည်း မည်သည့် ရန်ညှိုးရန်စမျှ မရှိခဲ့၊ ၎င်းတို့ စိတ်ထဲတွင် ရာဇဝတ်မှု တခုကို အကွက်ကျကျ စီမံကျူးလွန်ချင်သည့် အတွေး မျိုး သာ ရှိသည်။ ဘော်ဘီသည် အသွားမ‌တော် တလှမ်း ဒုက္ခ ရောက်သွားခဲ့ခြင်းသာ ဖြစ်သည်။

 

ဘော်ဘီ ဖရန့် အသတ်ခံခဲ့ရမှုသည် တနိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့သည်။ လီယိုပိုး နှင့် လို့ဘ် အား ကြိုးစင်မှ ကယ်တင်ပေးရမည့် တာဝန်သည် ထိုအချိန်က အမေရိကန် တွင် အကျော်ကြားဆုံး တရားခံ အကျိုးဆောင် ရှေ့နေ ကြီး ကလဲရင့်စ် ဒဲရိုးထံ ကျရောက်လာခဲ့သည်။

 

ဒဲရိုးသည် ဆယ်နှစ်နာရီကြာမျှ အစွမ်းကုန် ခုခံ လျှောက်လှဲ တင်ပြခဲ့သည်။ လျှောက်လှဲချက်သည် ဗလုံးဗထွေးနှင့် အစီအစဉ် တကျ မရှိသော်လည်း အမေရိကန် တရားရုံး တခု တွင် သေဒဏ် ပေးသည်ကို ဆန့်ကျင် တိုက်ခိုက်ခဲ့သည့် များထဲတွင် ထိရောက် ပြောင်မြောက်စွာ အချက်ကျကျ အပြောနိုင်ဆုံး အဖြစ် ထင်ရှားသွားခဲ့သည်။

 

ကဗျာနှင့် စကားပြေ၊ သိပ္ပံပညာနှင့် စိတ်ခံစားမှု၊ လောကဓံကြောင့် မောပန်းနေသည့် သံသယစိတ်နှင့် သူ လုပ်‌ နေသည့် အကြောင်းရင်းအပေါ် စွဲစွဲမြဲမြဲ ဆောင်ရွက်လိုစိတ်၊ သွေးဆာမှုကို မုန်းတီးခြင်းနှင့် လူသားကို ချစ်မြတ်နိုးခြင်းတို့ကို ရောစပ်ကာ ဒဲရိုး သည် ယနေ့ခေတ် ပြစ်မှုဆိုင်ရာ တရားခွင်တစ်ခုတွင် စိတ်ကူးပင် မယဉ်နိုင်တော့သည့် စကားပြောအနုပညာ ခရီးတစ်ခုသို့ နားဆင်သူ ပရိသတ်ကို ခေါ်ဆောင်သွားနိုင်ခဲ့သည်။

 

ဒဲရိုး၏ အကောင်းဆုံး စွမ်းဆောင်မှု မရှိခဲ့လျင်ပင် လီယိုပိုး နှင့် လိုဘ် တရားခွင် သည် "ရာစုနှစ်၏ တရားခွင်" ဟု သတ်မှတ် နိုင်လောက်သည့် အချက်များ ရှိနေသည်။ ချီကာဂို မှ ထင်ရှားသော လူဂုဏ်တံ မိသားစု ၏ သားဖြစ်သူ ကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့မှု အပေါ် အများက အထူးစိတ်ဝင်တစားနှင့် သိချင် နေကြသည်။

 

ထိုသို့ အထူးတလည် စိတ်ဝင်စားနေကြသည်က ပညာတတ် လူငယ် ‌လေး နှစ်ဦး လူသတ်သမား ဖြစ်လာပုံ၊ ၎င်းတို့ နှစ်ဦးကြား ထူးဆန်းသော ဆက်ဆံရေး၊ "ဘုရားသခင်၏ အစွမ်း" ဟုပင် ပြော၍ ရလောက်အောင် တရားခံများ ကို ဖမ်းဆီးနိုင်ရန် ‌ဦးတည်စေခဲ့သည့် အဖြစ်အပျက်များ၊ စိတ်ရောဂါကု ပညာရှင်များ အပြန်အလှန် ငြင်းခုံခဲ့ကြမှုများ၊ ထိုလူငယ်များကို သေဒဏ်ပေးရန်အထိ စိတ်ပိုင်းဖြတ်ထားသော ပြောင်မြောက်သော စကားလုံးများဖြင့် လျှောက်လှဲနေသည့် အစိုးရ ရှေ့နေ တဦး အစရှိသည့် အကြောင်းများ ကြောင့် ဖြစ်သည်။

 

၁၉၂၄ တွင် တနိုင်ငံလုံး အတိုင်းအတာ ဖြင့် အမှု ကို စိတ်ဝင်စားလာရသည်က ရစ်ချတ် လိုဘ် ၏ ဆန်းဆန်းပြားပြား စိတ်ကူးများ သိလာရ၍ ဖြစ်သည်။ လိုဘ်သည် ရုပ်ရည် ချောမောပြီး လူသိများ သူလည်း ဖြစ်သည်။ ဖခင်သည် Sear ကုမ္ပဏီ၏ အမှု ဆောင် တဦး ဖြစ်သည်။ လိုဘ် သည် မှုခင်းများ ကို လေ့လာရသည် ကို အထူးတလည် စွဲလမ်း နှစ်ခြိုက်သူ ဖြစ်သည်။ မီချီဂန် တက္ကသိုလ် မှ အသက်အငယ်ဆုံး ဘွဲ့ရ တဦး ဖြစ်လာနိုင်သည် အထိ ပညာရေး တွင် ထူးချွန် ထက်မြက်သူတဦး ဖြစ်နေသော်လည်း လိုဘ် သည် စုံထောက် ဝတ္ထုများကိုသာ စွဲစွဲလမ်းလမ်း ဖတ်ရှုတတ်သည်။ ဖတ်ယုံနှင့် အားမရပဲ သူကိုယ်တိုင် ပြစ်မှု တခုကို စနစ်တကျ အကွက်ချပြီး ကျုးလွန်ရန် ကြံစည်လာခဲ့သည်။

 

သို့သော် လိုဘ်သည် ခိုးမှု နှင့် အိမ်များကို မီးရှို့သည့် အမှု များသာ ကျုးလွန်ခဲ့သည်။ လိုဘ်သည် မည်သူတဦး တယောက်ကိုမျှ ကိုယ်ထိ လက်ရောက် ထိခိုက် ဒဏ်ရာရအောင် လုပ်ခဲ့ခြင်း မရှိပေ။ လိုဘ် သည် ထို ပြစ်မှု ကို ကစားပွဲ တခုလို သဘောထားခဲ့ပြီး ထို့ထက်ပို၍ စိတ်လှုပ်ရှားစရာ ဖြစ်လာမည့် အကြောင်းအရာ များကို ရှာဖွေလာခဲ့သည်။ မည်သူမျှ မဖေါ်ထုတ် နိုင်မည့် ရာဇဝတ်မှု မျိုးကို ကျုးလွန်ချင်လာမိသည်။

 

လိုဘ်၏ အကြံအစီ များ တွင် စိတ်မပါ လက်မပါ ပါဝင်ခဲ့ရသူက နေသန် လီယိုပိုး ပင် ဖြစ်သည်။ လီယိုပိုးသည် ထက်မြက်သူ တ‌ဦး ဖြစ်သော်လည်း ဖာသိဖာသာ နေတတ်ပြီး ဆက်ဆံရသည်မှာ ခွတီးခွတ နိုင်သူ လည်း ဖြစ်သည်။ အသက်အားဖြင့် ဆယ့်ကိုးနှစ်သာ ရှိသေးသော်လည်း ချီကာဂို တက္ကသိုလ် တွင် တက်ရောက် ပညာသင်ကြားလျက် ရှိသည်။ ၁၉၂၄ နွေဦး တွင် ဟားဗတ် တက္ကသိုလ် ဥပဒေ ဘာသာရပ်ကို တက်ရောက်ခွင့်ရခဲ့‌၍ ဆောင်းဦးပေါက်သည် အထိ သင်ကြားခဲ့သည်။

 

ကင်းဘရစ်ခ်ျ သို့ မရွှေ့ပြောင်းမီ နွေရာသီ အတွင်း ဥရောပ သို့ မိသားစု နှင့် အတူ အပန်းဖြေ ခရီးထွက်ရန် စီစဉ်ထားသည်။ လီယိုပိုး၏ အိမ်သည် ဂရင်းဝုဒ် ရိပ်သာလမ်း တွင် ရှိ၍ ဘာရက် အိုဘားမား နှင့် မစ်ချယ် တို့ နေသည့် အိမ်နှင့် တလမ်းသာ ခြားသည်။ နေသန် လီယိုပိုးသည် ငှက်များ အကြောင်း လေ့လာသည့် သကုဏဗေဒ၊ ဒဿနိက ဗေဒ ကို စိတ်ဝင်စားပြီး ထို့ထက် ပိုပြီး စိတ်ဝင်စား‌ နေသည်က လိုဘ် ကို ပင် ဖြစ်သည်။၊ နေသန်သည် လိင်တူခြင်း စိတ်ဝင်စားသူ ဖြစ်သော်လည်း လိုဘ်က တော့ သူ့လို မဟုတ်ဟု ယုံကြည်ရသည်။

 

၎င်းတို့ နှစ်‌ဦးစလုံးသည် ဖရီးဒရစ်ခ်ျ နီချယ်၏ အတွေး အခေါ်များကို လေ့လာလိုက်စားခဲ့ကြသည်။ နီချယ်သည် နှစ်ဆယ်ရာစု နှစ် အစောပိုင်း ပညာတတ် လောက ကို ဩဇာ လွှမ်းနိင်ခဲ့သူ ဖြစ်သည်။ ၎င်း၏ Beyond Good and Evil ကဲ့သို့ စာအုပ်တွင် ပါရှိသည့် အတွေးအခေါ် အယူ အဆများ အား ချီကာဂို တက္ကသိုလ် ကဲ့သို့ နေရာများတွင် အကြိတ်အနယ် ငြင်းခုံဆွေးနွေး စရာ ဖြစ်လာသည်။ ချီကာဂို တက္ကသိုလ် ဆိုသည်ကလည်း လီယိုပိုး၊  လိုဘ် နှင့် အသတ်ခံခဲ့ရသည့် ဖရန့်တို့ နေသည့် ရပ်ကွက်မှ လမ်းလျောက်သွားယုံ ဖြင့် ရောက်သည့် နေရာမျိုး ဖြစ်သည်။

 

လီယိုပိုး နှင့် လိုဘ် တို့ နှစ်ဦးစလုံးသည် နီချယ်၏ ကိုယ်ကျင့်တရားပိုင်း သတ်မှတ်ချက်များအား ဝေဖန်ထားသည် များကို သဘောကျနေကြသည်။ ၎င်းတို့ အဖို့က နီချယ်၏ ဆူပါမင်း အယူအဆ ဖြစ်သည့် လူအများစု လိုက်နာရသည့် ဥပဒေ နှင့် ဆိုင်သည့် တာဝန်များ၊ ဝတ္တရားများသည် ၎င်းတို့လို ထူးချွန်ပြီး သာမန် လူတွေထက် မြင့်မားသည့် ဆူပါမင်း အဆင့် ရောက်အောင် လုပ်နေသူများ နှင့် မသက်ဆိုင်၊ ချုပ်ကိုင်ထား၍ မရဟု ယူဆထားကြသည်။

 

၎င်းတို့ နှစ်ဦး အကြား ဆက်ဆံရေးသည်လည်း အဖုအထစ်များ ရှိနေပြီး မုန်တိုင်းထန်ခဲ့သည်။ ထိုသို့သော ထူးဆန်းသည့် ဓါတ်မှီ သ‌ဘောသဘာဝ ကြောင့်သာ ၎င်းတို့ နှစ်ဦးသည် သီးသန့်နေခဲ့ပါက လုပ်ဖြစ်မည် မဟုတ်သော အရာတခု ကို ပူးပေါင်း လုပ်ခဲ့ကြခြင်းသာ ဖြစ်ပေမည်။

 

မည်သို့သော ရည်ရွယ်ချက် ဖြင့် ဘော်ဘီ ဖရန့်ကို သတ်ဖြတ်ခဲ့ သည် ဆိုသည်ကား သဲသဲကွဲကွဲ မသိရ ဖြစ်နေသည်။ လီယိုပိုးသည် လိုဘ် အား စွဲလမ်းနေမှု ကြောင့်သာ ပါဝင်ကျုးလွန်ခဲ့ခြင်း ဖြစ်သည်ဟုတော့ ပြောနိုင်သည်။ လီယိုပိုးက နောက်ပိုင်း ရေးသားခဲ့ရာတွင် လိုဘ်နှင့် ဆက်ဆံရေး တည်မြဲနေဖို့ကား သူ့အတွက် မရှိမဖြစ် ကို လိုအပ်နေသည်ဟု ဆိုသည်။ သူ ကျူးလွန်ခဲ့ရသည်မှာလည်း လိုဘ် စိတ်ကျေနပ်စေဖို့ သက်သက်သာ ဖြစ်သည်ဟု ဆိုသည်။

 

လိုဘ် ကမူ ရာဇဝတ်မှု သည် သာမန် နေ့တဒူဝ နေထိုင်လာရသည့် ဘဝမှ လွတ်မြောက်ပြီး စိတ်လှုပ်ရှားစရာ၊ စိတ်ဝင်စားစရာလည်း ကောင်းသည့် ဉာဏ် ရည် ဉာဏ် သွေး နှင့် ဆိုင်သည့် လေ့ကျင့်ခန်း တခုဟု ယူဆထားသည်။

 

ရာဇဝတ်မှု တွင် လီယိုပိုး ပါဝင်ခဲ့သည့် အတွက် အပြန်အလှန် အနေဖြင့် လိုဘ်သည် လီယိုပိုး၏ လိင်စိတ်ကို ဖြည့်ဆည်းပေးခဲ့သည်။

 

လိုဘ် စိတ်ထဲတွင်တော့ ပြစ်မှု တခု ကို ခြေရာလက်ရာ မကျန်အောင် ကျုးလွန် နိုင်ဖို့က လူသတ်မှု သာ အလိုအပ်ဆုံး မှုခင်း ဖြစ်သည်ဟု ယူဆထားသည်။ ၎င်းတို့ နှစ်ဦးစလုံးလည်း လပေါင်း အတန်ကြာအောင် အပြန်အလှန် ခေါင်းခြင်းဆိုင် တိုင်ပင်ခဲ့ကြသည်။ ထိုအထဲတွင် လူဂုဏ်တန် သားသမီး တယောက်ယောက်ကို ပြန်ပေးဆွဲဖို့လည်း ပါဝင်သည်။ ကလေးကို ပြန်ပေးဆွဲပြီးက ငွေတောင်းဖို့လည်း စီစဉ်ခဲ့ကြ သည်။ ငွေရပြီးပါက ကလေးကို သတ်ပစ်ရမည်ကိုတော့ နှစ်ဦးစလုံး သဘောမတွေ့ ဖြစ်လာသည်။ သတ်ပစ်ဖို့က မလုပ်မဖြစ် လိုအပ်လာသည်။ သို့မှသာ နောက်ပိုင်း ပြန်ပေးဆွဲသူ မည်သူမည်ဝါ ဆိုသည်ကို သက်သေမခံနိုင်မည် ဖြစ်သည်။ 

 

ဤသို့ဖြင့် လိုဘ်၊ လီယိုပိုး တို့နှင့် အသိမိတ်ဆွေ ဖြစ်ခဲ့သော ဘော်ဘီ ဖရန့် ဆိုသည့် ချာတိတ်က‌လေးသည် တကယ်တမ်းတွင် မရည်ရွယ်ဘဲ သားကောင်ဘဝ ရောက်ရှိသွားသူ ဖြစ်ခဲ့ရသည်။ ဖရန့်ကို သတ်ပြီးနောက် ငှားလာသည့် ကားကို အင်ဒီယန်း ပိုင်နက် နှင့် ထိစပ်နေသော စိမ့်မြေတောကြီး ရှိရာသို့ မောင်းလာခဲ့ကြသည်။ ကား၏ နောက်ခန်းမှ အလောင်းကို ဆွဲထုတ်လိုက်ကြပြီး မြေအောက် ရေနုပ် ပိုက်လိုင်း ရှိရာ သို့ သယ်လာခဲ့ကြသည်။ ဖရန့်၏ အဝတ်အစား များကို ဆွဲချွတ်ပြီး မည်သူ မည်ဝါ မှန်း မသိအောင်ခန္ဓာကိုယ်အား ဟိုက်ပိုကလိုရစ် အက်စစ်ဖြင့် နေရာ အနှံ့ ပက်ဖျန်းပြီး ရေနုပ် ပိုက်လိုင်းထဲ ထိုးထည့် ခဲ့သည်။