ကိုယ့် နိုင်ငံ တွင် ကိုယ့်ဖာသာ လုပ်သည့် ရွေးကောက်ပွဲ ကို လိပ်ပြာလုံကြေး ဆိုလျင် ဘယ်သူကတော့ ထောက်ခံသည်၊ ဘယ်သူကတော့ အသိအမှတ် ပြုသည်၊ ထိုသို့ အသိအမှတ် ပြုသည်ဟု ပါးစပ်က ထုတ်မပြောလျင် တဖက်လှည့် နှင့် လေ့လာစောင့်ကြည်သူ များ လွှတ်ပေးပါဟု ပြောနေဖို့ လိုပေမည်နည်း။
ဗိုလ်စောမောင် ၏ ၁၉၉၀ ရွေးကောက်ပွဲ၊ ဗိုလ်သန်းရွှေ၏ ၂၀၁၀ ရွေးကောက်ပွဲ၊ ဗိုလ်သိန်းစိန်၏ ၂၀၁၅ ရွေးကောက်ပွဲ များ တွင် ထိုကဲ့သို့ ပြာယာခတ်နေသည်မျိုး တခါမှ မတွေ့ဘူး၊ မကြားဘူးပေ။
မင်းအောင်လှိုင် လုပ်သည့် ရွေးကောက်ပွဲ တွင် တော့ ဣန္ဒြေ မရ ဖြစ်နေသည်မှာ မမြင်ချင်မှ အဆုံး၊ ငါလုပ်သည့် ရွေးကောက်ပွဲ၊ ငါကြိုက်သည့် လူသာ ပါရမည်၊ ငါ့လူတွေပဲ နိုင်ရမည်၊ ဝေဖန်လျင် ထောင်ထဲ ထည့် ပစ်မည်၊ ဘယ်သူမှ အသိအမှတ် မပြုလဲ ဘာအရေးလဲ၊ မြို့ ပေါင်း တရာ ခန့် တွင် လုပ်ပြ ပြီးလျင် ငါသမ္မတ တက်လုပ်မည်၊ ဘယ့်သကောင့်သားကို ဂရုစိုက်နေရမည်နည်း၊ ဘာမဆို လုပ်ရဲသူက အခု မှ ကြောက်နေရပေသနည်း။
မြန်မာပြည် လူမိုက်တို့၏ ဗိုလ်တကာ့ ဘုရင် အဖြစ် ခံယူထားသည့် သိက္ခာကို မငဲ့ကွက်တော့ဘူးလော။
ယခုတော့ တရုတ် သံတမန် ဆိုသူကိုလည်း မျက်နှာ အောက်ချရ၊ ရုရှားက ညွှန်ချုပ်၊ ကုမ္ပဏီ ပိုင်ရှင်များကိုလည်း မျက်နှာချိုသွေး ဧည့်ခံရ။
ထိုကဲ့သို့ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ် ဝန်ကြီးချုပ်၊ ဖိလစ်ပိုင်၊ လာအို သမ္မတ တို့ လုပ်မည်လော၊
ငါ့ကို အသိအမှတ် ပြုကြသည်ဆိုကာ ဝမ်းသာအယ်လယ် ဖြစ်နေပုံက မြင်ရသည်နှင့်ပင် ရှက်ဖို့ ကောင်းနေသည်။
နကိုယ်ကတည်းက စိတ်ဓါတ်ပိုင်းဆိုင်ရာ မလုံခြုံမှု များကြောင့် အာဏာသိမ်းခဲ့သည့် မင်းအောင်လှိုင်သည် ဒီမိုကရေစီ ဆိုသည့် ကယောင်ကတမ်း အပြောများ ဖြင့် ဆက်၍ အုပ်ချုပ်သွားရန် ကြံစည်နေခြင်း ဖြစ်သည်။ ၎င်းသည် နိုင်ငံရေး တွင် ဘေးရောက်သွားမည် ဆိုက ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး ကဲ့သို့ ကြမ္မာဆိုး နှင့် ကြုံရမည်ကိုလည်း သေမလောက် ကြောက်ရွံ့နေသူ ဖြစ်သည်။
ယခုပင် ကုလသမဂ္ဂ ခန့်အပ်ထားသော ကျွမ်းကျင်သူ ၁၂ ဦး မှ ကမ္ဘာတဝှမ်း ရှိ အစိုးရများအား စစ်အုပ်စု လုပ်မည့် ရွေးကောက်ပွဲ ကို အသိအမှတ် မပြုဖို့ တောင်းဆိုသည့် ကြေညာချက်ကို ထုတ်ပြန်လိုက်သည်။ ဤသည်ကပင် ထို ရွေးကောက်ပွဲကို ကမ္ဘာ တခုတည်းသော အမြင့် ဆုံး အဖွဲ့အစည်းကြီးက ပယ်ချလိုက်ခြင်းပင် မဟုတ်ပါလော။
အလားတူ မလေးရှားတွင် ရောက်ရှိနေသော ဥရောပ နိုင်ငံပေါင်း ၂၇ နိုင်ငံ ကိုယ်စားပြု အီးယူ ခေါ် ဥရောပ သမဂ္ဂ ကြီး၏ လူ့အခွင့် အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ်ကလည်း အီးယူအနေဖြင့် အသိအမှတ် ပြုမည် မဟုတ်ဟု ထုတ်ဖေါ် ပြောဆို သွားခဲ့ပြီ ဖြစ်သည်။
အိမ်နီးခြင်း နိုင်ငံများ နှင့် အာဆီယံ အနေဖြင့် မြန်မာ အား အမှန်တကယ် လမ်းကြောင်း ပြောင်းလာအောင် တွန်းအား ပေးသင့်သည်ဟု တိုက်တွန်းသွားသည်။
အိန္ဒိယ နှင့် တရုတ်တို့ ထောက်ခံသည် ဆို၍ ကမ္ဘာလူဦးရေ သုံးပုံတပုံက ထောက်ခံသည်ဟု ကြံဖန် ဂုဏ်ယူ ပြောချင်လျင် တော့ ပြော၍ ရနေ ပေသေးသည်။
အိန္ဒိယ ရှိ Vivekananda International Foundation ၏ ထုတ်ပြန် သော ပညာရှင်များ စာတမ်း တွင် ယခုလို ဖေါ်ပြထားသည်။
ရွေးကောက်ပွဲ လုပ်မည့် ၂၀၂၅ နှစ်ကုန်ပိုင်း တွင် စစ်အုပ်စု မှ နိုင်ငံ၏ ငါးပုံ တပုံခန့်သာ ထိထိရောက်ရောက် အုပ်ချုပ် နိုင်စွမ်း ရှိနေသည်။ ကျန်အပိုင်းများသည် တော်လှန်ရေး တပ်များ ထိန်းချုပ်ထားသည်များ နှင့် နှစ်ဖက် အပြန်အလှန် တိုက်ခိုက်နေကြသည်များ နှင့် ရောထွေးနေသည်။
ထိုသို့ အခြေအနေမျိုး တွင် ရွေးကောက်ပွဲ ပြုလုပ်ခြင်းသည် လူထုအား ပါဝင်ခွင့် ပေးဖို့ထက် ၎င်းတို့ မထိန်းချုပ် နိုင် တော့သော ဒေသများမှ လူထု ပါဝင်ခွင့် မရအောင် ဘေးဖယ် ထုတ်ထားဖို့သာ ရည်ရွယ်နေခြင်း ဖြစ်သည်။
ရွေးကောက်ပွဲသည် ဒီမိုကရေစီ ဖြင့် နိုင်ငံသားများကို အာဏာ အပ်နှင်းရန် မဟုတ်၊ ပြည်ပ နိုင်ငံများက ၎င်းတို့အား တရားဝင် အုပ်ချုပ် ပိုင်ခွင့် ရှိသူများ အဖြစ် ထင်မြင်လာစေရန် ရွေးကောက်ပွဲအား ဒီမိုကရေစီ ဗန်းပြထားသည့် သံတမန် ရေးအရ လှည့်ဖျားနိုင်မည့် လက်နက် ကိရိယာ အဖြစ် အသုံးချလာခြင်းသာ ဖြစ်သည်။
၎င်းတို့၏ ကြိုးပမ်းမှု တွင် မြန်မာ ပြည်သူများအား ထည့်သွင်းစဉ်စားခြင်း အလျင်းမရှိ၊ ကမ္ဘာအင်အားကြီး နိုင်ငံများက ပုံဖေါ်လာသည့် ဘူမိနိုင်ငံရေး ပြိုင်ပွဲကြီးတွင် စစ်ခေါင်းဆောင်များက အပေးအယူ လုပ်နိုင်စရာ အဖြစ် အသုံးတော် ခံလာခြင်းသာ ဖြစ်သည်။
နိုင်ငံ၏ အနာဂတ်သည် ၎င်းတို့ စင်တင်လာသည့် ရွေးကောက်ပွဲ ဖြင့် အဆုံးအဖြတ် ပေးမည် မဟုတ်၊ အစိတ်စိတ် အမွှာမွှာ ကွဲပြားနေသည့် မြန်မာ လူ့အဖွဲ့အစည်း သည် အချိန်တန်လျင် ၎င်းတို့အပေါ် အုပ်ချုပ်နေသူ များ နှင့် ကျောထောက်နောက်ခံ ပေးနေသည့် ပြင်ပ အင်အားကြီး နိုင်ငံများထံမှ နိုင်ငံရေး လုပ်ပိုင်ခွင့် ကို ပြန်လည် ရယူနိုင်ခြင်း ရှိမရှိ အပေါ် မူတည်နေသည်။
လောလောဆယ် တွင် တော့ စစ်အုပ်စုသည် ပြည်သူများ၏ ဆန့်ကျင်တွန်းလှန်မှု၊ ဘေးဖယ်ထုတ် ခံနေရမှု နှင့် ကြာညောင်းလာသည့် စစ်ပွဲဒဏ်များ ရိုက်ခတ်ခံနေရပြီ ဖြစ်သည်။
၂၀၂၅ ရွေးကောက်ပွဲသည် စစ်အုပ်စု အနေဖြင့် လက်ရှိ စစ်ပွဲကို ပြတ်ပြတ်သားသား အနိုင်ရမည် မဟုတ် ဆိုသည်ကို တဖက်လှည့် နှင့် ဝန်ခံလိုက်ခြင်း ဖြစ်သည်။ ထို့အတွက် မင်းအောင်လှိုင်၏ ထောက်လှန်းရေး သုတေသီများက ရှေ့လျောက် လက်နက် နှင့် အာဏာ ရယူထားသည့် ပုံစံမျိုး မဖြစ်စေဘဲ မဲပုံးများကို မဟာဗျူဟာမြောက် မျက်နှာဖုံး တခု အဖြစ် အကာအကွယ် ယူလာခြင်းသာ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!