ဂျာမဏီ တနိုင်ငံလုံး ကသောင်းကနင်း ဖြစ်လာနေသည်။ မဟာမိတ်တပ်များ၏ လေကြောင်း နှင့် လက်နက်ကြီးများ နှင့် တိုက်ခိုက်ခဲ့မှု ကြောင့် မြို့ကြီးများ နှင့် ဆိပ်ကမ်းများသည် အုတ်ပုံဘဝ ရောက်ကုန်သည်။ သောက်ရေ၊ သုံးရေ နှင့် လျပ်စစ်မီး ဆိုသည်များလည်း မရှိတော့၊ အစားအသောက် နှင့် ကျွဲနွားတိရစ္ဆာန်များလည်း မဆိုသလောက်သာ ကျန်တော့သည်။
အမှိုက်ပုံများ နှင့် လူ့မစင်များ၊ ယခုတိုင် ရှင်းလင်း ဖယ်ရှားခြင်း မပြုနိုင်သေး၍ ပုတ်သိုးနေသော အလောင်းများ နေရာအနှံ့ ရှိနေ၍ အသက်ပြင်းပြင်းပင် မရှုရဲအောင် ဖြစ်နေသည်။ အမေရိကန် နှင့် ဗြိတိသျှ တပ်များက ဂျာမဏီ တနိုင်ငံလုံးတွင် အိုးအိမ်စွန့်ခွာ ပြေးလွှားနေသူများကို စောင့်ရှောက်ပေးနေကြရသည်။ သွားစရာ လာစရာမရှိ ဖြစ်နေသူများ အတွက် နေဖို့ ထိုင်ဖို့ စခန်းများ ဆောက်ပေးပြီး ကျွေးမွေးထားရသည်။
နောက် ခြောက်လ အတွင်း ခန့်မှန်းခြေအားဖြင့် သန်း နှစ်ဆယ်ခန့် ရှိသော လူများသည် ဥရောပ ကုန်းမြေ ကြီး ပေါ်တွင် ခြေဦးတည့်ရာ သွားလာနေကြတော့မည် ဖြစ်သည်။ ဆောင်းရာသီ မဝင်ခင် မူရင်းနေရပ်သို့ အရောက် ပြန်နေကြခြင်းလည်း ဖြစ်၏။ ယခုလို သွားလာ နေကြသည်ကား ရာစု နှစ် ပေါင်းများစွာ ဥရောပ တခွင်တွင် စစ်ပွဲ ပြီးဆုံးသွားသည့် အခါတိုင်း တွေ့နေကျ မြင်ကွင်းမျိုးလည်း ဖြစ်သည်။
အိမ်သို့ ပြန်နေသည့် စစ်သားများ၊ စစ်သုံ့ပန်း ဖြစ်ခဲ့သူများ မိဘ ဆွေမျိုး ချစ်သူများထံ အရောက်ပြန်ဖို့ ရောထွေးသွားလာနေကြသည်။ ဒုတိယ ကမ္ဘာစစ်ကြီးသည်လည်း ထို့အတူပင် ဖြစ်သည်။ ဂျာမန် စစ်သားများသည် ပိုလန်၊ ရုရှား စစ်သုံ့ပန်း ဖြစ်ခဲ့သူများ နှင့် လမ်းများပေါ်တွင် ရောထွေးနေသည်။
သို့သော် မတူသည့် အချက်တော့ ရှိပေသည်၊ နာဇီ တို့သည် ဂျူး မျိုးနွယ်စု တစုလုံးအား အပြီးအပိုင် သုတ်သင်နိုင်ရန် ကမ်ပိန်းကြီး ဆင်နွှဲခဲ့ကြခြင်း ဆိုသည်ပင် ဖြစ်သည်။ ထို့အတွက် လမ်းများ ပေါ်တွင် သေမင်းတမန် သုံးပန်း စခန်းများ မှ လွတ်မြောက်လာသူများ ပါဝင်လာသည်။ အရိုးပေါ် အရေတင် ခန္ဓာကိုယ် နှင့် အရှက်လုံအောင် ဝတ်ဆင်ထားသည်များကို ကြည့်ပြီး အလွယ်တကူပင် ခွဲခြား နိုင်ပေသည်။
စစ်ကြီး အပြီး တွင် displaced persons (DP) နေရပ်စွန့်ခွာရသူများ အဖြစ် မဟာမိတ်များမှ စတင် ခေါ်ဝေါ် သုံးစွဲခံခဲ့ရသော ဂျူးများသည် မချိမဆံ ခံစားနေကြရင်းက အိမ်ပြန် ခရီးလမ်းကို လျှောက်လှမ်းနေကြရခြင်း ဖြစ်သည်။ ၎င်းတို့ အတွက် ရှေ့တွင် ဘာဖြစ်လာမည်ကိုလည်း ကြိုတင် သိနိုင်စွမ်း မရှိကြ။ ပထမ ဦးစွာ ဂျာမန် များ၊ ယခုအခါ အရှေ့ဖက်ခြမ်း မှ ချဉ်းကပ်လာနေကြသည့် ရုရှားများ သည် ၎င်းတို့၏ အိုးအိမ် နှင့် ပိုင်ဆိုင်သမျှ ကို လုယက်ယူငင်နေကြပြီ ဖြစ်သည်။ (မဟာမိတ် များက မိမိနိုင်ငံ နယ်နမိတ် ပြင်ပတွင် ရောက်ရှိနေသူ များကို DP အဖြစ် စတင်သတ်မှတ်ကြပြီး ဒုက္ခသည်များ ဆိုသည်ကိုမူ မိမိနိုင်ငံ အတွင်း အိုးအိမ်မဲ့ ဖြစ်နေသူများဟု ခွဲခြား သတ်မှတ်ခဲ့ကြသည်။)
နှစ်ပေါင်း လပေါင်းများစွာ အဖမ်းဆီးခံ ဘဝ နှင့် နေခဲ့ကြရပြီးနောက် ဂျုး အချို့သည် လက်စားချေရန် အခွင့်အလန်းကို မျှော်လင့်နေကြသည်။ ထို့အတွက်ကြောင့် သေမင်းတမန် သုံ့ပန်းစခန်း များမှ အသက်မသေဘဲ လွတ်မြောက်လာသူ များသည် သတိမမူ မေ့မေ့လျော့လျော့ ဖြင့် လမ်းလျောက် ခရီးနှင်လာကြခြင်း တော့မဟုတ်၊ ၎င်းတို့ နှင့် အတူသွားလာနေသည့် ဂျာမန် အမျိုးသား၊ အမျိုးသမီး များကို မျက်လုံးဒေါက်ထောက် အကဲခတ်လာကြသည်။ ထိုခရီးသွားများထဲတွင် ၎င်းတို့ မှတ်မိနေသည့် အကျဉ်းထောင်စောင့် အစောင့်များ ပါမပါကို ရှာဖွေ နေကြခြင်း ဖြစ်သည်။ တွေ့သည်နှင့် ချက်ခြင်း လက်ငင်း ရက်စက်စွာ လက်စားချေနိုင်ရန် စိတ်စောနေကြသည်။
**********************
ဂျာမန် လူ့အဖွဲ့အစည်း တခု လုံး စစ်ကြောင့် အလဲလဲ အပြိုပြို ဖြစ်သွားခဲ့မှု သည် လူတိုင်း ကြောက်ရွံ့ခဲ့ကြသည့် SS များ အတွက် အထောက်အကူ ပေးသလို ဖြစ်လာခဲ့ပြီး ယခုအခါ ဒုက္ခသည်များ အကြား ဝင်ရောက် ရောနှော ကိုယ်ယောင် ဖျောက် သွားနိုင်လာပြီ ဖြစ်သည်။
သို့သော် ဟင်းနရစ်ခ်ျ ဟင်မလားသည် ထိုသို့ လူအုပ်ကြားထဲ မထင်မရှား သွားနိုင်သည့် လူစားမျိုး မဟုတ်။ မှတ်တမ်းရုပ်ရှင်များ၊ ဓါတ်ပုံများ တွင် အမြဲပါနေကျ ဖြစ်၍ အားလုံး က မြင်လျင် မှတ်မိနေသည့် ဗျူရိုကရက် ကြီး ဖြစ်သည်။ ၎င်းအား ဖမ်းမိသွားလျင် ကျုးလွန်ခဲ့သော ပြစ်မှု များ အတွက် သေချာ ပေါက် ရုံးတင် တရားစွဲ ခံရဖို့က သေချာနေပေသည်။
ဟင်မလားသည် အသက် လေးဆယ့် လေးနှစ် ရှိပြီ ဖြစ်သည်။ ဇနီး အပြင် အငယ်အနှောင်းတဦး လည်း ရှိသည်၊ ထို အမျိုးသမီး တဦးစီ မှ ကလေး နှစ်ဦးစီနှင့် စုစုပေါင်း သားသမီး လေးဦး ရှိနေသည်။ အရပ်အားဖြင့် ငါးပေ ကိုးလက်မ ရှိပြီး ပိန်ပိန်ပါးပါး ဖြစ်သည်။ မေးစေ့ က အားမရှိသလို ဖြစ်နေသည်။ ပါးစပ်နှင့် မလိုက်အောင် သွားများက ကြီး လွန်းနေသည်။ ဟင်မလားသည် မျက်စိ အားနည်း၍ ကိုင်း မပါသော မျက်မှန် တပ်ထားသည်။ ၎င်း၏ ပုံပန်းကို ကြည့်မည် ဆိုက ခွန်အား ဗလ ရှိသည်ဟု ထင်ရသည့် လက္ခဏာမျိုး တွေ့ကြရမည် မဟုတ်ပေ။သို့သော် အသက်အားဖြင့် လူလတ်ပိုင်း အရွယ် ရှိ ထိုပုဂ္ဂိုလ်သည် လူ သန်းပေါင်းများစွာ သေဆုံးခဲ့ရမှု တွင် တာဝန်ရှိသူ တဦး ဖြစ်သည်။
ဟင်မလားသည် ထွက်ပြေးနိုင်ရန် အတွက် အဖြူရောင် သမ်းစ ပြုနေသော နှုတ်ခမ်းမွှေးများကို ရိတ်လိုက်သည်။ သူ၏ အသုံးအ ဆောင် များ၊ ဝိုင်ယာ ကြိုး တပ် မျက်မှန် ကို ပါ ဖယ်ရှားပစ်လိုက်ပြီး မျက်လုံး တဖက်ကို သားရေပြား နှင့် အုပ်လိုက်သည်။ တန်ဖိုးကြီးပြီး ရင်သပ်ရှုမောအောင် ဆင်မြန်းထားသည့် ယူနီဖောင်းကို ချွတ်ပြီး စစ်ရဲတပ်ကြပ် ဟင်းနရစ်ခ်ျ ဟစ်ဇင်ဂျာ၏ ခပ်နွမ်းနွမ်း ယူနီဖောင်းနနှင့် လဲလှယ် ဝတ်ဆင်လိုက်သည်။ ဟစ်ဇင်ဂျာသည် လွန်ခဲ့သည့် လအနည်းငယ်က "အရှုံးပေးဝါဒ" ဆိုသည့် ရာဇဝတ်မှု ကို ကျုး လွန် လာ၍ SS တို့ ၏ သတ်ဖြတ်ခြင်း ခံလိုက်ရသူ ဖြစိသည်။
အကယ်၍ အခြေအနေ ဆိုးဆိုးဝါးဝါး နှင့် ကြုံလာခဲ့ရပါက ထုတ်သုံးနိုင်ရန် ဟင်မလားသည် ဆိုင်ရင် နိုက် အဆိပ်ပုလင်း အသေး ကို အင်္ကျီထဲ ဖွက်ယူလာခဲ့သည်။ ထိုပုလင်းလေးကို ပါးစပ်ထဲ ထည့်ပြီး ကိုက်လိုက်ယုံဖြင့် ကွဲထွက်သွားပြီး အဆိပ်ရည်များက သူ့ ခန္ဓာကိုယ်ထဲ ချက်ခြင်းလို စီးဝင်သွားပြီး ဆယ့်ငါးမိနစ် အတွင်း သေဆုံးသွားမည် ဖြစ်သည်။
ဟင်းမလား နှင့် အတူ ထွက်ပြေးကြမည့် SS အဖွဲ့ဝင်များလည်း ဆိုင်ရင်နိုက် ကို တပါတည်း ယူလာကြသည်။ အားလုံးလည်း ရုပ်ဖျက်ပစ်ခဲ့ကြပြီး ယူနီဖောင်း မှ ရာထူး တံဆိပ်များကို ခွာပစ်ခဲ့ကြသည်။ သက်သေခံ စာရွက်စာတမ်း အသစ်များကိုလည်း အင်္ကျီ အိတ်ကပ်ထဲ့ယူလာသည်။ အားလုံးက အသက်ကို လုပြီး သွားရမည့် ခရီး အတွက် အစစ အရာရာ အမှားအယွင်း မရှိအောင် ပြင်ဆင်ခဲ့ကြသည်။
SS အဖွဲ့ဝင်များထဲတွင် ဆက်ပ် လို့ ခေါ်သည့် ဟင်းမလား၏ ကိုယ်ရံတော် ဂျိုးဇက်ဖ် ခီယာမိုင်ယာ၊ ထိတ်တန်း လက်ထောက်တဦး ဖြစ်သူ ဒေါက်တာ ရူးဒေါ့ ဘရန့်၊ SS ခွဲစိတ် ပါရဂူ ဒေါက်တာ ကားလ် ဂက်ဖ်ဟာတ်၊ SS ဗိုလ်မှုးကြီး ဝါနာ ဂရိုသ်မန်း၊ ဗိုလ်မှူး ဟိုင်းဉ် မာခါ တို့ ပါဝင်သည်။ SS ဗိုလ်ချုပ် တဦး ဖြစ်သူ အော်တို အိုလန်းဒေါ့ဖ် သည် ၎င်းဖာသာ တဦးတည်း သွားရန် ဆုံးဖြတ်ခဲ့သည်။