သွေးဆူလာနေသော ဖိလစ်ပိုင်

by Hla Soewai - Oct 20 2025

ဖိလစ်ပိုင် အောက်လွှတ်တော် အမတ်များ က ၎င်းတို့ အစိုးရ အား နောက်နှစ် အာဆီယံ ဥက္ကဌ အဖြစ် တာဝန်ယူ ချိန်တွင် မြန်မာ အရေး အား ပြတ်ပြတ်သားသား ကိုင် တွယ် ပြီး နိုင်ငံတွင်း ရှိ ဒီမိုကရေစီ လှုပ်ရှားမှု ကို အခိုင်အမာ ထောက်ခံသွားရန် တောင်းဆိုသည့် အဆို ကို လွှတ်တော်သို့ တင်သွင်းလိုက်ပြီ ဖြစ်သည်။

 

ဖိလစ်ပိုင်သည် မလေးရှား ခြေရာကို နင်းပြီး မြန်မာ အရေး သည် အာဆီယံ အတွင်း သဘောကွဲလွဲမှု အဖြစ်ဆုံး ပြဿနာ ဖြစ်နေသည်ကို အပြီးအပြတ် ကိုင်တွယ်ရန် လှုပ်ရှားလာခြင်း ပင် ဖြစ်သည်။

 

မလေးရှား လုပ်ခဲ့သည်ထက် ပို၍ ရဲရင့်စွာ ဆောင်ရွက်ပြီး မြန်မာရှိ လူ့အခွင့် အရေး အကျပ်အတည်း ကြီး ကျနေမှု ကို ဖြေရှင်းရန် နှင့် ဒီမိုကရေစီ ပြန်လည် ရရှိရေး ကူညီပေးသွားရန် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာန ကို ပြောဆိုခဲ့ကြသည်။

 

ထိုအထဲတွင် စစ်အုပ်ချုပ်ရေး ကို ခုခံတွန်းလှန်နေသည့် မြန်မာ ပြည်သူ များအား ထောက်ခံ ကူညီ ပေးသွားမည့် အစီအစဉ် များ ချမှတ်သွားရန်နှင့် စစ်အုပ်စု လုပ်မည့် ရွေးကောက်ပွဲ ကို ရှုတ်ချသွားရန် လည်း ပါရှိသည်။

 

ထိုပြင် စစ်အုပ်စု ကျူးလွန်နေသော လူ့အခွင့်အရေး ချိုးဖောက်နေမှု များ တာဝန်ခံလာစေရန် နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ထိတွေ ဆက်သွယ်သွားရန်လည်း ပြောဆိုခဲ့သည်။

 

လွှတ်တော်တွင် အဆိုကို ဦးဆောင်တင်သွင်းခဲ့သည့် အမတ် ဖြစ်သူ လေ‌လာ ဒီ လီမာ က ....

 

"ကျွန်မတို့ ဖိလစ်ပိုင်လူမျိုးတွေဟာ လွတ်လပ်ခွင့်၊ ဒီမိုကရေစီ၊ ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတို့အတွက် ကိုယ် တိုင် ရုန်းကန်လှုပ်ရှား ပြီး ဖြတ်သန်းခဲ့ကြရသူတွေပါ။ လူ့အခွင့်အရေး နင်းချေဖျက်ဆီးခံရ မှု ကနေ ဖြစ်ပေါ်လာတဲ့ နာကျင်မှု၊ ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှုနဲ့ မတရားမှုကို ကျွန်မတို့ သိရှိနားလည်ပါတယ်။ ဒါ့ကြောင့်ပဲ၊ မြန်မာပြည်သူလူထုဟာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကို ဆက်လက်ရင်ဆိုင်နေရချိန်မှာ သူတို့ခံစားနေရတဲ့ ဆင်းရဲဒုက္ခကို ကျွန်မတို့ အနက်ရှိုင်းဆုံး နားလည်ပါတယ်” 

 

“ကမ္ဘာ့ကုလသမဂ္ဂ နဲ့ အာဆီယံ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ကျွန်မတို့နိုင်ငံသည် လူ့အခွင့်အရေး ကာကွယ်ရန်၊ ဒီမိုကရေစီကို ခုခံကာကွယ်ရန်၊ ငြိမ်းချမ်းရေးကို မြှင့်တင်ရန်၊ တရားမျှတမှုနှင့် တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းရန်ဟူသော နှစ်ရှည်လများ ကတိကဝတ်ပြုထားမှုတွေ ကို လိုက်နာရဖို့ ရှိပါတယ်။ ကျွန်မတို့ရဲ့ အိမ်နီးချင်းတွေ အကျပ်အတည်းနှင့် ကြုံလာရသည့်အခါ ကျွန်မတို့ စကားပြောရမည်မယ်၊ ဒေသတွင်း ငြိမ်းချမ်းရေး အန္တရာယ်ရှိနေသည့်အခါ ကျွန်မတို့ အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်" ဟု သတင်းဌာနများနှင့် တွေ့ဆုံရာတွင် ပြောဆိုသွားခဲ့သည်။ (ပုံတွင် တွေ့ရစဉ်)

 

ဤစကားရပ်များသည် ဖိလစ်ပိုင်မှာ ၎င်းတို့၏ နိုင်ငံတကာ တာဝန်ဝတ္တရားနှင့် ဒေသတွင်း အခန်းကဏ္ဍကို အလေးအနက် ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။

 

ဖိလစ်ပိုင်သည် လက်ရှိတွင် တောင်တရုတ်ပင်လယ် အတွင်း တရုတ်၏ ရန်လိုသော လုပ်ရပ်များ ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး အလွန်အမင်း တင်းမာနေချိန်လည်း ဖြစ်သည်။ ယမန်နေ့က စပရက်လီ ကျွန်းတန်း အနီး နှစ်နိုင်ငံ သင်္ဘောနှစ်စီး တိုက်မှု ဖြစ်ပွားခဲ့ရာ ဖိလစ်ပိုင်မှ ဥပဒေ ဖေါက်ဖျက် ပြီး ရန်စ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု တရုတ်က စွပ်စွဲလာခဲ့သည်။

 

သမ္မတ ဖာဒီနန် မာကို့စ် ဂျုနီယာသည် ဒူတာတေး ကဲ့သို့ မဟုတ်ဘဲ တရုတ်၏ ဗိုလ်ကျ အနိုင်ကျင့်မှု ကို ပြတ်သားစွာ တုန့်ပြန်လျက် ရှိသည်။ ၎င်း၏ အဓိက မဟာမိတ်ဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကာကွယ်ရေးစာချုပ်များကို သိသိသာသာ ပြန်လည်အားကောင်းအောင် လုပ်ဆောင်နေသည်။

 

လက်ရှိ ဖိလစ်ပိုင်-တရုတ် ဆက်ဆံရေးသည် တောင်တရုတ်ပင်လယ်အရေး တင်းမာမှုများကြောင့် အတိမ်းအစောင်းမခံသော အခြေအနေတွင် ရောက်ရှိနေပြီ ဖြစ်၍ မလေးရှား၊ အင်ဒိုနီရှားကဲ့သို့ မြန်မာ အရေး တွင် တရုတ် မျက်နှာ ကြည့်ပြီး တွန့်ဆုတ်၊ တွန့်ဆုတ် လုပ်နေစရာ မလိုတော့။

 

ယခုအခါ အောက်လွှတ်တော် အမတ် ၁၆ ဦး တင်သွင်းသော အဆိုကို လွှတ်တော်က အတည်ပြုလိုက်မည် ဆို က အခြေအနေများ ပြောင်းလဲလာမည့် ပုံစံမျိုး တွေ့နေရသည်။ လက်ရှိတွင် အောက်လွှတ်တော်သည် မာကို့စ် ဂျုနီယာ အား အခိုင်အမာ ထောက်ခံမှု ပေးနေသည်။

 

မားကို့စ် ဂျုနီယာ သည် တရုတ် နှင့် ဆက်ဆံရေး ပြေပြစ်ခဲ့‌ သော ယခင် သမ္မတ ဟောင်း ဒူတာတေး ကိုပင် ဆိုင်းမဆင့် ဗုံမဆင့် ဖမ်းဆီးပြီး လေယာဉ်ပေါ် ဖမ်းတင်ကာ ဟိဂ်ရှိ အိုင်စီစီ သို့ လွှဲပြောင်း ပေးခဲ့သူ ဖြစ်သည်။

 

ဖိလစ်ပိုင်မှ မြန်မာ အရေး အား တင်းတင်းမာမာ ကိုင်တွယ် လာပါက အာဆီယံ အတွင်း အကွဲအပြဲများ ပိုမို နက်ရှိုင်းလာမည်ကို စိုးရိမ်မှု များ ရှိလာနေသည်။

 

လက်ရှိတွင် စစ်အုပ်စု သည် election လုပ်မည် မဟုတ်၊ Selection လုပ်နေခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

 

စစ်အုပ်စု အဖို့ ကံဆိုးမိုးမှောင် ကျခဲ့ရသည်က ၎င်းတို့ ရွေးကောက်ပွဲ လုပ်မည့် အချိန်သည် ဖိလစ်ပိုင်မှ အာဆီယံ ဥက္ကဌ အဖြစ် တာဝန် ယူမည့် အချိန်နှင့် တိုက်ဆိုင်နေခြင်းပင် ဖြစ်သည်။

 

၎င်းတို့၏ အီလက်ထရောနစ် မဲစနစ်သည် ထုတ်ပေးသည့် စာရွက်ပေါ်တွင် တဦးတယောက် ကို အမှန်ပေး ရမည်ဖြစ်ပြီး မည်သူမျှ ကြံ့ဖွတ် ကို မဲမထည့်ခြင် ဖြစ်နေကြောင်း၊ မဖြစ် မနေ ထည့်ရမည်ဆိုလျင် နောက်ဆုံး သက်သက်ခိုင် ပါတီကိုသာ မဲပေးဖို့ ကြံရွယ်ထားသော်လည်း ထိုအမျိုးသမီး ရလာနေသည့် အခွင့်အရေး သည် မကြာမီ က လူထု ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြောခဲ့သည့် ပေါက်ပန်းဈေး စကားများကြောင့် မြောင်းထဲ ရောက်သွားခဲ့ပြီ ဖြစ်သည်ဟု ရန်ကုန်ရှိ လေ့လာသူတဦးက ဆိုသည်။

 

ကိုကိုကြီး နှင့် သက်သက်ခိုင် တို့ နှစ်ဦးစလုံးက ကြံ့ဖွတ်သည် ၎င်းတို့အား လူတိုင်း ရွံ့မုန်း‌နေသည့် အချက်ကို ထုံးစံ အတိုင်း လက်သင့်မခံသည့် အပြင် နိုင်ငံရေး ပါး လည်း မဝ သည်ကို အခွင့် ကောင်း အဖြစ် အသုံးချကာ နိုင်ငံ အနှံ့ ပုံအော်ပြီး ရွေးကောက်ပွဲ ဝင်လာခြင်းလည်း ဖြစ်သည်။

 

ထို အရေးသည် စစ်အုပ်စု ၏ စိုးရိမ်ရေမှတ် ကို မြင့်တက်လာစေခဲ့သည်။ ထို့အတွက် မင်းအောင်လှိုင်သည် ၎င်း၏ သစ္စာခံ ဗိုလ်ချုပ်များကို ကြံ့ဖွတ် ပါတီထံ စေလွှတ်ယှဉ် ပြိုင်စေခြင်းဖြင့် အခြေအနေ ပိုဆိုး အောင် လုပ်ပေးသလို ဖြစ်နေသည်။

 

ပြည်သူတို့၏ တော်လှန်ရေး မုချ အောင်ရမည်!!!