မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ပြတ်ပြတ်သားသား ပြောပြီ

by Hla Soewai - Oct 20 2025

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်သည် ၎င်း၏ အောက်တိုဘာ ၉ ရက် ခရီးစဉ် နှင့် ပတ်သက်ပြီး အာဆီယံ ဥက္ကဌ အဖြစ် ၎င်း၏ သဘောထားကို သတင်းထောက် များ ကို ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။

 

ထိုသို့ ပြောဆိုရာတွင် ယုံကြည်လောက်သော မြန်မာ ရွေးကောက်ပွဲ ဖြစ်ဖို့ အနည်းဆုံး ပြည့်မီရမည့် စံနှုန်းများကို သတ်မှတ်လာခဲ့သည်။

 

၎င်းက "လွတ်လပ်ပြီး တရားမျှတရမည်၊ ထင်သာ မြင်သာ ရှိပြီး ယုံကြည်ရလောက်သည့် အနေအထား ရှိရမည်၊ နိုင်ငံရေး ပါတီအားလုံး၊ သက်ဆိုင်သူများ အားလုံး ပါဝင်ပြီး နိုင်ငံ တဝှမ်းလုံးတွင် ကျင်းပသွား နိုင်ရမည်" ဟူ၍ ပြောဆိုခဲ့သည်။

 

အဖွဲ့ဝင် မည်သည့် နိုင်ငံ ကမျှ ထိုကိစ္စကို တသီးတခြား ဆုံးဖြတ်၍ မရ ဟု ဟာဆန်က အလေးအနက် ထုတ်ဖေါ် ပြောဆိုသွားခဲ့သည်။ အားလုံး ဝိုင်းဝန်း ဆုံးဖြတ် နိုင်ရန် မင်းအောင်လှိုင်၏ တောင်းဆိုမှု ကို အာဆီယံ အစည်းအဝေး တွင် တင်ပြသွားမည်ဟု ဆိုသည်။

 

လက်ရှိ အနေအထား တွင် အားလုံးက အလွန်အကျွံ စိုးရိမ်မှု များ ရှိနေ၍ အာဆီယံ မှ လေ့လာသူများ စေလွှတ်မည့် အရေး သဘောတူ ဖွယ် မရှိဟု မျှော်လင့် ရကြောင်းလည်း သတင်းထောက်များကို ပြောဆိုသွားခဲ့သည်။

 

ထိုသို့ သာမန် ခရီးစဉ် တခုသည် အေးအေးဆေးဆေး ပြီးသွားရမည် ဖြစ်သော်လည်း သံတမန် ထုံးတမ်းကို ဖေါက်ဖျက်ကာ မပြောသင့်သည်များကို ပြောခဲ့ခြင်းကြောင့် ဟိုလေးတကျော်ကျော် ဖြစ်သွားခဲ့ရသည်။

 

စစ်အုပ်စု မှ ဟာဆန်၏ ခရီးစဉ် ကို ခုတုံးလုပ်ကာ မလေးရှားမှ လေ့လာသူ များ စေလွှတ်မည်ဟု ၎င်းတို့ အား တရားဝင် ဖြစ်လာသ ယောင် ကလိန်ကကျစ် ဝါဒဖြန့် ပြောဆိုခဲ့၍ ဟာဆန်သာ မက အာဆီယံ အဖို့ အတော်ကြီး ထိခိုက်နစ်နာ သွားခဲ့ရသည်။

 

မြန်မာ အရေး အထူး အကြံပေး ကောင်စီ၏ ကြေညာချက်တွင် အာဆီယံသည် ၎င်းတို့ ၏ အချက် ၅ ချက် မအောင်မြင်သည်ကို ဝန်ခံရတော့မည် ဖြစ်ပြီး ရွေးကောက်ပွဲကိုလည်း ပြတ်ပြတ်သားသား ပယ်ချရမည် ဖြစ်သည်ဟု ဆိုသည်။ ထိုသို့ မဟုတ်က မြန်မာ ပြည်သူ များ အပေါ် ရက်ရက်စက်စက် သစ္စာဖေါက်သလို ဖြစ်သွားမည့် အပြင် ‌ဒေသတွင်း ထွက်ပေါ်လာသည့် အာဏာရှင် စနစ်ကို ဆုလဒ်များ ချီးမြှင့်သလို ဖြစ်သွားလိမ့်မည်ဟု ပါရှိခဲ့သည်။ လက်ရှိတွင် အာဆီယံသည် စစ်အုပ်စု ၏ အခွင့်ရတိုင်း လှည့်စားပြီး အရှက်ရအောင် ပြုလုပ်ခံခဲ့ရသည် ချည်းသာ ဖြစ်သည်။

 

အာဆီယံ၏ ကျရှုံးမှု ကြောင့် လက်တွေ ဖြစ်လာနေသည်က အရပ်သား ထောင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရခြင်း၊ နိုင်ငံရေး အရ ဦးဆောင်ဦးရွက် ပြုရမည့် အရေးကို မလုပ်နိုင်၍ ပြင်ပ နိုင်ငံများက ဝင်ရောက် ပတ်သက်လာသည်ကို ခွင့်ပြုလိုက်ရခြင်း၊ နိုင်ငံ ဖြတ်ကျော် ရာဇဝတ်မှု များ မှိုလို ပေါက်လာခြင်း၊ အဖွဲ့ဝင် နိုင်ငံများအကြား အာဏာသိမ်း ဖို့ မီးစိမ်း ပြသလို ဖြစ်လာစေသည့် ဆိုးဝါးသော အကျိုးဆက်များ ဖြစ်လာခဲ့သည်ဟု ထောက်ပြသွားခဲ့သည်။

 

စစ်အုပ်စု သည် ရဲတင်းလာပြီး ၎င်းတို့ အပေါ် မည်သသူမျှ အရေးမယူနိုင်ဟု ဆိုကာ အရပ်သားများကို ပစ်မှတ်ထား သတ်ဖြတ်လာပြီး သီတင်းကျွတ် မီးထွန်း ပွဲ အလည့်တည့်တည့်ကိုပင် ပါရာဂလိုက်ဒါ မှ ဗုံးချတိုက်ခိုက်ရဲသည် အထိ လက်ရဲဇက်ရဲ ဖြစ်လာကြသည် ဟု ဆိုသည်။

 

အာဆီယံသည် ထိုအရေးကို ဖြေရှင်းရန် ကျန်ရှိနေသည့် နောက်ဆုံး အခွင့်အရေးကို လက်လွှတ်မခံသင့်၊ ပထမ ဆုံး လာမည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး မည်သို့မျှ ပါဝင်ပတ်သက်ခြင်း မရှိရန်၊ ဒုတိယ အနေဖြင့် စစ်ခေါင်းဆောင်များကို အဆင့်မြင့် အစည်းအဝေး များ တက်ရောက်ရန် တားမြစ်ထားမှု ကို အခြားသော အစည်းအဝေး များကိုပါ မည်သည့် ကိုယ်စားလှယ်မှ တက်ရောက်ခွင့် မပြုပဲ ဒဏ်ခတ်ထားရန်၊ တတိယ အချက် အဖြစ် လာမည့် ၄၇ ကြိမ်မြောက် အာဆီယံ ညီလာခံ တွင် မြန်မာ အရေး အပြီးအပြတ် ဖြေရှင်းနိုင်မည့် မဟာဗျူဟာ အသစ် ချမှတ်ရန် တို့ ဖြစ်သည်ဟု အကြံပြုတင်ပြသွားသည်။

 

ထိုဗျူဟာ များထဲတွင် အထူးသဖြင့် လေကြောင်း တိုက်ခိုက်မှု များ လုံးဝ ရပ်ဆိုင်းသွားအောင် သံတမန်ရေးအရ တိုးမြှင့် ဆောင်ရွက်သွားရမည်၊ NUG, CRPH, NUCC နှင့် EAO များ နှင့် တွေ့ဆုံဆွေးနွေး နိုင်မည့် အာဆီယံ ပလက်ဖေါင်းတခု တည်ဆောက်သွားရန်၊ နိုင်ငံတွင်း ကျုးလွန်ထားသော ရာဇဝတ်မှု များ အတွက် တာဝန်ခံလာစေမည့် အဖွဲ့အစည်းများ နှင့် ပုးပေါင်းဆောင်ရွက်ရန် တို့ ပါရှိသင့်သည်ဟု ဆိုသည်။

 

မြန်မာပြည်သူများ အနေဖြင့် စွန့်ပစ်ခံရသည်ဟု ခံစားနေကြရသည့်အတွက်၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် အာဆီယံကိုယ်တိုင်အပေါ် နှစ်ပေါင်းများစွာက ပျက်ကွက်ခဲ့မှု ကြောင့် ထိခိုက်နစ်နာခဲ့ရမှုများကို ပြန်လည်ပြင်ဆင်ရန် မျှော်လင့်ပါက၊ ယခုချက်ချင်း အရေးယူဆောင်ရွက်ရမည်ဖြစ်သည်။ မဟုတ်ပါက၊ အာဆီယံသည် မြန်မာပြည်သူများကို မည်သို့ ရင်ဆိုင်မည်နည်းဟု ကြေညာချက် အဆုံးတွင် မေးခွန်းထုတ်ထားသည်။

 

အာဆီယံ အနေဖြင့် မည်သို့မျှ ကြားနေ မူဝါဒ ကျင့်သုံး၍ မဖြစ်တော့၊ ထိုသို့ ဆက်၍ လုပ် နေ ပါက ၎င်းတို့ အဖွဲ့အစည်းသည် ကမ္ဘာကြီး အတွက် အရေးမပါသော ကိစ္စများကိုသာ သဘောထား တိုက်ဆိုင်ကြသည့် အသင်းကြီး ယူဆကာ ယုံကြည်မှု ကျဆင်းသွားတော့မည် ဖြစ်သည်။ မင်းအောင်လှိုင် ပြည်တွင်း တွင် မည်သို့ပင် သတ်ဖြတ်နေစေကာမူ အာဆီယံ အနေဖြင့် ဆက်ဆံရေး ထိန်းသိမ်း ထားနိုင်ဖို့ အရေးကြီးသည့် သဘော ယူဆစရာ ဖြစ်လာနိုင်ပေသည်။

 

တရုတ်မှ အာဆီယံ မှ ထောက်ခံလာမည်ဟူ သော မျှော်လင့်ချက်ဖြင့် ဒေါ်လာ သုံးဘီလီယံ အကူအညီ ပေးမည်ဟု မက်လုံးပေးကာ လုပ်ခိုင်းထားသော ရွေးကောက်ပွဲ အတွက် မျှော်လင့်ချက် မှေးမှိန်လာပြီ ဖြစ်သည်။

 

လန်ဒန်ထုတ် ဂါဒီယန်း သတင်းစာကြီးကပင် ချာလီ ချက်ပလင် ဇာတ်ရုပ်လို ကြည့်ရသည်မှာ ရယ်စရာ ကောင်းလောက်အောင် ဆုတံဆိပ်များစွာ ချိတ်ထားသော မင်းအောင်လှိုင် တို့ အဖွဲ့သည် အဘယ်သို့များ တရားဝင်သည့် အစိုးရ ဖြစ်လာနိုင်မည်နည်းဟု မေးခွန်းထုတ်ထားသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!