လက်ရှိ အနေအထား ပေါ် CFR ၏ သုံးသပ်ချက်

by Hla Soewai - Oct 20 2025

အမေရိကန် အခြေစိုက် Council on Foreign relations အဖွဲ့ကြီး မှ လက်ရှိ အနေအထားကို ယခုလို သုံး သပ် ပြခဲ့သည်။

 

၂၀၂၁ ဖေဖေါ်ဝါရီလ အာဏာသိမ်းပြီးချိန်တွင် စစ်အုပ်စုသည် ဆန့်ကျင်လာမှု များကို အလွယ်တကူ နှိမ်နှင်း ပစ် နိုင်လိမ့်မည်ဟု တွက်ဆခဲ့ကြသည်။ လက်နက် အင်အား အရင်းအမြစ်များ အစစ အရာရာ သာလွန်နေသည့် အပြင် တဖက်တွင်လည်း စုစည်းထားသည့် အင်အား မည်မည်ရရ မရှိ ဖြစ်နေသည်။

 

နောက်ပိုင်းတွင် နယ်မြေ အမြောက်အမြား ဆက်တိုက်ဆိုသလို လက်လွှတ်လာခဲ့ရပြီး စီးပွားရေး အရင်းအမြစ်များ၊ လူထု ၏ စိတ်နှလုံးကိုပါ လက်လွှတ် ဆုံးရှုံးသွားခဲ့ရသည်။ အတင်းအဓမ္မ စစ်ထဲ ဆွဲသွင်းလာသော လူငယ်လူရွယ်လေးများ အပေါ် အားထားလာခဲ့ရသော်လည်း တော်လှန်ရေး တပ်ဖွဲ့များ၏ ချေမှုန်းခြင်း ခံခဲ့ရပြန်ပြီး၊ ရင်ဆိုင် တိုက်ပွဲများ တွင် အရေးနိမ့်လာခဲ့ရသဖြင့် အရာရှိများ၊ အကြပ်စစ်သည်များ အစုလိုက် အပြုံလိုက် ထွက်ပြေး ခိုလှုံလာခဲ့ကြသည်။ နိုင်ငံ အကျယ်အဝန်း၏ ၂၀ ရာနှုန်းသာ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပြီး တော်လှန်ရေး တပ်များဖက်ကမူ ၎င်းတို့ ထိန်းချုပ်နိုင်မှု၏ နှစ်ဆ ကျော်ခန့် သိမ်းယူထားသည်။

 

ဧရာဝတီ သတင်းက စစ်ဖက်မှ ခိုလှုံလာသူ များ ဖွဲ့စည်းထားသော ပြည်သူ့ ရည်မှန်းချက် အဖွဲ့၏ ထုတ်ပြန်ချက်အား ကိုးကား ပြီး ၂၀၂၅ ဇန်နဝါရီ မှ စက်တင်ဘာလ အတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင်များ၊ ရဲများ၊ တပ်သားသစ်များမှ ဘက်ပြောင်းလာသူ၊ လက်နက်ချသူ စုစုပေါင်း ၂,၀၀၀ ကျော်ခန့် ရှိသည်ဟု ဖေါ်ပြထားသည်။ အများစု မှ စစ်မှုထမ်း ဥပဒေ နှင့် ဆက်နွယ်ပြီး တော်လှန်ရေးဖက် တဖြေးဖြေး ခိုလှုံလာကြခြင်း ဖြစ်သည်။

 

တော်လှန်ရေး မဟာမိတ် အဖွဲ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို စွန့်ခွာခဲ့သော လူငယ်များ ပါဝင်နေသည်။ အမေရိကန် ပေးသော အသက်အန္တရာယ် ထိခိုက်မှု မရှိသည့် အကူအညီများဖြင့် ‌လေ့ကျင်ခဲ့ကြပြီး ကိုယ်ပိုင်တပ်များ ဖွဲ့စည်းလာကြသည်။

 

စစ်အုပ်စုသည် နောက်ဆုံးပေါ် လက်နက်များ အပြင် ဝေဟင်ကို စိုးမိုးထားနိုင်သည့် ကြားမှ တော်လှန်ရေး ညွှန်ပေါင်း အဖွဲ့များ၏ အောင်မြင်မှု ကို ကြက်သေ သေသွားခဲ့ကြသည်။ တိုင်းရင်းသား တပ်များသည် ၎င်းတို့ အချင်းချင်း ပြန်တိုက်နေကြသူများ ဖြစ်၍ မကြာမီ ပြိုကွဲ သွားမည်ဟု မျှော်လင့်နေကြသော်လည်း ယခုထက်ထိ ခိုင်ခိုင်မြဲမြဲ မဟုတ်သည့် တိုင် လက်ချင်းချိတ်ထားနိုင်ကြဆဲ ဖြစ်သည်။

 

တော်လှန်ရေး အဖွဲ့များနှင့် ၎င်းတို့အား ပြင်ပမှ ထောက်ခံမှု ပေးနေကြသူများက လက်ရှိတွင် စစ်အုပ်စုသည် လူ‌ဦးရေ အများစု နေထိုင်ရာ ‌ဒေသများကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သော်လည်း ပြိုလဲသွားဖို့သာ ရှိသည်ဟု ခန့်မှန်းနေကြဆဲ ဖြစ်သည်။ သို့သော်လည်း ဩစတေးလျှရှိ Lowy Institute ကမူ ယင်းသည် ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ခြင်းမျိုး မဟုတ်ဘဲ ကိုယ်လိုရာ ဆွဲတွေးနေခြင်းသာ ဖြစ်သည်။ ယခုပင် ၁၂ လကြာပြီးသည့် နောက်မှာပင်၊ စောင့်ကြည့်လေ့လာသူတချို့က စစ်အုပ်စုသည် 'လုံးဝပျက်သုဉ်းတော့မယ့် အခြေအနေ' မှာ ရှိနေပြီဟုအခိုင်အမာ ပြောဆိုနေကြဆဲ ဖြစ်သည်။

 

၎င်းတို့သည် ဒုက္ခသုက္ခ ပေါင်းများစွာ ရင်ဆိုင်နေရဆဲ ဖြစ်သော်လည်း ယခုထိ အံ့အားသင့်ဖွယ် ကောင်း လောက်အောင် ကြံ့ကြံ့ ခံနိုင်နေဆဲ ဖြစ်ပြီး တိုင်းပြည်၏ စီးပွားရေး အချက်အခြာ နေရာများနှင့် လူဦးရေ အများစု ကို ထိန်းချုပ်ထားနိုင်ဆဲဟု ဆိုသည်။

 

ပြီးခဲ့သည့် လများ အတွင်း စစ်အုပ်စုသည် ပြန်၍ အရေးသာလာခဲ့သည်။ ကျောက်မဲကို ပြန်လည်သိမ်းယူနိုင်ခဲ့၍ အရေးပါသော သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကို ထိန်းချုပ် နိုင်ခဲ့သည်။ ၂၀၂၃, ၂၀၂၄ တွင် အကြီးအကျယ် အရေးနိမ့်လာခဲ့သည်ကို တွေ့လာရ၍ ဘီဂျင်းသည် စစ်အုပ်စုအား အပြည့်အဝ ပံ့ပိုးပေးလာခဲ့သည်။ စစ်ခေါင်းဆောင်များကိုလည်း သံတမန်ရေးအရ အပယ်ခံ ဖြစ်နေသည့် ဘဝမှ ဆွဲထုတ် ကူညီပေးလာခဲ့သည်။

 

ဘီဂျင်းသည် ၂၀၂၄ အတွင်း စီးပွားရေး အကူအညီ ဒေါ်လာ ၃ ဘီလီယံခန့် ကူညီမည်ဟု ကမ်းလှမ်းခဲ့ပြီး စစ်အုပ်စု နယ်မြေ အချို့ ပြန်သိမ်းနိုင်ရန် ဒရုန်းများ ပံ့ပိုးပေးလာခဲ့သည်။

 

အမေရိကန် ကမူ တော်လှန်ရေးဖက်သို့ ပေးနေသော အကူအညီများ ဖြတ်တောက်ပစ်ခဲ့သည်။ ထရမ့်အစိုးရက မြန်မာတွင် မြေရှားသတ္ထု အမြောက်အမြား ထွက်ရှိနေသည့် အတွက် စစ်အုပ်စု နှင့် ဆက်ဆံရန် ချိန်ဆနေသည်ဟု ပင် သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

ယခုအခါ မည်သည့်ဖက်ကမှ ပြတ်ပြတ်သားသား အသာစီးရလာခြင်း မရှိသည့် အတွက် ရုန်းမထွက်နိုင်သည့် အနေအထား ဖြစ်လာနေသည်။ စစ်အုပ်စုက မြို့ရွာများ၊ ဘာသာရေး ပွဲတော်များ ကို ရက်ရက်စက်စက် ဗုံးကြဲ တိုက်ခိုက်နိုင်နေဆဲ ဖြစ်၍ ဆက်၍ သေကြေကြဖို့ ရှိနေသည်။

 

တိုင်းပြည်သည် ထိုသို့ ဖြစ်လာနေသည့် အတွက် ပျက်သုံးလာသော နိုင်ငံဘဝ ရောက်လာနေပြီ ဖြစ်သည်။ လူဦးရေ တဝက်နီးပါးသည် ဆင်းရဲပင်ပန်းစွာ ရုန်းကန်နေကြရပြီး သန်းပေါင်းများစွာ သည် နိုင်ငံ အတွင်း အိုးမဲ့အိမ့်မဲ့ ဘဝ ရောက်နေကြရသည်။ အခြား နိုင်ငံများသို့ ထွက်ပြေးခိုလှုံရသူ များ ရှိလာသည်။

 

နေရာ အများအပြားတွင် တရားဥပဒေ စိုးမိုးမှု မျိုး မရှိတော့ဘဲ လူသားချင်းစာနာထောက်ထားသည့် အကူအညီ ဆိုသည်ကလည်း မဖြစ်စလောက်သာ ရရှိခဲ့သည်။ အမျိုးသမီးများနှင့် မိန်းကလေးများ အပေါ် အကြမ်းဖက်မှုများကလည်း တဟုန်ထိုး မြင့်တက်လာနေသည်။ ငှက်ဖျားကဲ့သို့ ရောဂါများသည်လည်း နေရာ အနှံ့တွင် တွေ့လာနေရသည်။ ရာဇဝတ်ဂိုဏ်းကြီးများက ရှင်သန် ကြီးထွားလာနေသည်။ တကယ်တမ်း မြန်မာသည် ယခုအခါ ကမ္ဘာရာဇဝတ်ဂိုဏ်းများ၏ ဗဟို အချက်အခြာ ဖြစ်လာနေသည်။

 

တိုက်ပွဲများ လျော့ကျသွားမည့် အလားအလာ လည်း မရှိသည့် အပြင် စစ်အုပ်စုမှ ရွေးကောက်ပွဲ လုပ်မည် ဆိုသည်ကိုလည်း အလျော့ပေးမည့် ပုံ မရှိပေ၊ ၎င်းတို့၏ ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ်သည့် အပြင် ဖွဲ့စည်းပုံအားလည်း ပြင်ဆင်ပေးမည် ဆိုသော ကတိစကားမျိုး မရှိသရွေ့မည်သူမျှ စေ့ဆပ်ဆွေးနွေးရေး စားပွဲသို့ ရောက်လာကြမည် မဟုတ်သည့် အတွက် မည်သည့်နည်းနှင့်မျှ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး မျိုးလည်း ရရှိနိုင်မည် မဟုတ်ပေ။

 

ထို့အပြင် အသက်အရွယ် ရလာပြီ ဖြစ် သော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အပြင်ထွက် ဆေးကုသခွင့် ပေးရန် ငြင်းဆန်နေခြင်းကပင် ၎င်းတို့ဖက်က ရိုးသားမှု မ ရှိသည့် လက္ခဏာ ပင် ဖြစ်သည်။ ထိုကဲ့သို့ လုပ်နေခြင်းကပင် တိုက်ပွဲများ ဆက်ဖြစ်နေဖို့ အကြောင်းများ ဖြစ်လာပြီး တိုင်းပြည်ကို ဖျက်ဆီးပစ်နေခြင်းသာ ဖြစ်သည်။

 

ပြည်သူများ၏ တရားသော စစ် မုချ အောင်ရမည်!!!