နတ်ရေကန် ဗျူဟာကုန်း တိုက်ပွဲကြီး

by Hla Soewai - Oct 20 2025

တနိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကို ပြုလုပ်နိုင်တော့မည် မဟုတ်ဟု မင်းအောင်လှိုင်မှ ဝန်ခံ ပြောဆိုလာချိန်တွင်ပင် ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့များက ရခိုင်ပြည်နယ် နှင့် မကွေးတိုင်း နယ်စပ် အနီးရှိ အမြင့်ပေ ငါးထောင်ခန့်တွင် တည်ရှိသည့် နတ်ရေကန် ဗျူဟာ ကုန်းကို သိမ်းယူ နိုင်ခဲ့မှု ကြောင့် စစ်အုပ်စု ၏ မကွေး တိုင်း အတွင်း ထိုးဖောက် ဝင်ရောက်ရန် နှင့် ထောက်ပို့ လမ်းကြောင်းများကို ပိတ်ဆို့ ဟန့်တား နိုင်ခဲ့ပြီ ဖြစ်သည်။

 

တိုက်ပွဲ များက ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ အာရက္ခ တပ်တော် ဦးစီးသည့် ပူးပေါင်းတပ်များသည် ငဖဲမြို့ နယ် အတွင်း ရှိ ရန်သူ၏ ကာကင်းစခန်းများ အားလုံးကို ချေမှုန်း နိုင်ခဲ့ပြီး တပတ်အကြာတွင် ယခုလို သိမ်းယူ နိုင်ခဲ့ခြင်းလည်း ဖြစ်သည်ဟု မြန်မာနောင်း သတင်းတွင် ဖေါ်ပြထားသည်။

 

စစ်အုပ်စု သည် နတ်ရေကန် နှင့် သုံးမိုင်ခန့် ဝေးသော ပဇီ ကျေးရွာဖက်သို့ စစ်ကူများ စေလွှတ်နေသည်။ စစ်တပ် အခိုင်အမာ ခံစစ်ယူထားသော ဂုတ်ကြီး ရွာ အနီးရှိ စခန်းကိုလည်း ဆက်လက် တိုက်ခိုက်လျက် ရှိသည်။

 

စစ်တပ်မှ လက်နက်ကြီးများ၊ လေကြောင်း မှ အပြင်းအထန် ခုခံနေသည့်ကြားမှ တော်လှန်ရေး တပ်ပေါင်းစုသည် ပဇီ၊ မျှော်စင် နှင့် ဂုတ်ကြီးရှိ ကာကင်းစခန်းများကို သိမ်းယူ နိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်အုပ်စု ၏ အရေးပါဆုံးသော ထောက်ပို့ လမ်းကြောင်းများ ပြိုလဲသွားခဲ့ရသည်။

 

နတ်ရေကန် ဗျူဟာ ကုန်းရှိ ၉၀ ရာနှုန်း ကျော်ကို သိမ်းပိုက်ထားပြီး ကစင့်ကလျား ဆုတ်ခွာ ထွက်‌ ပြေး နေသော ရန်သူ တပ်များ အား လိုက်လံ ချေမှုန်းလျက် ရှိပြီး စစ်အုပ်စု ၏ လေယာဉ်များက အဆက်မပြတ် ‌ဗုံးကြဲ တိုက်ခိုက်လျက် ရှိသည်။ နတ်ရေကန်သည် တော်လှန်ရေး တပ်ပေါင်းစုများ မကွေးတိုင်း အတွင်းသို့ ထိုးဖောက်နိုင်ရေး ကို အဓိက အဟန့်အတား ဖြစ်နေသော စခန်းလည်း ဖြစ်သည်။ မကွေးတိုင်း အတွင်း အကြမ်းဖက် စစ်အုပ်စု ၏ တပ်များ ကို အဓိက ပံ့ပိုးပေးနေသည့် လက်နက် စက်ရုံ အမြောက်အမြား တည်ရှိနေသည်။

 

ပြီးခဲ့သည့် လ အစောပိုင်းကစ၍ စစ်အုပ်စုသည် ၎င်းတို့ ဆုံးရှုံးသွားသော နယ်မြေများ ပြန်ရရန် အင်အား ၁,၄၀၀ ခန့် ဖြင့် ငဖယ် မြို့နယ်အတွင်း စစ်ကြောင်းထိုးလာ၍ တိုက်ပွဲ များ ပြင်းထန်လာခဲ့သည်။ ထိုတိုက်ပွဲ များတွင် ရန်သူ တပ်များ အကျအဆုံးများပြားပြီး ကစင့်ကလျား ဖြစ်ကုန်သည်ဟု အာရက္ခတပ် က ဆိုသည်။ ရန်သူ တပ်သား ဒါဇင်ပေါင်းများစွာကို လက်ရ ဖမ်းဆီးမိခဲ့ပြီး အများအပြားမှာ စစ်ထဲ ဆွဲသွင်းခံခဲ့ရသည့် လူငယ်များ ဖြစ်နေသည်။

 

စစ်အုပ်စုသည် ရခိုင်-မကွေးနယ်စပ် တဝိုက်သို့ တပ်အင်အား ထောင်နှင့်ချီ၍ ထိုးစစ်ဆင်ခဲ့ဖူးသော်လည်း အောင်မြင်မှု မရခဲ့ပေ။

 

နတ်ရေကန် ကုန်းအား ၂၀၂၅ ဖေဖေါ်ဝါရီ မှ စ၍ ထိုးစစ်ဆင် ခဲ့ခြင်း ဖြစ်သည်။

 

နတ်ရေကန်ကို သိမ်းပိုက် နိုင်ခဲ့မှုကြောင့် အမ်း-ပဒန်းလမ်း၊ ပုသိမ်-မုံရွာလမ်းများကို ထိန်းချုပ်ထားနိုင်ရန် လမ်းပွင့်သွားခဲ့ပြီ ဖြစ်သည်။ 

 

ပန်းတောင်း မြို့နယ် အတွင်းရှိ စစ်အုပ်စု၏ ၆၆၆ ပွိုင့်ကုန်းကိုလည်း အာရက္ခ တပ်တော် က သိမ်းပိုက် နိုင်ခဲ့ပြန်သည်။

 

ယခုအခါ ရန်သူ အင်အား ၁၅၀ မှ ၂၀၀ အထိ ရှိနေသည့် ခမောက်တောင်ကုန်းကို ‌ဆက်လက် ထိုးစစ် ဆင်နေသည်ဟု သိရသည်။

 

စစ်အုပ်စု၏ ငြိမ်းချမ်းရေး ဆိုသည်က ၎င်းတို့အား တွန်းလှန် တိုက်ခိုက်နေသူ တဦးတယောက်မျှ မရှိတော့မှ ဖြစ်မည်ဟု ခံယူထားကြသူများ ဖြစ်သည်။

 

ယခုအခါ ပြည်သူများကို ကျောခိုင်းကာ စစ်အာဏာရှင်များ နှင့် လူပေါင်း မှားပြီး အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးခဲ့သူများကို ကြည့်က ဆယ်နှစ်သာ တိုင်လာသည် ၎င်းတို့ ၏ တောင်းဆိုချက်များကို ဘာတခုမျှ မယ်မယ်ရရ လိုက်လျောပေးခဲ့ခြင်း မရှိပဲ ဒုံရင်းက ဒုံရင်းသာ ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ ဤသည်ကို မိန်းမောနေကြယုံမက အိမ်ကြက်ခြင်း အိုးမဲသုတ် ခွပ်ခိုင်းသည်ကိုပင် ပျော်ပျော်ကြီး ပါဝင်နေကြပြန်သည်။

 

အချို့ကလည်း မြန်မာစစ်တပ် ကို ကြောက်ရွံ့စိတ်များကြောင့် လက်တွဲနေကြခြင်း ဖြစ်၍ ၎င်းတို့၏ စေစားခိုင်းစေမှု များကို မလွန်ဆန်ရဲအောင် ဖြစ်နေရှာသည်။

 

အဓမ္မ ဝါဒီများ မြန်မာ မြေပေါ် မှ အပြီးအပိုင် ကွယ်ပျောက်သွားသည့် နေ့ရောက်လျှင် မိမိတို့ ပြည်သူများ မည်မျှ အထိ ပျော်ရွှင်ကြပေမည်နည်း ဟူသော စိတ်ကို နှလုံးသွင်း နိုင်က လောလောဆယ် မပြေလည်မှု များ ကို ခေတ္တ ခဏ မေ့ထားနိုင်ကြပြီး တော်လှန်ရေး ကြီး အမြန် အောင်မြင်မှ ဖြစ်မည်ဟု ခံယူချက် များ အလိုလို ပေါ်ပေါက် လာကြလိမ့်မည်ဟု ကျွန်တော် ယူဆမိသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!