ကင် အဲရစ် ၏ မိခင် နှင့် ပတ်သက်၍ ရှင်းလင်းချက် အင်တာဗျူး

by Hla Soewai - Oct 20 2025

ပြီးခဲ့သည့် နှစ်များ အတွင်း ကင် အဲရစ်သည် မြန်မာ ဒီမိုကရေစီ လှုပ်ရှားမှု ၏ မျိုးဆက်သစ် များ အတွက် ခေါင်းဆောင် အဖြစ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

 

မြန်မာ အမည် ထိန်လင်း ဟု အဖိုး ဖြစ်သူ၏ ငယ်နာမည် ကို မှည့် ခေါ်ခဲ့သူ ကင် အဲရစ်သည် ၁၉၇၇ တွင် လန်ဒန် တွင် မွေးဖွားကြီးပြင်းလာခဲ့သူ ဖြစ်သည်။

 

မိခင် ဖြစ်သူသည် မြန်မာ လွတ်လပ်‌ ရေး လှုပ်ရှားမှု အတွက် သုတေသန စာတမ်း ပြုစု နေစဉ် အတွင်း လူငယ် ဘဝ က ဂျပန် တွင် နေထိုင်ခဲ့ရသည်။ အလားတူပင် အိန္ဒိယ ရှိ ဆင်မလား မြို့တွင်လည်း မိခင်ဖြစ်သူ သုတေသန လုပ်ငန်း အတွက်သွားရောက်လုပ်ကိုင် နေစဉ် နေထိုင်ခဲ့ရပြန်သည်။ ကင် အဲရစ် သည် ဘူတန် တွင်လည်း အင်္ဂလိပ်စာ ပြ ဆရာ အဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။

 

အောက်တို့ဘာ ၃ ရက်နေ့တွင် အေးရှား တိုင်းမ် မှ ကင် အဲရစ် နှင့် တွေ့ဆုံ မေးမြန်းခန်း အပြည့်အစုံကို အောက်တွင် ဖေါ်ပြထားပါသည်။

 

အေးရှားတိုင်း Q: မိခင် ဘယ်နေရာတွင် ရောက်နေသည် နှင့် လက်ရှိ အခြေ အနေ အပေါ် သိထားမှု။

 

အကျဉ်းထောင် ပြင်ပ မှ လူများ နှင့် စစ်တပ်ထဲမှပင် အမေ့ကို မတွေ့ကြရသည်မှာ အနည်းဆုံး နှစ် နှစ်ခန့် ရှိနေပြီလို့ ကျွန်တော် ယူဆထားပါတယ်။ ဘယ်သူမှ တွေ့ခွင့် မပေးပါဘူး၊ ကျွန်တော် သိထားသမျှ လက်ရှိမှာ မစ္စတာ ရှောင် တန်နဲလ် ကို ချုပ်ထားခဲ့တဲ့ နေပြည်တော်က အကျဉ်း ထောင် ထဲမှာ ပဲ ရှိနေတုန်းပါ။

 

ကျွန်တော် သိသလောက် မစ္စတာ ရှောင် တန်နဲလ် သာ အမေကို နောက်ဆုံး တကယ်တမ်း တွေ့ခဲ့ရတဲ့ လူပါ၊ အကျဉ်းထောင်ထဲမှာတောင် အခြား အကျဉ်းသား တွေကို မြင်ခွင့် မရတဲ့ အနေအထား နဲ့ ချုပ်နှောင်ထားတာပါ။

 

Q: အခု ဘယ်မှာ ထားတယ်ဆိုတာနဲ့၊ အပြင်နဲ့ အဆက်အသွယ် ရတယ် ဆိုတာ သိပါသလား။

 

ငလျင် လှုပ်တဲ့ အချိန်မှာ ထောင်လည်း အတော်လေး ပျက်စီးသွားလို့ အမေလည်း ထိခိုက် ဒဏ်ရာရတယ်လို သတင်းတွေ ထွက်လာပါတယ်၊ အဲ့တာနဲ့ အနီးအနားက တနေရာကို ရွှေ့ပေးလိုက်တယ် လို့ ကြားပါတယ်၊ စစ်တပ် ဝင်းထဲလား ဒါမှမဟုတ် တနေရာရာ ဖြစ်မှာပါ။

 

ကျွန်တော် တကယ်တမ်း သိလာရတာက နှလုံး အခြေ အနေ ဆိုးဝါးလာနေတယ် ဆိုတာပဲ၊ ကျွန်တော်တို့လည်း နှလုံးအထူးကု ဆရာဝန် နဲ့ ပြခွင့်ရဖို့ တောင်းဆိုထားပေမယ့် ပြခွင့်ပြုလား မပြုလား မသိရပါဘူး၊ ဆိုးဆိုးဝါးဝါး အပူရှိန် မြင့်တက်လာချိန်မှာ လေအေးပေးစက်လည်း မရှိ၊ ထားတဲ့ အခန်းမှာလည်း ပိုးဟတ်တွေ၊ ခြင်တွေ၊ ကျန်တာတွေလည်း အများကြီး ရှိနေတယ်။

 

အခုလို ကျန်းမာရေး နဲ့ ပတ်သက်ပြီး စိုးရိမ်စရာ တွေ ရှိနေတယ့် အချိန်မှာ စစ်တပ်ကလည်း ကောလဟသ တွေ ဖြန့်တာ သဘောကျ တော့ စ ဖြန့်တော့တာပဲ၊ သူတို့ ဒီလို လုပ်လာတာ ငါးနှစ် လောက် ရှိနေပြီ၊ သူတို့ရဲ့ ဝါဒ ဖြန့် ယန္တရားကြီးကလည်း မရပ်မနား လည်ပတ်နေတဲ့ အပြင် ဘယ်လို ဝါဒ ဖြန့်ရမလဲ ဆိုတာ အကြံ ကောင်း ဉာဏ်ကောင်းတွေ ရဖို့တောင် ပိုက်ဆံတွေ အများကြီး သုံးနေကြပါတယ်။

 

အဲ့ဒီ အထဲမှာ အမေကို အကျယ်ချုပ် နဲ့ ထားတယ် ပြောနေပေမယ့် သက်သေ အထောက်အထား မတွေ့ခဲ့ရပါဘူး၊ အမေဟာ လေဖြတ်ပြီး ဆုံးသွားပြီ ဆိုတာလည်း ပါ ပါသေးတယ်၊ ငလျင် လှုပ်ပြီး နောက်ပိုင်း အမေ ဆုံးပြီ ဆိုတဲ့ စာမျိုးတောင် ကျွန်တော် ရခဲ့ဖူးပါတယ်၊ ဒီလိုမျိုး သတင်း အမှားတွေ ကို ရင်ဆိုင်ဖို့ အတော်လေး အခက် တွေ့ခဲ့ရပါတယ်။

 

Q: နောက်ဆုံး ဘယ်အချိန်မှာ အဆက်အသွယ် ရခဲ့လည်း။

 

ပြီးခဲ့တဲ့ နှစ် နှစ် လောက်ကပါ၊ အဲ့ဒီတုန်းက အမေ အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ပို့ပေးနိုင်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ တိုက်ရိုက် ဆက်သွယ်တာမျိုး လုံးဝမရှိတော့ဘူး။

 

Q: အခု နောက်ပိုင်း ခင်ဗျား မိခင် ရဲ့ ကျန်းမာရေး နဲ့ ဖမ်းဆီးခံထားရ‌ တာ‌ တွေ ကို အများ သိလာအောင်ခရီးတွေ အများကြီး ထွက်ဖြစ်တယ်၊ အနောက်တိုင်းရဲ့ တုန့်ပြန်မှုက ဘယ်လိုရှိလဲ၊ အာဆီယံတို့၊ တရုတ်၊ အိန္ဒိယတို့ကကော၊ မြန်မာ နိုင်ငံ အတွင်း၊ အပြင်မှာ ရှိတဲ့ အခြား နိုင်ငံသားတွေကော။

 

အားလုံးက အပြုသဘော တုန့်ပြန်ကြပြီး ကူညီပေးချင်တဲ့ လူချည်းပါပဲ၊ အထူးသဖြင့် အီတလီ အထက်လွှတ်တော် အမတ်ဟောင်းဆို အတော်လေး အားပေးကူညီခဲ့ပါတယ်၊ ကွယ်လွန်သွားတဲ့ ပုပ်ရဟန်းမင်းကြီး နဲ့ မနှစ်က တွေ့ခွင့်ရအောင် စီစဉ်ပေးလို တွေ့ခွင့်ရခဲ့ပါတယ်၊ လက်ရှိ ပုပ်ရဟန်းမင်းကြီး နဲ့ တွေ့ခွင့် ရဖို့ ဆိုရင် စီစဉ်ပေးနိုင်မယ့် သူ ကလည်း သူမ ပဲ ဖြစ်နိုင်ပါတယ်။

 

တရုတ်တောင်မှ လာမယ့် ရွေးကောက်ပွဲ ကို တနည်း မဟုတ် တနည်း တရားဝင်လာအောင် အမေကို လွှတ်ပေးစေချင် ပါတယ်။ အမေ နဲ့ အခြား အဓိက ကျတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမှ ဖြစ်မယ်လို့ တရုတ်က သိထားပါတယ်။

 

စစ်တပ်ရဲ့ ဝါဒဖြန့်ချီရေး ယန္တရားတွေကြောင့် ကမ္ဘာ နေရာ အချို့က လာမယ့် ရွေးကောက်ပွဲဟာ တနည်း မဟုတ် တနည်း တရားဝင်တယ်လို့ တောင် လက်ခံထားကြတယ်၊ အဲ့ဒါ ဘယ်လိုမှ နားမလည်နိုင်တဲ့ ကိစ္စပါ၊ လက်နက်တွေနဲ့ လေယာဉ်ဆီတွေ စီးဆင်းနိုင်အောင် လုပ်ပေးနေတဲ့ ကွယ်ရာက မသမာမှုတွေကို ထည့်မပြောတော့ရင်တောင်၊ အခြား လျှို့ဝှက်အစီအမံတွေ အမြောက်အမြား ရှိနေတယ်ဆိုတာ သိသင့်တယ်။

 

အာဆီယံ အနေနဲ့ ပိုပြီး လုပ်နိုင်တာတွေ ရှိပါတယ်၊ တရားမဝင် လက်နက်တွေ ကိစ္စ ဝင်စွက်ခဲ့ရင် သူတို့ရဲ့ အချက် ငါးချက်ကို ဖေါက်ဖျက်ရာ ကျမယ်လို့ ပြောနေကြတယ်၊ တကယ် တမ်း ဘင်္ဂလား‌ ဒေ့ရှ်ကသာ အခြားသူ‌ တွေထက် ပိုပြီး အကူအညီ ပေးချင်နေကြတယ်။

 

Q: ၂၀၁၉ ဒီဇင်ဘာ မှာ နိုင်ငံတကာ တရားရုံးချုပ်သွားပြီး ရိုဟင်ဂျာ တွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် မြန်မာ နိုင်ငံ ဖက် ကနေ ကာကွယ် ပြောဆိုခဲ့တယ်၊ ဒါကို အတော်များများ အထူးသဖြင့် အနောက်တိုင်းက ပြစ်တင်ရှုတ်ချခဲ့ကြတယ်၊ သူမ ဘာလို့ ဒီလို့ လုပ်ခဲ့တာလဲ ဆိုတာ ဘယ်လို ယူဆလဲ၊ ဒီကိစ္စကို နိုင်ငံခြားက မူဝါဒ ရေးဆွဲသူတွေ၊ တက်ကြွ လှုပ်ရှားသူတွေ နဲ့ တွေ့တဲ့ အခါ ပြောလာကြတာ မျိုး ရှိလား။

 

စစ်တပ်က အမေ လုပ်ခဲ့တာကို အတော်ကို စိတ်အနှောက်အယှက် ဖြစ်ခဲ့ကြတယ်၊ အမေက ရဲရဲ့ဝန့်ဝန့် လုပ်ခဲ့တာပါ။ အရင်က လုပ်ခဲ့တာတွေနဲ့ လက်ရှိ လုပ်နေတာတွေရဲ့ သဘောတရားကို စနစ်တကျ စဉ်းစား သုံးသပ်နေခဲ့တာပါ။ ရိုဟင်ဂျာတွေ အပေါ် ကျုးလွန်ခဲ့တာက အတော်ကို ဆိုးဆိုးဝါးဝါး နိုင်လွန်းတာမို ကျုးလွန်တဲ့လူတွေကို တရားဥပဒေအရ အပြစ်ပေးရမယ့် အချိန်ရောက်နေပါပြီ၊ ဒါပေမယ့် အချို့ သတင်းသမားတွေက ခပ်ပေါ့ပေါ့ ပုံဖေါ်လာပြီး အချို့က သတင်းအမှားတွေ ကြောင့် ရေလိုက်လွဲနေကြတယ်။

 

Q: ခင်ဗျားရဲ့ မိခင်က ယခုဆို အသက် ၈၀ ‌ပြည့်လာပြီ ဆိုတော့ အသက်အရွယ် အတော် ရလာပြီ၊ သူ့ကို ပြန်လွှတ်ပေးမယ် ဆိုရင် နိုင်ငံရေးမှာ ဆက်ပြီး ပါဝင်နိုင်ဦးမလား၊ ဒါမှ မဟုတ် မြန်မာ လူ့ အဖွဲ့အစည်း အတွက် အခြားကဏ္ဍ တခုကနေ ပါဝင်ဖို့ ရှိလား။

 

အမေဟာ မြန်မာ့နိုင်ငံရေးအတွက် အနာဂတ် အဖြစ်ရှိနေဆဲပါ၊ နောက်ပိုင်းကနေ ဖြစ်ဖြစ်၊ အကြံပေးနေရာမျိုးပဲ ဖြစ်ဖြစ် ၊ နိုင်ငံရေးမှာတော့ ဆက်ပါရဦးမှာပါ။ လက်ရှိ နိုင်ငံရဲ့ အခြေအနေဆိုးကြီးကနေ ငြိမ်းချမ်းရေး တစ်မျိုးမျိုးကို ဆွဲထုတ်ပေးနိုင်တဲ့ လူနည်းစုထဲမှာ အမေလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။

 

အမေက ပြန်ပြီး သင့်မြတ်ကြဖို့ အမြဲ ပြောဆိုနေတာပါ၊ ငြိမ်းချမ်းရေး နဲ့ ပြန်လည် သင့်မြတ်ဖို့ အမေ ပြောနေတာတွေ တကမ္ဘာလုံးက နားစွင့် နေကြရတာပါ၊ အမေလိုမျိုး ပြောနိုင်ဆိုနိုင်မယ့် အလားအလာ ရှိသူ နှစ်ယောက်၊ သုံးယောက် ရှိနေပါတယ်၊ သူတို့လည်း လုပ်ရမယ့် အလုပ်က ခက်ခဲနေတော့ အဆင်သင့် မဖြစ်ကြသေးပါဘူး၊ ဒီလို အလုပ်မျိုးက ပေါ့ပေါ့လေး လုပ်နိုင်တာမျိုး မဟုတ်တော့၊ သူတို့ ဘာပဲ လုပ်လုပ် ဝေဖန်တဲ့ လူတွေ ရှိနေဦးမှာပါ။

 

Q: လာမယ့် ရွေးကောက်ပွဲ ကြောင့် သူမရဲ့ အနာဂတ် အပေါ် သက်ရောက်မှု ရှိလာနိုင်သလား၊ ပြန်လွတ်လာဖို့ အလားအလာ ကော ရှိလား။

 

တရုတ်တွေကိုယ်တိုင်ကတောင် သူမ လွတ်လာမလား၊ ဒါမှမဟုတ် သူတို့ တွေ့ခွင့်ရမလားလို့ မေးမြန်းခဲ့ကြတယ်။ အဲဒီအတွက် တောင်းဆိုမှုကိုတော့ ပယ်ချခဲ့ပါတယ်။

 

Q: အကယ်လို့ သူမကို ပြည်ပမှာ သွားနေမလားလို့ ရွေးချယ်ခွင့် ပေးခဲ့ရင်ကော လက်ခံမယ်လို့ ထင်လား။

 

အမေဟာ တနေ ရာရာမှ စိတ်ချ လုံခြုံစွာနဲ့ ကိုယ့်ကိုကိုယ် ဂရုတစိုက် နေထိုင်သွားပိုင်ခွင့် နဲ့ ထိုက်တန်ပါတယ်၊ ဒါပေမယ့် သူအနေနဲ့ သွားမယ်လို့ မထင်ဘူး၊ ဒီလောက်ထိ ကြံ့ကြံ့ခံလာခဲ့ပြီး အခုမှ ဘာလို့ နောက်ဆုတ် အလျော့ပေးမှာလဲ၊ တောက်လျောက် မြန်မာပြည်မှာ ရှိနေမယ့်သူပါ။

 

အကျယ်ချုပ်နဲ့ နေလာခဲ့ရတဲ့ အချိန်တွေမှာတောင် သူမ ရည်မှန်းထားခဲ့တာတွေကို ငြိမ်းချမ်းတဲ့ နည်းနဲ့ အရယူ နိုင်ခဲ့တာပဲ၊ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို စတင်နိုင်ခဲ့တယ်၊ ခနော်နီ ခနော်နဲ့ ‌ဆိုပေမယ့် တိုင်းပြည် အတွက် ရလဒ် ကောင်းတွေ ထွက်ပေါ်လာခဲ့တာပဲလေ၊

 

အမေဟာ မြန်မာပြည်အတွက် ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီ ပေါ်ထွန်းအောင် ဘယ်လောက်ထိ အနစ်နာခံပြီး လုပ်ခဲ့တယ် လို့ လူအများက ပြောနေကြတယ်၊ဖခင်ဖြစ်သူရဲ့ အမွေနဲ့ ဖခင်ကိုယ်စားပြုတဲ့ စံနှုန်းတွေကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ချင်တဲ့ အသိ စိတ်ဓာတ်ကြောင့် ဒီလိုလုပ်ခဲ့တာပါလို့ ပြောကြတယ်။

 

အားလုံး အမှန်တွေချည်း ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် အမေ လုပ်နေတဲ့ အဓိကအကြောင်းရင်းကတော့ ဒါဟာ စွန့်လွှတ်မှု မဟုတ်ဘဲ မှန်ကန်တဲ့ကိစ္စလို့ ယုံကြည်ထားလို့ လုပ် နေတာ လို့ ကျွန်တော် အခိုင်အမာ ယူဆထားပါတယ်။

 

ကျွန်တော် အနေနဲ့လည်း ဒီအရေးမှာ အမေ ခြေရာ ကို မနင်းချင်ပေမယ့် မျက်စိရှေ့မှာ ဖြစ်ပျက် နေတာတွေကို ကိုယ့်ဘက်က နည်းနည်းလေးမှ မကြိုးစားဘဲဘေးကနေ လက်ပိုက်ကြည့်နေလို့ မရတော့ လို့ပါပဲ။

***********

ဒေါ်အောင် ဆန်းစုကြည် ၏ ဟိဂ် ခရီးစဉ် အပေါ် အေးရှားတိုင်းမ် ၏ သုံးသပ်ချက်

 

ထိုကိစ္စ အပေါ် နိုင်ငံတကာ အသိုက်အဝန်း ရှိ အတော်များများက တွန့်ဆုပ်သွားကြပြီး ဒီမိုကရေစီ တိုက်ပွဲ ဝင်စဉ်က ရရှိခဲ့သည့် ဆုတံဆိပ် အများအပြား ရုပ်သိမ်းပစ်ခဲ့ကြသည်။ မြန်မာ ပြည်တွင်း တွင်တော့ သိသိသာသာ ကွဲပြားခဲ့ပြီး သူမ အပေါ် လူထု ၏ ထောက်ခံမှုသည် အနည်းငယ်မျှပင် လျော့ကျ သွားခဲ့ခြင်း မရှိပေ။

 

ဒေါ်အောင်ဆန်းစုကြည်သည် ဟိဂ် ကို စစ်တပ် အရာရှိတဦးတလေမျှ မပါဘဲ အရပ်ဖက် ဝန်ထမ်းများ နှင့်သာ သွားရောက်ခဲ့သည်။ သူမ၏ မိန့်ခွန်းထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအရ တရားစီရင်ရေး စနစ် ရှိထားပြီး ဖြစ်သော်လည်း အပြစ်အနာအ‌ဆာများ ရှိနေကြောင်း၊ စစ်တပ်ဖက်က စစ်ရာဇဝတ်မှု မြောက်သည့် ကျူးလွန်ထားမှုများ ရှိနေ၍ ပြည်တွင်းတွင်သာ စစ်ခုံရုံးတင် စစ်ဆေးသွားမည်ဟု ထည့်သွင်း ပြောဆိုသွားခဲ့သည်။ ထိုစကားနှင့်ပင် စစ်တပ်ဖက်က တုန့်ပြန့်မှု များ ထွက်ပေါ်လာခဲ့သည်။

 

၂၀၁၉ ဒီဇင်ဘာ ၁၂ ရက် ‌ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာ တရားရုံးချုပ်တွင် လျောက်လှဲချက် ပေးသည့် နေ့တွင်ပင် ရန်ကုန် မြို့လည် ခေါင်တွင် သံချပ်ကာ ကားများ၊ လက်နက်ကိုင် စစ်သားများ လှည့်လည် လာခဲ့သည်။

 

စစ်တပ်မှ ရေတပ် နှစ်ပတ်လည် အတွက် အစမ်း လေ့ကျင့်ခြင်း ဟု ပြောလာသော်လည်း ရေတပ် အမှုထမ်းများ၊ ရေတပ်နှင့် ဆိုင်သည့် စစ်လက်နက် ပစ္စည်းများ တခုတလေမျှ မပါဝင်ပေ၊ ဟိဂ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည်များသည် အာဏာသိမ်းပြီး သူမအား အကျဉ်းချထားရန် ဆုံးဖြတ်ခဲ့သည့် အကြောင်းရင်းများထဲတွင် တခု အပါအဝင် ဖြစ်လာခဲ့သည်။

 

စစ်ဗိုလ်ချုပ်များက စစ်ဖက် ရေးရာများတွင် အရပ်သားများ ဝင်ရောက်စွက်ဖက် ပိုင်ခွင့် မရှိဟု ရှုမြင်ထားကြသည်။ ဖြစ်လာဖို့ မျှော်လင့်ချက် မရှိသော်လည်း အကယ်၍ သူမအား စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲမတိုင်မီ သို့မဟုတ် နောက်ပိုင်းမှာ လွတ် ပေး လာခဲ့လျင်ပင် နိုင်ငံတကာ ထောက်ခံမှုကို ပြန်လည်ရရှိဖို့အတွက်ကတော့ ခက်ခဲသည့် အတားအဆီး တခုအဖြစ် ရှိနေပေဦးမည်။

 

ပြည်သူတို့၏ တော်လှန်စစ် မုချ အောင်ရမည်!!!