တိုင်းပြည် အေးချမ်း တည်ငြိမ် တိုးတက်နေပြီး အသစ် ထွက်ပေါ်လာမည့် လွှတ်တော် ကြီး ၏ တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်ချက်များကို နောက်တနေ့တွင် ကြည့်ရတော့မည်ဟူသော အတွေးဖြင့် အိပ်ယာထဲ ဝင်သွားကြသည့် ပြည်သူများ အဖို့ မနက် အိပ်ယာ နိုးလာချိန်တွင်တော့ မင်းအောင်လှိုင်၏ ပြည်ဖျက် လုပ်ရပ်များ ကြောင့် မှောက်မိုက်ခက်ခဲသည့် ခရီးကြမ်းကို ဗုံးသံ သေနတ်သံ များ အကြားစတင် လျှောက်လှမ်းနေကြရပြီး ဖြစ်သည်။
လက်ရှိ ချောင်းဦး မြို့ သီတင်းကျွတ် ပွဲတော် ကျင်းပ နေသည်ကို လေယာဉ် ပေါ် မှ မှားယွင်း ဗုံးချ သွားခြင်း မဟုတ်၊ နိုင်ငံတကာ တွင် အပျော်စီး ရန် အသုံးပြု နေသည့် ပါရာ မော်တာ ခေါ် စက်တပ် ဂလိုက်ဒါ ဖြင့် အသေအချာ ချိန်ရွယ် ပစ်ခတ်သွားခြင်း ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက် က တော်လှန် ရေး ၏ ခံတပ်ကြီး ဖြစ်လာနေသော စစ်ကိုင်း တိုင်း အတွင်း ရှိ လူထု တရပ်လုံးအား မင်းတို့ ပြေးစရာ မြေမရှိ၊ အသက်ကို ဖက်နှင့် ထုတ်ထားဟု ခြိမ်းခြောက်လို၍ လည်းဖြစ်သည်၊ သို့မှသာ လူထု ကြီးက ပြည်သူ့ကာကွယ်ရေး တပ်များကို ငြူစူလာပြီး မောင်းနှင်ထုတ်ကြပေမည်ဟု ရည်ရွယ် လုပ်ဆောင်လာကြခြင်းလည်း ဖြစ်သည်။
ဗုဒ္ဓဘာသာ ပြန့်ပွား ထွန်းကားရာ မြန်မာ ပြည်တွင်အခါကြီး ရက်ကြီး မရှောင် သီတင်းကျွတ် ပွဲတော် အား ဗုံးကြဲတိုက်ခိုက်လိုက်သည် ဆိုသော သတင်းသည် ယနေ့ နိုင်ငံတကာ သတင်းစာမျက်နှာ များတွင် ပါရှိလာပြီ ဖြစ်သည်။
သို့သော် ယခု အချိန်အထိ မည်သည့် အစိုးရ ကမျှ ပြစ်တင် ရှုတ်ချခြင်း မရှိသေးဘဲ မျက်နှာပြောင်တိုက်ကာ မသိကျိုးကျွံ ပြုနေကြဆဲ ဖြစ်သည်။
“ငါတို့ ကမ္ဘာတဝှမ်း ဒီမိုကရေစီ ပျံ့ပွားအောင် လုပ်နေတယ် လို့ လာပြောမနေကြနဲ့တော့၊ ဖက်ဆစ် ဟစ်တလာ နဲ့ ကွန်မြူနစ် စတာလင် ကို တိုက်ခဲ့တဲ့ သူရဲကောင်း တွေ ဘယ်ရောက်ကုန်ပြီလဲ”
ထိုင်း ဝါရင့် သံတမန်ကြီး ပီယိုမြ က တခါက ထိုသို့ မချင့်မရဲ ပြောခဲ့ဖူးပေသည်။
အရှေ့တောင်အာရှသည် ထရမ့်၏ မရေရာ မသေချာမှု များ နှင့် အတူ အမေရိကန်-တရုတ် တို့ အကြား အားပြိုင်မှု ပြင်းထန်သည်ထက် ပြင်းထန်လာနေ၍ နိုင်ငံများသည် သတိကြီးစွာ ထား၍ ဆက်ဆံနေကြရသော်လည်း မင်းအောင်လှိုင်ကတော့ တရုတ် နှင့် ရုရှားကို ၎င်းနှင့် ယောက္ခမ တော်စပ်နေသည့် အလား ပြောချင်ရာ ပြောနေဆဲ ဖြစ်သည်၊ အားလုံးက သတိကြီးစွာ ဖြင့် နေ နေ ကြချိန်တွင် ၎င်းက နျူကလီယား၊ နျူကလီယား ဟု ထ ၍ ဟစ်ကြွေး နေခြင်းလောက် မိုက်မဲသည့် အရာ ရှိပေဦးမည်လော၊
တိုင်းပြည် ကို အုပ်ချုပ်မည် ဆိုသူ အဖို့ ဘာကိုမျှ မသိနိုင်၊ မမြင်နိုင်၊ ပြောချင်ရာ ပြောနေသော်ငြားလည်း အောက်ခြေ မှ စစ်သည်များ များကတော့ ကောင်းစွာ သိမြင်နေကြပြီ။ ၎င်းတို့ အဖို့က ရုန်းမထွက် နိုင် ဖြစ်နေရပြီး မြန်မြန် ပြီးမှ အေးမည်ဆိုကာ လူထု အပေါ် ပို၍ ရန်လိုလာကြခြင်း ဖြစ်သည်။ အားလုံးကို မသင်္ကာစိတ်ဖြင့် ဆက်ဆံလာ ကြသည်။
သို့သော် ၎င်းတို့ အကြီးအကဲများသည် ဘုရားတည်ခြင်း၊ လာဘ်စားခြင်း၊ ဆွေမျိုးသားချင်း၊ အောက်လက် များ ကောင်းစားအောင် လုပ်ပေးခြင်း အစရှိသည် တို့တွင် လွန်စွာ ထူးချွန် ပြောင်မြောက်စွာ လုပ်နိုင်စွမ်း ရှိသူများ ဖြစ်၍လည်း အားကိုးနေကြသည်။
မင်းအောင်လှိုင် မှ ထိုသို့ လက်တွေ့ အဖြစ်အပျက်များ နှင့် ကင်းကွာအောင် ပြောဆိုလာသည့် အခါတိုင်း စစ်တပ်၏ ဝါဒ ဖြန့်ချီရေး စက်ယန္တရားကြီး သည် လူထု အကြိုက် သတင်းအတု အယောင်များ ထုတ်လွှင့်ကာ အာရုံ ပြောင်း ပေးနေရသည်၊ တော်လှန်ရေး ဘက်တော်သားများအား အပုပ်ချ၊ အောက်လုံးထိုးသည့် သတင်းများ ထုတ်လွင့်ကြသည်၊
ပြည်တွင်း ပြည်ပမှ သူများသည် ပြည်သူများ အကြားမှ ပေါက်ဖွားလာသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို လိုအပ်သမျှ တတ်စွမ်းသမျှ ပံ့ပိုးပေးလာနေသည်မှာ အရှိန်လျော့ကျသွားခြင်း မရှိပေ။ သို့သော် အဓိက နေရာမှ ပံ့ပိုးပေးနေသူ တဦးသည် စစ်တပ် ဝါဒဖြန့် ချီရေး ဘက်တော်သားများ ၏ ဝိုင်းဝန်း တိုက်ခိုက်မှု ကြောင့် ကြိုးဝိုင်း အတွင်းမှ ထွက်ခွာသွားပြီဟု ပြောဆိုသွားခဲ့သည်၊ ရံပုံငွေ ရှာဖွေ ပေးနေသူ ကို အိပ်ထဲ ထည့်နေသည် ဟူ အခြေအမြစ် မရှိဘဲ မည်သူ မဆို အလွယ်တကူပင် စွပ်စွဲ နိုင်ကြသည်။ မည်သို့ပင် ဖြစ်စေ ယခုလို တော်လှန် ရေး အတွက် အရေးတကြီး လိုအပ်နေချိန်တွင် စစ်အုပ်စု အတွက် အောင်ပွဲရသွားခြင်းလည်း ဖြစ်ပေသည်။
၂၀၂၀ ရွေးကောက်ပွဲ တွင် ပြည်သူများ ရွေးချယ် တင်မြှောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦး ထောင်သွင်း အကျဉ်းချ ခံနေရချိန်တွင် ပြီးခဲ့သည့် ရွေးကောက်ပွဲ နှစ်ခုစလုံး အနည်းငယ်မျှသာ ရွေးချယ်ခံခဲ့ရသည့် USDP မှ ခင်ရီ၊ မောင်မြင့်၊ ဘူးလက်လှ ဆွေ တို့နှင့် လွှတ်တော်ထဲ တခါမှ မရောက်ရသေးသည့် ကိုကိုကြီး တို့ကတော့ အားတက်သရော ဖြစ်နေကြလေပြီ၊ ယခုပွဲထက် သေချာသည်က အဘယ်မှာ ရှိနိုင်ပေဦးမည်နည်း။
ထိုရွေးကောက်ပွဲ ကို ထောက်ခံသည့် နိုင်ငံဟူ၍ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘဲလာရုစ်၊ ထိုင်း၊ ကမ္ဘောဒီယား ခြောက်နိုင်ငံသာ ရှိပေသည်။
၎င်းတို့ရွေးကောက်ပွဲ အား လူမြင်ကောင်းစေချင်လျင် အသက် ၈၀ ရှိ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှသာ ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု အာရက္ခ တပ်မှုး ချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီ နှင့် အင်တာဗျုး တွင် ပြောဆိုသွားခဲ့သည်။
ပြည်သူတို့၏ တရားသော စစ် မုချအောင်ရမည်!!!
Illustration Credit - Original Creator