မင်းအောင်လှိုင်၏ ကမ္ဘာပတ်ခဲ့သော ခရီးစဉ်သည် ၎င်း မျှော်လင့် ယုံကြည်နေသည့် တရားဝင်ခံရမှု အစား ကြည့်ရသည်မှာ အရိုသေ တန်စရာ အဖြစ် ထွက်ပေါ်လာခဲ့ကြောင်း၊ မျက်နှာ ကလည်း ရူးနေလား ယူဆရလောက်အောင် ကိုယ့်ကို ကိုယ် ဟုတ်လှပြီဟု ဘဝင်ခိုက်နေသည့် မျက်နှာပေးကြောင့် ပုံစံ စိတ် ရှိသူ မှန်သမျှ ပါးရိုက်ချင်စရာ မျက်နှာမျိုး ဆိုသည့် ဂျာမန် စကား ဖြစ်တဲ့ Backpfeifengesicht (a face asking to be hit) ကို ခေါင်းထဲ ပေါ်လာကြမှာ ဖြစ်သည်ဟု မြန်မာ အရေး ကျွမ်းကျင်သူ ဒေးဗစ် စကော့ မေသီဆန်က မြန်မာနောင်းတွင် ဆောင်းပါးရှည်ကြီး ရေးသားလာခဲ့သည်ကို ကောက်နှုတ်တင်ပြသွားပါမည်။
၎င်း၏ ခရီးစဉ် အတွင်း ထွက်ပေါ်လာသည့် ပုံများကို ကြည့်မည် ဆိုက မဟုတ်တာကို အဟုတ်ထင်နေသည့် အမူအရာမျိုး တွေ့နေရသည်။ ကိုယ့်ကိုကိုယ် နိုင်ငံတော်အကြီးအကဲအဖြစ် သတ်မှတ်ထားသူက စျေးပေါပေါ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ထဲက ဗီလိန်တစ်ဦးလို နျူကလီးယားနှင့် လေကြောင်းအာကာသဆိုင်ရာ နည်းပညာများကို မျက်စိကျနေသည့် မြင်ကွင်းမျိုးသည် ကြည့်ရသည်မှာ အဓိပ္ပာယ်မရှိ၊ လှောင်စရာ ကောင်းနေသည်။
သို့သော် ဂျိမ်းဘွန်း ရုပ်ရှင်များထဲက ဗီလိန်လူဆိုးကြီး ဘလိုဖယ် လိုတော့ ဉာဏ်ကြီးကြီး ပုံစံမျိုးတော့ ထွက်မလာ၊ ဝတ်စုံ ခပ်ညံ့ညံ့ ဝတ်ပြီး ကိုယ့်ကိုကိုယ် အထင်ကြီးပြီး ခပ်ကြွားကြွား၊ အဓိပ္ပာယ်မရှိ ပြောတတ်သူ တယောက်ပုံ မျိုးသာ ထွက်လာခဲ့သည်။
အပြန်ခရီး တွင် ပင်ပန်း နွမ်းနယ်နေပြီး ပုံမကျ ပန်းမကျ ဆိုးထားသည့် ဆံပင်၊ ညိုးငယ် ခြောက်ကပ် နေသည့် သစ်ကြားသီး လို ပုံစံ မျိုး နှင့် ၎င်း အပေါ် သစ္စာရှိသည့် မီဒီယာများ နှင့် အင်တာဗျူးနေသည်ကို ကြည့်ပြီး ဒေါ်နယ် ထရမ့်ကိုပင် ပြေးမြင်လာမိသည်။
ခရီးသွားသည့် ဒဏ် ပိလာပုံရသည်။ အပြန်ခရီး တွင် ကူမင်းသို့ ဝင်ခဲ့ရပြီး ယူနန် ပြည်နယ် အရာရှိများ နှင့် ဆွေးနွေးခဲ့ရသည်။ (ယူနန် တွင် USDP အမတ် အပါအဝင် ကိုးကန့် ခေါင်းဆောင်များ အား သေဒဏ်စီရင်ချက် ချသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။ ----- မိမိအမြင်သာဖြစ်၏)
မင်းအောင်လှိုင်သည် အာဏာရှင် နိုင်ငံများ ရောက်တိုင်း ကိုယ့်အိမ်ကိုယ့်ယာ ရောက်နေသလို ယူဆပုံရသည်။ ၎င်းတို့ အားလုံးလည်း အတူတူ နှင့် အနူနူ အာဏာရှင်များ ဖြစ်နေကြသည်။
အာဏာရှင်များ နှင့် ပေါင်းထုတ်သည့် သံခင်းတမန်ခင်း နောက်ကွယ်တွင် မည်သို့သော ရည်ရွယ်ချက်မျိုး ရှိနေသနည်း။ ၎င်း၏ ဒီဇင်ဘာ ရွေးကောက်ပွဲ အတွက် မည်သို့သော အထောက်အကူ မျိုး ရလာ နိုင်သနည်း။
ပထမဆုံး သတိရ ရမည်က မင်းအောင်လှိုင်သည် နိုင်ငံတကာ ၏ အာရုံစိုက်မှု နှင့် ထိတွေ့ရမှု ကို မျှော်လင့် တောင့်တနေသူ ဖြစ်သည် ဆိုသော အချက်ပင် ဖြစ်သည်။ နိုင်ငံခြားသားများကို သဘောမကျ သည့် ဗိုလ်သန်းရွှေ ကဲ့သို့ မဟုတ်ဘဲ အရပ်သား အစိုးရ လက်အောက်တွင် ရှိနေစဉ်ကပင် အခွင့် အရေး ရလျင် ရသလို ကမ္ဘာခေါင်းဆောင်များ နှင့် တွေ့ဆုံတတ်သူ ဖြစ်သည်။ ကြောက်မက်ဖွယ် ကောင်းလှသည့် စစ်ကိုင်း မြေငလျင်ကြီး ဖြစ်ပြီးကာစ တွင် မဲခေါင် အစည်းအဝေး တက်ရန် ဘန်ကောက်သို့ အရောက်သွားခဲ့သူ ဖြစ်သည်။
လက်နက် ဝယ်ယူရေး၊ ရင်းနှီးမြုပ်နှံလာရေး တို့သာမက ၎င်း၏ ရွေးကောက်ပွဲ အား လူသိရှင်ကြား ထောက်ခံလာဖို့ပါ ကြိုးစားခဲ့သည်။ ၎င်းတို့၏ ရွေးကောက်ပွဲ သည် မည်သည့် အခါမျှ လွတ်လပ်၍ တရားမျှတမှု မရှိခဲ့ဖူးသည့် ရုရှား၊ ဘဲလာရုစ်၊ ကမ္ဘောဒီယား တို့မှ လေ့လာစောင့်ကြည့်မည့် လူများ စေလွှတ်ပေးမည်ဟု ကတိပြုထားပြီး ဖြစ်သည်၊ မိုဒီ လက်ထက်တွင် အာဏာရှင် ဆန်လာနေ သော အိန္ဒိယ သည်လည်း အလားတူ လုပ်လာဖွယ် ရှိသည်။
မြန်မာ၏ စစ်ရေး အသုံးစရိတ်သည် ဒေါ်လာ ၅ ဘီလီယံ အထိ ရှိလာပြီး အာရှ တွင် အမြင့်ဆုံး ဖြစ်လာသည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး နှင့် သုတေသန အင်စတီကျု ၏ စာရင်းဇယား များ တွင် ဖေါ်ပြထားသည်။ ဤသည်ကပင် တော်လှန်ရေး အင်အားစု များကို ပြန်လည် တိုက်ခိုက်ဖို့ မည်မျှ အတိုင်းအတာ အထိ လုံးပမ်းနေရသည်ကို ထင်ဟပ် စေသည်။
ယခုအခါ ကမ္ဘာကြီးတွင် ဒီမိုကရေစီ သည် နန်းကျနေချိန် ဖြစ်၍ မြန်မာ သည် အပယ်ခံ အဖြစ် ရှိနေရမည့် အဖြစ်မှ ပြန်လည် လူးလွန့် ထွက်လာနိုင်ခဲ့ခြင်းလည်း ဖြစ်ပြီး ၎င်းတို့ အနေအထား ခိုင်လာနေပြီဟု ယူဆလာခြင်းလည်း ဖြစ်သည်။ အနောက် အုပ်စု နှင့် ကုလ လုံခြုံရေး ကောင်စီတို့၏ အရေးယူ ဒဏ်ခတ်မှု များလည်း အလုပ်မဖြစ်ခဲ့။
စက်တင်ဘာ လ အကုန် နယူးယောက် တွင် ပြုလုပ်ခဲ့သည့် ရိုဟင်ဂျာ အရေး အစည်း အဝေး တွင် မြန်မာ ဆိုင်ရာ ကုလ အထူးသံတမန် မစ္စက် ဂျုလီ ဘစ်ရှော့က စစ်အုပ်စုအား ကမ္ဘာမှ ရှုတ်ချ ပြစ်တင်မှု များ လျော့ပါးလာနေပြီး မင်းအောင်လှိုင်အား ဒေသတွင်း ထိပ်သီး ဆွေးနွေးပွဲများသို့ပင် ဖိတ်ကြားလာကြပြီ" ဟု ထောက်ပြသွားခဲ့သည်။
စစ်တပ်မှ နယ်မြေ အချို့ ပြန်ရလာခြင်း၊ ဒေသတွင်း အစည်းအဝေး များသို့ တက်ရောက်ခွင့် ရလာခြင်းများသည် ၎င်းအကျိုးရှိဖို့သာ ဖြစ်လာခဲ့သည်။
၂၀၁၇ တွင် NLD အစိုးရမှ အဆက်ဖြတ်ထားခဲ့သော မြောက်ကိုရီယား နှင့် ဆက်ဆံရေးကို ၂၀၂၃ တွင် တရားဝင် ပြန်လည် ထားရှိလာခဲ့သည်။
၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းတွင် ယူကရိန်း စစ်၊ ဂါဇာစစ်၊ ထရမ့်၏ ဒုတိယ သက်တမ်း၊ တရုတ်တို့ ယုံကြည်မှု အပြည့်ဖြင့် ဒေသတွင်း ဗိုလ်ကျ လွှမ်းမိုးလာမှု အစရှိသည် တို့ဖြင့် ကမ္ဘာကြီးသည် ပြောင်းလဲလာခဲ့သည် နှင့်အမျှ အာဏာရှင်စနစ် ခေါင်းထောင်ထလာခဲ့သည်။
မင်းအောင်လှိုင်သည်လည်း ထိုအခြေအနေများကို အခွင့်ကောင်းယူက ကမ္ဘာစင်မြင့်တွင် တိုး၍ ချိန်ကိုက် လှုပ်ရှားလာခြင်းမျိုးသာ ဖြစ်သည်။ ဝါဒ ရေးရာ နှင့် မနီးစပ်ဘဲ အခွင့်အရေး ကို အမိအရ ဖမ်းသည့် သဘောမျိုးသာ ဖြစ်သည်။
အမျိုးသား ညီညွတ်ရေး အစိုးရသည်လည်း မကြာမီက ပူးတွဲ ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ ကို ဖွဲ့စည်းလာခဲ့သည်။ NUG သည် ဝါရှင်တန် နှင့် လန်ဒန်မှ မည်သည့် အကူအညီ မျိုးမှ မရနိုင်သည်ကို သဘောပေါက်လာပြီ ဖြစ်သည်၊ အင်ဒိုနီရှား နှင့် မလေးရှား ကဲ့သို့သော နိုင်ငံမျိုးထံမှ စာနာမှု မျိုးသာ ရနိုင်သည်၊ စာနာမှု မျိုး ဖြင့်လည်း စစ်ပွဲ အနေအထား အပေါ် သက်ရောက်မှု ရှိမလာနိုင်ပေ။
မင်းအောင်လှိုင် က တော့ ကုပ်ကပ်နေရင်း ပြောင်းလဲလာနေသော ကမ္ဘာ အခြေအနေကို စောင့်ကြည့်ကာ ၎င်းတွင်ရှိသည့် အာဏာရှင်လက်မှတ်ဖြင့် ပုလင်းတူ ဗူးဆို့ လုပ်စားနိုင်မည့် အခွင့်အလန်းများကို ချဲ့ထွင်လာနေပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!