နောက်ထပ် တနိုင်ငံ တိုးသွားပြီလော

by Hla Soewai - Oct 13 2025

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန် သည် ‌နေ့ခြင်းပြန် ခရီး နေပြည်တော်သို့ ရောက်လာပြီး မင်းအောင်လှိုင် နှင့် ကသုတ်ကရက် တွေ့ဆုံသွားခဲ့သည်။

 

၎င်း အဖို့လည်း အာဆီယံ ဥက္ကဌ အနေဖြင့် လာမည့် ထိပ်သီး ဆွေးနွေးပွဲ တွင် အချက် ငါးချက် ဂါထာ မန္တရာ ကို ချည်း ရွတ်ဆိုနေ၍ မဖြစ်၊ တင်ပြနိုင်မည့် အကြောင်းအရာ တခုကို ရှာရမည် ဖြစ်သည်။ ယခင်က ၎င်းနှင့် အတူ အင်ဒိုနီရှား၊ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး များ အတူ လိုက်ပါရန် စီစဉ်ထားသော်လည်း ခရီးစဉ် ကို ရွှေ့ဆိုင်းပြီး ဟာဆန် တယောက်ထဲ ပေါက်ချလာခြင်း ဖြစ်သည်။

 

သို့သော် အရှက်ကင်းမဲ့နေသည်က မင်းအောင်လှိုင်ပင် ဖြစ်သည်။ ၎င်း နှင့် အနည်းဆုံး သန်းဆွေ အားလာမည့် ထိပ်သီး ဆွေးနွေးပွဲ သို့လည်း ဖိတ်ကြားခြင်းလည်း မရှိ၊ ထိုသို့ လူသိရှင်ကြား ဖယ်ကျဉ် ခံထားရမှု ကို ရှက်ရ ကောင်းမှန်း မသိ၊ ၎င်း၏ ရွေးကောက်ပွဲသည် နိုင်ငံရေး ပါတီ ၅၇ ပါတီ နှင့် ကိုယ်စားလှယ်ပေါင်း ၅,၀၀၀ ခန့် ယှဉ်ပြိုင်ကြမည်ဟု တဖက်၏ ယုံကြည်မှု ရရန် ပြောဆိုသွားသည်။

 

ချက်ခြင်းလိုပင် ၎င်းတို့ မီဒီယာများက မလေးရှားမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရန် အဖွဲ့ စေလွှတ်မည်ဟု ကြေညာချက် ထုတ်ပြန်လာသည်။

 

အဆိုပါ သတင်းအား ပြည်ပ သတင်းဌာနများက မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းသော်လည်း မည်သူမျှ မှတ်ချက် တစုံတရာ မပေးဘဲ ရေငုံ နှုတ်ဆိတ်နေကြသည်ဟု သိရသည်။

 

သို့သော် မလေးရှား နိုင်ငံခြားရေး ဌာန ၏ ဆိုရှယ် မီဒီယာ ပို့စ် တွင် ထိုသို့ စေလွှတ်မည့် အကြောင်း တလုံး တပါဒ မျှ ဖေါ်ပြထားခြင်း မတွေ့ရဘဲ "ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်" ဟု သာ ပါရှိခဲ့ကြောင်း ရိုက်တာ သတင်း တွင် ဖေါ်ပြလာခဲ့သည်။

 

မလေးရှား မီဒီယာများကလည်း စစ်အုပ်စု၏ အပြောကို ကိုးကား ဖေါ်ပြ နေကြသော်လည်း ၎င်းတို့ အစိုးရ၏ အတည်ပြုချက် ကို တစွန်းတစ မျှပင် မကြားရ ဖြစ်နေသည်။

 

သံတမန် ထုံးတမ်းအရ ထိုကဲ့သို့သော ကြေညာချက်မျိုး ကို နှစ်ဖက် ညှိနှိုင်း အတည်ပြုပြီးမှသာ ထုတ်ပြန် ရစမြဲ ဖြစ်သည်။

 

ထိုသို့ လုပ်သင့် လုပ်ထိုက်သည်ကို စစ်အုပ်စု ၏ နိုင်ငံခြားရေး ဌာန ဗျူရိုကရက်များ မသိဘဲ နေမည် မဟုတ်သော်လည်း ဘဝမြင့် ရောဂါ စွဲကပ်‌ နေသော အာဏာရှင် ကြီး၏ တသွေးတသံ တမိန့်ကို မည်သူ လွန်ဆန်ဝံ့ပေမည်နည်း။

 

ဟာဆန် ကိုယ်တိုင် ဇန်နဝါရီ လ အတွင်း လန်ကာဝီ တွင် ပြုလုပ်သော အာဆီယံ အစည်း အဝေး တွင် ရွေးကောက်ပွဲ ကို ဦးစား မပေးသင့် စစ်ပွဲ ရပ်အောင် အရင်လုပ်ပါဟု ပြောထားခဲ့ပါလျက် ယခု လေ့လာ စောင့်ကြည့်ဖို့ အဖွဲ့ပင် စေလွှတ်မည်ဟု ပြောလာခြင်းသည် အမှန်ဟု ဆိုက တို့ဆေး မိ စိတ်ညို့ခံရ၍‌လော၊ မင်းအောင်လှိုင်၏ ယတြာ အစွမ်း ထက်၍ လော ဟု ယူဆရမလို ဖြစ်နေသည်။

 

မည်သို့ပင် ဖြစ်စေ မြေခွေးက သတ်သတ်လွတ် စားမည် ဆိုသော ရွေးကောက်ပွဲမျိုးကို အာဏာရှင် လက်တဆုပ်စာ အပြင် အာဆီယံ က ယုံကြည်မည်ဆိုက အံ့ဩဖွယ်ရာပင် မဟုတ်ပါလား၊ ဟာဆန် ရောက်မလာမီလေး တွင်ပင် သီတင်းကျွတ် မီးထွန်းဆုတောင်းပွဲ ကို ဗုံးကြဲ တိုက်ခိုက်ပြလိုက်ခြင်းပင် အာဆီယံ ကို အရေးလုပ်စရာ မလိုတော့၊ ၎င်းအား အသိအမှတ်ပြုလျင် ကြိုဆိုမည် ဆိုကာ မင်းအောင်လှိုင်က ပုဆိုးလှန်ပြလိုက်ခြင်းလည်း ဖြစ်သည်။

 

စစ်ကိုင်း တိုင်း ချောင်းဦး မြို့ သီတင်းကျွတ် မီးထွန်းပွဲ အား ဗုံးကြဲ တိုက်ခိုက်မှု ကို လည်း အကြမ်းဖက် စစ်အုပ်စု မှ လူသိရှင်ကြား ဝန်ခံခဲ့ရပြီ ဖြစ်သည်။

 

စစ်အုပ်စု၏ သတင်း ပြန်ကြားရေး မှ ကြေညာချက် ထုတ်ပြန်ရာတွင် တော်လှန်ရေး တပ်များသည် လူအုပ်စု ကြီးအား လူသား ဒိုင်း အဖြစ် အသုံးပြု‌နေ၍ တိုက်ခိုက်ရခြင်း ဖြစ်သည် ဟု ဆိုသည်။

 

၎င်းတို့ မည်မျှ အထိ အသိဉာဏ် ကင်းမဲ့စွာ ပြောဆိုနေ ကြောင်း ထုတ်ဖေါ် ပြသလိုက် ခြင်း လည်း ဖြစ်သည်။

 

၎င်းတို့ အ‌ဆိုအရ ပွဲတော်လာ လူအုပ်ကြီးထဲတွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ လုံခြုံ‌ ရေး ယူရန် လေးငါး‌ယောက်လောက် ပါလာသည်နှင့်ပင် လူအုပ်ကြီး ကို ဗုံးကြဲ သတ်ဖြတ်ဖို့ ဝန်မလေး ဆိုသည့် သဘောပင် ဖြစ်သည်။

 

အောက်မှ ပြန်လည် ပစ်ခတ်လာမည် မဟုတ် သည်ကို သိထား၍လည်း ယခုလို အနီးကပ် ပါရာဂလိုက်ဒါ မောင်းသူက လက်နှင့်ကိုင်ပြီး ဖယောင်းတိုင်များ ထွန်းညှိ မီးပူဇော်‌နေသည့် လူအုပ်တည့်တည့် ပစ်ချခဲ့ခြင်းလည်း ဖြစ်သည်။ လက်ရှိတွင် လူ ၂၄ သေဆုံးပြီး ၅၀ ခန့် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သည်။

 

ထို ပွဲတော် အနီး တိုက်ပွဲ ဖြစ်ပွားခြင်း လည်း မရှိဟု နှစ်ဖက် ထုတ်ပြန်သော သတင်းများအရ သိရသည်ဟု အေပီ သတင်းက ဆိုသည်။

 

လူ့အသက် ကို ပုရွက်ဆိတ် တကောင်လောက်ပင် တန်ဖိုး မထားနိုင်အောင် သူရဲမရဲ စီး‌‌ နေကြသူများ ဖြစ်သည်။ 

 

ထိုသို့ အသိဉာဏ် ကင်းမဲ့စွာ အမိန့်ပေး စေခိုင်းသူများ အားလည်း စုံစမ်းစစ်ဆေးမည်ဟု လည်း အရိပ်အမြွက်ပင် ပါရှိမလာခဲ့ပေ။

 

ထိုကြေညာချက်သည်ကပင် ၎င်းတို့ လူ အစုလိုက် အပြုံလိုက် သတ်ခဲ့သည့် လူမဆန်သည့် စစ်ရာဇဝတ်မှု များ ကျုးလွန်နေကြောင်း ဝန်ခံ ထွက်ဆိုလိုက်ခြင်းပင် ဖြစ်ပေတော့သည်။

 

၎င်းတို့ လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း ၂,၃၂၁ ကြိမ် ရှိလာခဲ့ပြီး အရပ်သား ပြည်သူ ၁,၈၄၉ ဦး ကို သတ်ဖြတ်ခဲ့ကြပြီး ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!