စစ်အုပ်စု ၏ အလိမ်အညာ ပေါ်ပြန်ပြီ

by Hla Soewai - Oct 13 2025

မနေ့က ထုတ်ပြန်လာသော မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ ကြေညာချက်တွင် မြန်မာ စစ်အုပ်စု မှ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးအား အာဆီယံ မှ ရွေးကောက်ပွဲ အတွက် စောင့်ကြည့် လေ့လာသူများ စေလွှတ်ပေးရန် ဖိတ်ကြားခဲ့သည်ဟု သာ ပါရှိလာသည်။

 

သို့သော် ၎င်းတို့ ပြောသလို မလေးရှားမှ လေ့လာသူများ စေလွှတ်ပေးမည် ဆိုသည့် အကြောင်း တလုံးတပါဒ မျှ မပါရှိခဲ့ပေ။ (မင်းအောင်လှိုင် ကိုယ် တိုင် တက်ခွင့် မရရှာ၍) ၎င်း၏ ဖိတ်ခေါ်ချက်ကို လာမည့် အာဆီယံ အစည်းအဝေး တွင် ကိုယ်စား တင်ပြပေးမည်ဟု ဆိုသည်။

 

ထိုအစား အရပ်သားများ နှင့် အရပ်ဖက် အ‌ ဆောက်အအုံများအား တိုက်ခိုက်နေမှု များ ရပ်ဆိုင်းပေးရန် နှင့် လူသားချင်းစာနာထောက်ထားမှု ဖြင့် အကူအညီများ ပေးနိုင်ရေး ကန့်သတ်မှု မထားပဲ လမ်းဖွင့်ပေးရန် တိုက်တွန်းသွားခဲ့သည်ဟု မလေးရှား အစိုးရ ဖက်မှ ထုတ်ပြန်သည့် သတင်းကြေညာချက် တွင် ပါရှိလာခဲ့သည်။

 

မလေးရှား တတ်သိပညာရှင်များ၊ ကျွမ်းကျင်သူများ၏ The Myanmar Experts Study Group မှ မြန်မာ စစ်အုပ်စု ၏ အသုံးချ ခံလိုက်ရမှု အတွက် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန် အား ပြစ်တင် ဝေဖန်လိုက်ပြန်သည်။ အာဆီယံ၏ ရပ်တည်ချက် အားလည်း အလွဲသုံးစား မခံရရေး သေချာအောင် ဆောင်ရွက်ရန် ဟု ဆိုကာ ကြေညာချက် ထုတ်ပြန်လာသည်။

 

၎င်းတို့၏ ငြိမ်းချမ်းရေး ကတိကဝတ်များ အား လိုက်နာရန် ရည်ရွယ်ချက် မရှိ ကြောင်းကိုလည်း ‌ဖ‌ ယောင်း တိုင်မှ လွဲ ၍ အပ်တို တချောင်းပင် ပါမလာသော သီတင်းကျွတ် မီးထွန်းပွဲလာ လူထုအား ပါရာဂလိုက်ဒါ ဖြင့် အပေါ် တည့်တည့်မှ ဗုံး ပစ်ချ တိုက်ခိုက်ခဲ့ကြခြင်း ကို ထောက်ပြခဲ့ကြသည်။

 

နောက်ဆိုလျင် ရောက်လာသူများက မင်းအောင်လှိုင် ရှေ့ စကားပင် မဟ ရဲအောင် ဖြစ်ရှာကြပေတော့မည်၊ အရာရာ ကို ကိုယ်လိုရာ ဆွဲတွေးပြီး ပြောနေသူ ဖြစ်သည်။

 

သို့သော် ယခုလို အလိမ်အညာ ကို ၎င်းတို့ အား ထောက်ခံနေသူများ တော့ သိနိုင်ကြမည် မဟုတ်ပေ။ ဤသည်ကပင် ၎င်းတို့ လိမ်ညာရကျိုး နပ်သည်။ ရည်ရွယ်ချက် အထမြောက်‌ ပေသည်။

 

၎င်းတို့ အဖို့က ကြည့်မည့်သူ ချောက်တီးချောက်ချက် ဖြစ်နေသော ဇာတ်ရုံကြီးထဲ ရွေးကောက်ပွဲ ဆိုသည့် စင်တင် ပြဇာတ်ကြီးကို လူထု အား ဖြတ်လျှောက်အဖြစ် အသုံးချကာ ကပြ ကြဦးမည် ဖြစ်သည်။

 

အသုံးတော် ခံမည့် မင်းသားကလည်း ရိုဟင်ဂျာ အရေး၊ လူထုကို ဖိနှိပ် ညှင်းဆဲ အကြမ်းဖက် သတ်ဖြတ်နေသည့် အရေး၊ တိုင်းပြည်ကို ဖျက်ဆီးခဲ့သည့် ဆူးများ စိုက်ဝင်နေသော ခြေအစုံ ဖြင့် ထော့နဲ့‌ ထော့နဲ့ ကပြ အသုံးတော် ခံဦးမည် ဖြစ်သည်ကို သိထားကြ၍လည်း မည်သူမျှ စိတ်မဝင်စားကြ၊ ရှေ့လျောက် ဘာဖြစ်လာမည် ဆိုသည်ကိုသာ သိခြင်နေကြသည်။

 

ယခုပင် ၎င်းတို့ လုပ်မည့် ရွေးကောက်ပွဲသည် မဲစာရင်းများ ကွဲလွဲမှု၊ မပြည့်စုံမှုများ၊ လိုအပ်ချက်များ ရှိနေကြောင်း လူဝင် မှု ကြီးကြပ်ရေး ဝန်ကြီး ဆိုသူ မြင့်ကြိုင်က ဝန်ခံ ပြောဆိုသွားပြန်သည်။ ထို့မတိုင်မီ ဘူးလက် လှဆွေက နေပြည်တော်တွင် ထိုသို့ ဖြစ်နေကြောင်း ပြောဆိုထားပြီးလည်း ဖြစ်သည်။ ၎င်းတို့ ထိုသို့ ပြောလာခြင်းမှာ တော်ယုံတန်ယုံ မဟုတ်ဘဲ မြင်မကောင်းအောင် ဖြစ်လာနေသော ကြောင့်သာ ဖြစ်ပေမည်။

 

အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် မည်သည့် ရွေးကောက်ပွဲမဆို ငြင်းပယ်ရန်နှင့် အသိအမှတ်မပြုရန် ၊ နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်ရေး အပါအဝင် အချက် ၅ ချက် ဆေင်ရွက်ပေးရန် အာဆီယံသို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ-CRPH ၊ NUCC နှင့် ကရင်-KNU ၊ ချင်း-CNF ၊ ကချင်-KPICT ၊ ကရင်နီ- KNPP/IEC အပါအဝင် တော်လှန်ရေးတပ်များနှင့် အဖွဲ့အစည်းပေါင်း ၂၀ က ယနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုသည်သည်ဟု ခေတ်သစ် သတင်းတွင် ဖေါ်ပြထားသည်။

 

အာဆီယံအနေဖြင့် အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် မည်သည့် ရွေးကောက်ပွဲမဆို ငြင်းပယ်ရန်နှင့် အသိအမှတ်မပြုရန်၊ အရပ်သားများ အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရေး အရေးယူဆောင်ရွက်မှုများ ချက်ချင်း လုပ်ဆောင်ရန်၊ စစ်တပ်၏ အကြမ်းဖက် ရက်စက်မှုများအပေါ် နှုတ်ဆိတ်နေမှုကို အဆုံးသတ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး တောင်းဆိုပေးရန် တော်လှန်ရေးအဖွဲ့များက စုပေါင်း တောင်းဆိုထားသည်ဟု သိရသည်။

 

စစ်အုပ်စုသည် တဖက်မှ နိုင်ငံတကာ မှ ၎င်းတို့အား တူတူတန်တန် ဆက်ဆံလာရန် ဂမူးရှူးထိုး လုပ်နေသော်လည်း တဖက်တွင် စစ်အနိုင်တိုက်ရေး လမ်းစဉ် ဖြင့် လူထု အပေါ် အကြမ်းဖက် နေမှု ကို မရပ်မနား ပြုလုပ်နေသည့် အကြား ဗျာများနေရပြီ ဖြစ်သည်။

 

ပြည်သူ တို့၏ တော်လှန်ရေး မုချ အောင်ရမည်!!!