စစ်ကိုင်း တိုင်း ချောင်းဦး မြို့တွင် ဗုဒ္ဓဘာသာ ရိုးရာဓ လေ့ သီတင်းကျွတ် မီးထွန်း ပွဲ တော် အတွက် စီတန်းလှည့်လည်နေကြသည့် ပြည်သူ များ အား စစ်တပ်၏ မုံရွာ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် မှ ပါရာမော်တာ စက်တပ် လေထီး powered paraglider (PPG) ဖြင့် ဗုံး နှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့မှု့ပင် ဖြစ်သည်။
ထိုသို့ ည ၇:၃၀ ခန့် ဖယောင်းတိုင်များ ကိုယ်စီ ဖြင့် စီတန်း လှည့်လည်နေခြင်းသည် ဘာသာရေး ပွဲတော် ကျင်းပနေမှန်း ပါရာမော်တာ မောင်းသူ အနေဖြင့်ရှင်းလင်း ထင်ရှားစွာ သိမြင် နိုင်ပါလျက် နှင့် ရက်စက်ယုတ်မာစွာ လူမဆန်အောင် ကျုးလွန်ခဲ့ကြခြင်းလည်း ဖြစ်သည်။
ဗုံးဒဏ် ကြောင့် မည်သူမည်ဝါ မှန်း မသိ နိုင်လောက်အောင် ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ် သေဆုံး ခဲ့ကြရသည်၊ ပါရာမော်တာ သည် တိုက်ခိုက်ပြီး နောက်တွင်ပင် လာရောက် ကယ်တင်မည့် လူများ အား ဟန့်တား ခြိမ်းခြောက်ရန် အချိန်အတန်ကြာ ပျဲဝဲ နေသဖြင့် ကယ်ပါယူပါ တစာစာ အော်ဟစ်နေသော်လည်း မည်သူမျှ အနားမကပ်ရဲအောင် ဖြစ်နေခဲ့ကြသည်ဟု သိရသည်။
ယခုထိ ရရှိသော သတင်းများအရ သေဆုံးသူ ၂၀ ကျော် နေပြီး ဒဏ်ရာရသူ ၅၀ ကျော်ခန့် ရှိနေသည်။
သေဆုံးသူ အများစု မှ ကလေးများ နှင့် ကျောင်းသားများ ဖြစ်ကြသည်။
ထိုနေ့ အစောပိုင်းက မုံရွာတွင် ပြည်သူပန်းခြံ အသစ် ဖွင့်ပွဲ သို့ စစ်အသိုက်အဝန်း နှင့် နီးစပ်သည့် အဆိုတော်များ လာရောက်သီဆို ဖျော်ဖြေကြရာ မိမိတို့သည် လွန်စွာ ရက်စက်ကြမ်းကြုပ်သော လူတစု ၏ အုပ်ချုပ်မှု အောက်တွင် ရောက်ရှိနေသည်ကို မေ့လျော့ နေကြဟန် ရှိသော လူ ထောင်ပေါင်းများစွာ ရောက်ရှိလာခဲ့သည်ဟု သိရသည်။
ယခုအခါ အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ အား ဆန့်ကျင်ရန် မြို့နယ်များ တွင် လူထု လှုပ်ရှားမှု ကော်မတီများ ဖွဲ့စည်းလာကြပြီ ဖြစ်သည်။
စစ်အုပ်စု မှ ငြိမ်းချမ်းရေး ရရှိမှသာ ပြဿနာ အားလုံး ကို ဖြေရှင်းနိုင်မည်၊ ငြိမ်းချမ်းရေး ရရှိဖို့ ရွေးကောက်ပွဲ လုပ်ရမည် ဆိုကာ ၎င်းတို့အား ထောက်ခံနေသူများကို ချွေးသိပ်ကာ လက်နက် အားကိုး ဖြင့် မိုက်မဲလှစွာ မီးကုန်ယမ်းကုန် တိုက်ခိုက်လာနေခြင်း ဖြစ်သည်။ ၎င်းတို့ ခံယူထားသည်က ငြိမ်းချမ်းရေး ဆိုသည်က ၎င်းတို့ အသာစီး ရပြီး ရန်သူ တို့ လက်နက်ချလာဖို့ ပင် ဖြစ်သည်ဟု ဖြစ်သည်။
နောက်တကြောင်းကလည်း ရွေးကောက်ပွဲ လုပ်နိုင်လျင် တရုတ်မှ ဒေါ်လာ ၃ ဘီလီယံ ခန့် အကူအညီ ပေးမည်ဟု လေသံပစ်ထားသော ကြောင့်လည်း အားကျိုးမာန်တက် လုပ်နေကြခြင်းလည်း ဖြစ်သည်။
သို့သော် တဖက်က စစ်အုပ်စု မှ အကြမ်းဖက်လေ လူထု က ၎င်းတို့ အား ဆက်၍ အာဏာ ရနေမည့် အဖြစ်ကို ပို၍ပင် မတွေ့ချင်၊ မမြင်ချင် ဖြစ်လာနေသည့် ပြဿနာ နှင့် ရင်ဆိုင်နေကြရသည်။ တနိုင်ငံလုံးတွင် လက်နက်ကိုင်၊ လက်နက်မဲ့ ဆန့်ကျင် တွန်းလှန်မှု များ ဖြင့် ရင်ဆိုင်နေကြရချိန် တွင် ရွေးကောက်ပွဲ ဆိုကာ ထွက်ပေါက် ရှာလာကြခြင်းလည်း ဖြစ်သည်။
လူထုသည် ၎င်းတို့၏ ထားရာနေ စေရာသွား၊ အတွေးအခေါ် အမြင်မကျယ်၊ ပညာရေး နိမ့်ကျ နေသူများ၊ မေ့လွယ် ပျောက်လွယ်၊ အပျော်အပါး သဘောကျသူများ ဖြစ်၍ ဘာထင်ထင် ဂရုစိုက်စရာ မလိုဟု ယူဆထားကြ သော ကြောင့်လည်း ဖြစ်သည်၊ ထို့အတွက် လူထု၏ လွတ်လပ်သော သဘောထားကို ထင်ဟပ် စေသည့် ၁၉၉၀, ၂၀၁၅, ၂၀၂၀ နှစ်များ တွင် အရှက် ဗြန်းဗြန်းကွဲကာ နောက်ဆုံး ၂၀၂၁ တွင် သိက္ခာဟူ၍ တပြားသားမှ မကျန်တော့သည့် အဖြစ် ရောက်ခဲ့ရသည်ကိုလည်း သင်ခန်းစာ ယူရကောင်းမှန်းမသိ၊ လက်နက်ရှိလျင် အုပ်ချုပ်၍ ရသည်ဟုသာ ဇွတ်မိုက်နေကြသူများ ဖြစ်သည်။
ပြည်ပမှ လေ့လာသုံးသပ်သူများကမူ စစ်အုပ်စုသည် နောက်ထပ် အလွန်ဆုံး တနှစ်၊ နှစ်နှစ် အတွင်း ပြုတ်ကျသွားမည်ဟု ခန့်မှန်းနေကြသည်။
အနောက်နိုင်ငံများ၊ ဂျပန်၊ တောင်ကိုရီယား၊ ဩစတေးလျှ နှင့် အာဆီယံ နိုင်ငံများကမူ ၎င်းတို့ ၏ အလိမ်အညာ ရွေးကောက်ပွဲ ကို အကူအညီလည်း မပေး အသိအမှတ်လည်း မပြုကြပဲ ရှောင်ဖယ်နေကြသည်။
မည်မျှအထိ အကြမ်းဖက် နိုင်မည်လဲ ဆိုသည်က ၎င်းတို့ နှင့် ပတ်သက်၍ တရုတ်မှ မငြည်းမညူပဲ ငွေ မည်မျှ သုံး နိုင်မည် နည်း ဆိုသည် အပေါ် မူတည်နေသည်။ မြန်မာပြည်သူများကကော ထိုမျှလောက် လူမှန်းသူမှန်း မသိ လောက် အောင် ဖြစ်လာ နေသော စစ်ဘီလူးများ ၎င်းတို့ အပေါ် လူညွန့်တုံးအောင် အုပ်ချုပ်သွားမည့် အရေးကို တသက်လုံး ခေါင်းငုံ့ခံနေကြမည် မဟုတ် ဆိုသည်ကို ရွေးကောက်ပွဲ ပြီးသည်နှင့် တရုတ်တို့ သဘောပေါက်လာကြမည်လည်း ဖြစ်သည်။
ပြည်သူတရပ်လုံးသည်လည်း ထိုမျှ လူမှန်းသူမှန်း မသိ လောက် အောင် ဖြစ်လာ နေသော စစ်ဘီလူးများအား လက်ချည်းသက်သက်ဖြင့် ယဉ်ပါးအောင် လုပ်၍ မရတော့ ဆိုသည်ကိုလည်း သိမြင် နားလည် နေကြပြီ ဖြစ်သည်။
နောက်ထပ် တရုတ်တို့ ဂျာအေး သူ့အမေရိုက်သလို ဖြစ်လာနေသည်က မင်းအောင်လှိုင် တို့ အဖွဲ့သည် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ မှ ဆက်ကြေးများ ဖြင့် ၎င်းတို့ စစ်ယန္တရားကြီးကို ဆက်၍ လည်ပတ်နိုင်စွမ်း ရှိနေခြင်းပင်။
မင်းအောင်လှိုင်က စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုးရေး အတွက် ဆိုကာ ရုရှားအား နျူကလီယား ဓါတ်ပေါင်းဖို ဆောက်လုပ်ပေးပါ ဟု တစာစာ တောင်းခံနေချိန်တွင် မြန်မာ တွင် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီး မြုပ်နှံနေသည့် တရုတ်မှ ၎င်း၏ တိုင်းပြည် ဖွံ့ဖြိုးရေး ဆိုသည့် နျူကလီယား နှင့် ပတ်သက်ပြီး တလုံးတပါဒမျှ မပတ်သက်ဘဲ မသိချင်ယောင် ဆောင် နေခြင်းသည် လွန်စွာ စိတ်ဝင်စား ဖွယ်ရာ ကောင်းလှပေသည်။
ရထားပင် မြေပေါ်တွင် ဂျုံးဂျုံး ဂျက်ဂျက် ဖြင့် သွားနေရသည့် နိုင်ငံက နျူကလီယား ဓါတ်ပေါင်းဖို တည်ဆောက်ရန် စိတ်ကူးနေသည်က ရူးသွတ်ခြင်း သက်သက်ပင် မဟုတ်ပါလား။ နျူကလီယား စွန့်ပစ်ပစ္စည်း များ အဘယ်သို့ စွန့်ထုတ်ကြမည်နည်း၊ မည်မျှ အထိ ကျွမ်းကျင်စွာ ကိုင်တွယ် နိုင်မည်နည်း ဆိုသည်က မစဉ်းစား၊ ၎င်းတို့အား အထင်တကြီး ရှိလာ အောင် ကြံဆောင်နေခြင်းသာ ဖြစ်သည်။ ထိုသို့သော လူများက ရွေးကောက်ပွဲ ပြီးလျင် လူထု ရွေးချယ် တင်မြှောက်ထားသော အစိုးရ ကို အာဏာ လွှဲပေးမည်လော။
ထို့ကြောင့် ရုရှားသည်လည်း နည်းပညာ များ ပေးမည်၊ သို့သော် လိုအပ်သော အရည်အချင်း ပြည့်မီသည့် အင်ဂျင်နီယာများ၊ သိပ္ပံပညာရှင်များ ရှိလာအောင် ၎င်းတို့ထံ ပညာသင် အရင်စေလွှတ်ရန် ချွေးသိပ်ထားသည့် အဆင့်သာ ရှိသည်၊ ၎င်းတို့ ငွေထုတ် မ ပေးက ဖြစ်လာမှာလည်း မဟုတ်သည်ကို တရုတ်တို့ သိထား၍ မည်သို့မျှ မပတ်သက်အောင် နေနေခြင်းလည်း ဖြစ်ပုံရသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!