နောက်နှစ် မြင်မှ မြင်ခွင့် ရပါဦးမလား

by Hla Soewai - Oct 13 2025

မင်းအောင်လှိုင် သည် ရောက်လေရာတွင် လျှပ်စစ်ရထား ဆွဲမည်၊ စီးပွားရေး ဦးမော့လာနေပြီ အစရှိသည်တို့ ကိုတောင်စဉ် ရေမရ လျှောက်ပြောနေခြင်းသည် အကြောင်းမဲ့တော့ မဟုတ်၊ ၎င်းတို့ သည် တိုင်းပြည်ကို ရေရှည် အုပ်ချုပ်သွားမည့် လူများ ဖြစ်ကြောင်း၊ ယခုလို ခုခံနေကြခြင်းသည် အချည်းနှီးသာ ဖြစ်လာမည်ကို ဆိုလိုကာ လူထု အား စိတ်ဓါတ်ရေးရာ တိုက်စစ် ဆင်နေခြင်းသာ ဖြစ်သည်။

 

၎င်း၏ စကားများသည် အဆံမပါ သော သင်္ကြန် အမြှောက်မှန်းကို ကောင်းစွာ သိရှိထားသူ ဖြစ်သော်လည်း အရေးကြီးသည်က စိတ်ဓါတ်ရေးရာ တိုက်ပွဲ ဆင်နွှဲခြင်းမျှသာ ဖြစ်ပြီး တိုင်းပြည်သည် နိုင်ငံခြား မီဒီယာ များ ပြောသလို ပြည်တွင်းစစ် ဖြစ်နေခြင်း မဟုတ်၊ ကြို့ကြားကြို့ကြား ဆန့်ကျင်မှု များ လောက်သာ သိစေချင် နေသည်။

 

အချို့ကလည်း သူ၏ တိုက်ကွက်ထဲ ငိုက်ဆင်းသွားပြီး စိတ်ဓါတ် ကျချင်သလို ဖြစ်လာနေကြသည်။

 

အလွယ်လေးပင် စဉ်းစား၍ ရသည်။ မင်းအောင်လှိုင်သည် တိုင်းပြည်ကို သေနတ်နှင့် တေ့၍ အုပ်ချုပ်နေခြင်း မျှသာ ဖြစ်သည်။ ထိုသေနတ် ပြောင်းကို ဖယ်ရှားလိုက်မည် ဆိုလျှင် ၂၄ နာရီပင် မခံ၊ အသင့် ရပ်ထားသော လေယာဉ် ပေါ် မိသားစုလိုက် တက်ပြေးကြရမည်။

 

ထို့အတွက် အားလုံးက ထိုအနေအထား အထိ ရောက်လာအောင် ဆက်တွန်းမှ ဖြစ်မည်။ ဥပမာ တိုင်း စစ်ဌာနချုပ် တခု မှ တိုင်းမှူးသည် မိမိတို့ မှ စီဒီအမ် လုပ်မည် ဟု ကြေညာလိုက်ရုံဖြင့် နေ့ချင်းညချင်း ဆိုသလို ပွဲက တဝက်ပြီးသွားပေလိမ့်မည်။

 

စစ်ဖက်မှ အရာရှိ ကြီးငယ် မဟူသည် တိုင်းပြည် အုပ်ချုပ်ရေးကို လူကြီးများက ကောင်းသလို စီမံနေကြခြင်း ဖြစ်၍ ထောက်ခံရမည်၊ နိုင်ငံတော် ကို အုပ်ချုပ်ရေးသည် စစ်တပ် အလုပ် ဖြစ်သည်၊ ထို့အတွက် ဖြစ်နိုင်သမျှ နည်းပေါင်းစုံဖြင့် ငြိမ်အောင် ထိန်းနေခြင်း ဖြစ်သည်ဟု မျက်စိမှိတ် ယုံကြည်နေကြသူများ ဖြစ်သည်။ ထိုသို့ တိုင်းပြည်ကို ငြိမ်အောင်ထိန်းရင်း ကျူးလွန်နေမှုမှန်သမျှသည် လုပ်သင့်လုပ်ထိုက်သည်ဟု လည်း ခံယူ ထားကြသည်။

 

ဤသည်က စစ်တပ် တဖွဲ့လုံး လက်ခံ ယူဆထားသည့် အဓိက အချက် ဖြစ်နေသည်ကို သတိမူကြရမည် ဖြစ်သည်။ မြန်မာသည် ဤမျှလောက် သယံဇာတ ပေါကြွယ်ဝပါလျှက် ကမ္ဘာတွင် အဆင်းရဲဆုံး နိုင်ငံ ဖြစ်အောင် အုပ်ချုပ်ခဲ့ကြသည့် သုံးစားမရသည့် အတွေးအခေါ်များ ရှိနေပါလား ဆိုသည်ကိုလည်း မသိချင်ယောင် ဆောင်နေတတ်ကြသည်။ သို့သော် ၎င်းတို့အတွက် ရွှေရောင် တလက်လက် နှင့် နန်းတော်ကြီးတမျှ ခမ်းနားကြီးကျယ်သော အိမ်ကြီးများ၊ ဂေါက်ကွင်းများကိုတော့ ဖန်တီးပေးနိုင်စွမ်း ရှိကြသည်။

 

၂၀၀၇ ခုနှစ် စက်တင်ဘာလ အတွင်း အမေရိကန် သတင်းစာဆရာ တွန် ပလိတ် နှင့် ပြုလုပ်သော အင်တာဗျုးတွင် လီကွမ်းယုက မြန်မာ စစ်ခေါင်းဆောင်များအား dumb a** “နလပိန်တုံးများ” ဟု ခေါ်ဆိုသွားခဲ့သည်။ ယခုထိသာ လီကွမ်းယု သက်ရှိထင်ရှား ရှိနေဦးမည်ဆိုလျှင်တော့ တော့ dumb အဆင့် မဟုတ်တော့၊ ဗိုလ်သန်းရွှေ လို လူမျိုးကို ပင် ထိုသို့ ပြောနေမှ မင်း အောင်လှိုင် ဆိုလျင် ရှက်လွန်း၍ တွေးပင် မတွေးရဲတော့၊ ဗိုလ်သန်းရွှေ ၏ သမီး တကိုယ်လုံး စိန်တွေ ညွတ်နေအောင် ဆင်ထားသည့် မင်္ဂလာ ဆောင်ကိုပင် YouTube က ကြည့်ပြီး Christmas Tree ကြီး ရွေ့လာနေသယောင် ထင်ရသည်ဟု အဆိုပါ အင်တာဗျုးတွင် တအံ့တဩ ပြောသွားခဲ့သည်။ 

 

စစ်တပ်သည် ဆော်ဒီမင်းသားများ သက်မ ချလောက်ရအောင် ချမ်းသာ ကြွယ်ဝလာနေသည်ကို ရှက်ရကောင်းမှန်း မသိ၊ ၎င်းတို့အတွက် ညဏ်ပူဇော်ခ အဖြစ် သဘောထားနေကြသည်မှာ ယခုတိုင်ပင် ဖြစ်သည်။ 

 

သို့သော် ၎င်းတို့ လူကြီးဆိုသူများသည် လူသတ်၊ မီးရှို့၊ မုဒိမ်းမှု များ ကျူးလွန်နေကြသည်ကို မသိချင်ယောင် ဆောင်ယုံမက အားပေးအားမြှောက် ပြုနေကြသည်ကို ကြားသိလာကြပြီ ဖြစ်၍ ထိုခံယူချက်သည် ယိမ်းယိုင် ပြိုလဲ လိုက်လာနေပြီ ဖြစ်သည်။ အထူးသဖြင့် လူငယ် အရာရှိများ အဖို့ ၎င်းတို့ တိုက်နေရသော ရန်သူများသည် အဆင်ပြေလျှင် ငြိမ်းချမ်းရေး ယူလိုက်ကြ၊ အဆင်မပြေလျှင် ထ တိုက်လိုက်ကြ လုပ်မည့်လူများ မဟုတ်ဘဲ ရည်မှန်းချက် ကို မရောက်မချင်း တဗိုလ်ကျ တဗိုလ်တက် စနစ်ဖြင့် ဆုံးခန်းတိုက် တိုက်သွားကြမည့် လူငယ်များ ဖြစ်နေသည်ကို လည်း ရိပ်စားမိလာကြပြီ ဖြစ်သည်။

 

ထိုအခါတွင် တော့ ၎င်းတို့ အဖို့ ဒီနှစ် အသက်ရှင်လည်း နောက်နှစ် အသက်ရှင်ဦးမည်လား ဆိုသည်ကို အာမ မခံနိုင်တော့ ကြောင်း မလွဲဧကန် တွက်ဆမိလာကြမည်လည်း ဖြစ်သည်။ လက်ရှိ စစ်ပွဲကြီးသည် မည်သည့် အခါမှ ဆုံးခန်းတိုင်မည် မဟုတ်တော့ပေ။ ရန်ငါ ဖြတ်ရမည် ပွဲ ဖြစ်လာနေသည်။ ထိုအချက်ကို အရာရှိ ငယ် များ၏ မိဘ၊ သားမယားများ ကောင်းစွာ သဘောပေါက်သင့်သည်။ 

 

ရမလား ဆိုသည့် စိတ်ဖြင့် လုပ်ကြည့်နေကြသော အာဏာရူးများမှ လွဲ၍ အားလုံးသည် တမြေတည်းနေ တရေ တည်း သောက် ညီအကို မောင်နှမများသာ ဖြစ်သည်။ လမ်းများပေါ်တွင် ဖုန်းများ တောင်း၍စစ်၊ ညအချိန်မတော် အိမ်များဝင်ကာ လူများကို ဖမ်းဆီး၊ တယောက်နှင့် တယောက် ဘယ်သူ ဒလန်လဲဟု ဆိုကာ သံသယ မျက်လုံး များ ဖြင့် အကဲခတ်ကြ၊ တိုင်းပြည်၏ အနာဂတ် လူငယ် များကို အတင်းအဓမ္မ သေတွင်းပို့ ဤသည်က ၎င်းတို့ မြင်တွေ့လိုကြမည့် မြန်မာပြည်ကြီး မဟုတ်သည်ကတော့ ကျိန်းသေ သည်။

 

စောစောက ပြောသလို အာဏာရူးများက အခြေအနေမဟန်လျှင် အသင့်ရှိနေသော လေယာဉ်ပေါ် သေတ္တာ ကြီးငယ် ဆွဲ၍ တက်သွားကြမည် ကို သတိချပ်သင့်သည်။ 

 

မည်သို့ပင် ဆိုစေ လက်ရှိ ပုံစံအတိုင်း ရှေ့ဆက်သွား၍ မရတော့၊ နောက်ပြန်လှည့်၍ ဘယ်လိုမှ မဖြစ်နိုင် တော့သော အနေအထား ကို ရောက်ရှိနေပြီ ဖြစ်သည်။ လူထု၏ ထောက်ခံမှု စိုးစိမျှ မရသော အစိုးရမျိုးသည် တိုင်းပြည်ကို ဘယ်လို အုပ်ချုပ်ပေမည်နည်း၊ ခေါင်းဆောင်ဆိုသူကလည်း စကားတခွန်း ပြောတိုင်း ဝိုင်း ပြီး လှောင်ခံနေရသည့် အဖြစ်မျိုး ရောက်နေသည်ကို ကိုယ့်ဖာသာ သုံးသပ်နိုင်စွမ်းမရှိ၊ ဘယ်သူကမှလည်း ထောက်မပြရဲဘဲ ပင်လယ်ပြင်တွင် အထိန်းအကွပ်မရှိ၊ မျောချင်ရာ မျောနေသည့် လှေတစင်းလို ဖြစ်လာ နေသည်။

 

မင်းအောင်လှိုင် သည် ၎င်းလုပ်မည့် ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ပြောတိုင်း ရွေးကောက်ပွဲ အောင်မြင် ရေးသည် လူထု၏ ယုံကြည်မှု၊ အားလုံး ပါဝင်နိုင်မှု ရှိရမည် ဆိုသော အချက်များ မပါ လုံခြုံရေး တင်းကျပ်ဖို့၊ နှောက်ယှက် ဖျက်ဆီးလိုသူ များ ကို အလျင်အမြန် အရေးယူ ထောင်ချပစ်ဖို့ လိုသည်များသာ ဦးစားပေး ပြောဆိုနေ၍ လူထု၏ သဘောတူညီချက် မပါဘဲ "လက်ထိပ်ခပ် ခံထားရသည့် ရွေးကောက်ပွဲ" ဟု ဧရာဝတီက ရေးသားထားသည်။

 

ကျောက်မဲသို့ သိမ်းပြီး တရက်အကြာတွင် မင်းအောင်လှိုင်သည် ပြင်ဦးလွင်သို့ ရောက်လာခဲ့သော်လည်း ရဟတ်ယာဉ် ဖြင့် သွားလျင် မိနစ် အနည်းငယ်သာ ဝေးသည့် ကျောက်မဲသို့ ခြေချရဲခြင်း မရှိသည်ကို တွေ့ရကြောင်း၊ ယခုထိ လည်း နောင်ချိုသို့ မသွားရဲဘဲ ရှိနေဆဲ ဖြစ်သည်ဟု ဆိုသည်။ လားရှိုးသို့လည်း ရောက်မလာသေးပေ။

 

၎င်းက စိတ်ချရမည့် ပြင်ဦးလွင်တွင်သာ တရစ်တဝဲဝဲ ဖြင့် ဟန်ရေး ပြပြီး အဝေးကနေ သာ လက်ပြ နေရရှာသော်လည်း စိုးဝင်းက‌ တော့ နောင်ချိုသို့ အရောက်သွားပြခဲ့သည်။

 

ထို့အတွက် "သူရဲဘောကြောင်သူ", " ကြောင်ချီး' အစရှိသော တံဆိပ်များ ရှေ့လျောက် တခုပြီး တခု ကပ်ခံရဖို့သာ ရှိနေသည်။

 

တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန် နှင့် မိမိတို့ ရင်သွေးများ၏ အနာဂတ်ကို အာမခံ နိုင်မည့် နိုင်ငံတော်ကြီး ပေါ်ပေါက်စေရန် နိုင်ငံကို ချစ်ကြသူတိုင်း တွင် တာဝန်ရှိလာနေပြီ ဖြစ်သည်။ အထူးသဖြင့် ရှေတန်း စစ်‌ မြေပြင်သို့ပင် မလာရဲရှာ‌ သော အာဏာရှင် အရှင်သခင်ကြီး ၏ အကျိုးကို အသက်စွန်၍ သယ်ပိုးကြမလား၊ တိုင်းပြည်မျက်နှာကို ငဲ့မလား ဆိုသည်မှာ အရာရှိ အရာခံ အကြပ်စစ်သည်တိုင်း ဆုံးဖြတ်ကြရပေတော့မည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!