လေဟုန်စီးသော်လည်း မြေကြီး တုန်မလာနိုင်

by Hla Soewai - Oct 13 2025

မင်းအောင်လှိုင်သည် ၎င်း၏ ရွေးကောက်ပွဲ အား နိုင်ငံတကာ မှ ထောက်ခံနေသယောင် ပြသနိုင်ရန် ယခု နှစ် အတွင်း လေယာဉ်စီး ခရီးသည်ကြီး ဖြစ်လာနေသည်ဟု သတင်း ခေါင်းစဉ် တပ်ကာ ရေးသားလာခဲ့သည်။

 

စစ်မြေပြင် အခြေအနေ ကောင်းလာမှု၊ တရုတ်မှ ရွေးကောက်ပွဲ ကို အကြောင်းပြု၍ ၎င်းအား ထောက်ခံ လာနေမှု တို့ကြောင့် အောက်လက်ငယ်သားများ ရန်မရှာရဲတော့ဟု ယုံကြည်လာခြင်းကြောင့် လူတောတိုးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်မည်ဟု နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ မြန်မာ အရေး တာဝန်ခံ ရစ်ချတ် ဟိုစီးက သုံးသပ်ပြခဲ့သည်။

 

သို့သော် ၎င်းသွားခဲ့သည့် နိုင်ငံများက တရုတ်၊ ရုရှား၊ ဘဲလာရုစ်၊ ကာဇာတ်စတန် တို့ ဖြစ်ပြီး ထိုနိုင်ငံများကလည်း ၎င်းအား နကိုယ်ကတည်းက ထောက်ခံမှု ပေး‌နေကြသော အာဏာရှင် များသာ ဖြစ်၍ ထူး ပြီး တိုးတက်မလာ၊ တိုးတက်မှု ဟူ၍ မိုဒီ နှင့် လက်ဆွဲ နှုတ်ဆက်ခဲ့ရသည်သာ အမြတ်ထွက်ခဲ့သည်၊ သို့သော် အိန္ဒိယ သို့ လာဖို့‌ တော့ ဖိတ်ကြားခြင်း မခံခဲ့ရ၊ အိန္ဒိယ သာ မက ၎င်းတက်ခဲ့သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အစည်းအဝေး၊ ရုရှား၏ ဒုတိယ ကမ္ဘာစစ် အောင်ပွဲခံ အခမ်းအနား များသို့ ရောက်လာကြသော မည်သည့် နိုင်ငံ ခေါင်းဆောင်ကမျှ ၎င်းအား အလည်အပတ်လာဖို့ ဖိတ်ကြားခြင်း မခံခဲ့ရ။

 

ဇော်မင်းထွန်းက တရုတ်၊ ရုရှား၊ ကာဇတ်စတန် သုံးနိုင်ငံစလုံးက ရွေးကောက်ပွဲ ကို ထောက်ခံကြသည်ဟုသာ ပြောနိုင်ခဲ့သည်။

 

ရွေးကောက်ပွဲ ဆိုသည်ကလည်း အာဏာ ဆိုသည့် အရာတခုကြောင့် တတိုင်းပြည်လုံး ဒုက္ခရောက်နေကြရသည်ကို မသိချင် မမြင်ချင်၍ မရအောင် ဖြစ်လာနေချိန်တွင် နောင်တ မရဘဲ ထိုအာဏာကိုပင် ဆက်၍ ဆုပ်ကိုင်ထားနိုင်ဖို့ ပြည်ပ အားကိုး နှင့် လုံးပမ်းလာကြခြင်း ဖြစ်သည်။

 

ယူကရိန်း ရှိ ခရီးသည် တင် မီးရထားကိုပင် ဒရုန်း နှင့် ပစ်ရဲသူ ပူတင်သည် ၎င်းအတွက်တော့ အားကိုးချင်စရာ ဖြစ်နေသည်မှာလည်း ဆန်းကြယ်လှသည်တော့ မဟုတ်။

 

ယခုအခါ တွင်တော့ အခြေအနေ ပြန်ကောင်းလာနိုင်သည် ဟု ယူဆကာ မင်းအောင်လှိုင် မိသားစု ထမင်းဝိုင်းမှ ကျလာနိုင်သော အရိုးအရင်းများကို မျှော်ကိုးရင်း စားမန်ခုတ်ကြသည့် ပွဲကြီးက နေပြည်တော်တွင် အရှိန်အဟုန် ဖြင့် စတင်နေပြီ ဖြစ်သည်။

 

ထိုသို့ စားမန်ခုတ်ကြမည့် လူများသည် တိုင်းပြည်ကြီး ငါးပါးသာမက သံဃာစင် ပါ မှောက်နေသည့် ဖြစ်ရပ်ကို မည်သို့မျှ နောင်တရဟန် မရှိဘဲ ခွေးခါးတက် မှ နေ၍ မင်းအောင်လှိုင် လှမ်းပေါက်ပေးကောင်း ပေးလာနိုင်သည့် အရိုးအရင်းကို အာသာငန်းငန်း မျှော်လင့်နေကြဆဲ ဖြစ်သည်။

 

ပြည်သူများအဖို့မှာ သေနတ်ပြပြီး မဲရုံသို့ မောင်းသွင်းခံကြရတော့မည် ဖြစ်၍ လက်မှိုင်ချ အံကြိတ်ကာ အမျိုးသား သစ္စာ ဖောက်များ၏ လုပ်ပွဲကြီး တွင် ပါဝင်ကြရပေဦးမည်။

 

ယခုပွဲကား မင်းအောင်လှိုင်၏ လက်ညှိုးညွှန်ရာ လိုရာဖြစ်မည့် ရွေးကောက်ပွဲကြီးတွင် ပါဝင်ရမည့် အတွက် အာဏာရဖို့က ကျိန်းသေနေပြီ ဖြစ်သောကြောင့် တိုက်ပွဲကား ပြင်းထန် နိုင်ဖွယ် ရှိသည်။ တသက်လုံး လက် တွဲလာခဲ့သူများ အချင်းချင်း မျက်နှာကို မထောက်နိုင်ကြတော့။ ‌မင်းအောင်လှိုင်ကိုပင် NCA အကောင်အထည် ဖေါ်နိုင်ခဲ့သည့် အတွက် ငြိမ်းချမ်းရေး နိုဘဲလ် ဆု ကို ပင် ပေးသင့်ကြောင်း အထိ ပြောဆိုလာသူပင် ရှိလာခဲ့သည်။

 

ထိုသို့သော လူများကိုလည်း မည်သည့်နိုင်ငံက တလေးတစား ဆက်ဆံကြပေဦးမည် နည်း။

 

မေးစရာ ရှိလာသည်မှာ မင်းအောင်လှိုင်သည် တပ်ကို စွန့်ပြီး သမ္မတ လုပ်ရဲမည်လော ဆိုသည်ပင်။ ဤသည် ကလည်း စစ်တပ် ကို သူ့အနေဖြင့် မည်မျှ အထိ စိတ်ချရမှု အပေါ် မူတည်နေသည်။ အာဏာရှင် အဖို့ တပ်ကို လက်လွှတ်လိုက်ရခြင်းသည် အာဏာ ယုတ်လျော့ကျဆင်းသွားခြင်းသာ ဖြစ်ပေမည်။

 

ထို့အတွက် ခင်ရီ အား ငယ်ကျွန်ကြီးသဖွယ် သမ္မတ လုပ်စေကာ စစ်တပ် မှ တဆင့် ကြိုးကိုင်သွားဖို့က ဖြစ်နိုင်ချေ များနေသည်။ ဤသည်ကို တွက်ဆမိဟန် ရှိ၍လည်း ကြံဖွတ်များ အူမြူးနေကြခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့ အဖို့ ငါးထောင်စား လူမိုက် များကို ဦးဆောင်သွားရမည့် ကံကြမ္မာ နှင့် အလောင်းအစား လုပ်နေ ကြသည့် အဆင့်တွင်သာ ရှိနေပေသေးသည်။

 

နောက်တချက်ကား မင်းအောင်လှိုင်သည် သူ သမ္မတ ဖြစ်လာပါက သွားလေရာတွင် ကော်ဇော်နီ ခင်းကာ အမြှောက် ၂၁ ချက် ပစ်ဖေါက် ဂုဏ်ပြုရမည့် အရေး တွေးပြီး လက်လွှတ်ခံဖို့ မရှိဟုလည်း ယူဆရသည်၊ ထိုအ‌ရေးကို ကပျက်ယရက် လုပ်ကြမည့် ဂိုဏ်းကို အပြီးအပိုင် ရှင်းလင်းနိုင်ရန် စစ်ဗိုလ် ချုပ် များကို ပုဆိုးဝတ်ပြီး လွှတ်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။

 

မည်သည့် အကြောင်းကြောင့်နှင့် ဖြစ်စေ တိုင်းပြည်၏ အနာဂတ်သည် ရှေ့လျောက် စုံးစုံးမြုပ်ဖို့သာ ရှိပေသည်။

 

ဉီးသန်းဌေး၏ မိန့်ခွန်း တွင် ဥက္ကဌ အဖြစ် နှုတ်ထွက်ရသည့် အကြောင်းရင်းများထဲမှာ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်အောင် ဦးဆောင်မှု မပေးနိုင်ခဲ့ခြင်း ကြောင့်ဟု ပါဝင်နေရာ ၎င်းအနေဖြင့် အဆိုပါ ရွေးကောက်ပွဲသည် မဲသမာမှု များ ရှိသည် ဆိုသော မင်းအောင်လှိုင်၏ အကြောင်းပြချက် ကို လက်မခံ ဆိုသည်ကို သွယ်ဝိုက် ပြောဆိုသွားခဲ့ခြင်းပင် ဖြစ်သည်။ ထို့အပြင် ပါတီဝင် နှစ်ထောင်ကျော် အသတ်ခံရမှု အတွက်လည်း ထိရောက်စွာ အကာအကွယ် မပေးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ဦးသန်းဌေး၏ စကားများသည် မည်သူ့ကို ရည်ညွှန်းကြောင်း အတိုင်းသား ပေါ်လွင်နေပေသည်။

 

ယခု ရွေးကောက်ပွဲ တွင်လည်း မဲစာရင်းများ အကြီးအကျယ် မှားနေပြီဟု ဘူးလက်လှ‌ ဆွေက ထုတ်ပြောလာသည်။

 

မင်းအောင်လှိုင် အဖို့က ရွေးကောက်ပွဲ အတု ဖြင့် သမ္မတ ဖြစ်လာစေကာမူ လူထု ကို ဗုံးကြဲ သတ်ဖြတ် အာဏာလု စစ် ဗိုလ်ချုပ် တဦး အဖြစ်သာ သမိုင်း တွင် ကျန်ရစ်ပေတော့မည်။

 

နယူးယောက်တွင် စက်တင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့သော ရိုဟင်ဂျာ အရေး အဆင့်မြင့် အစိုးရ ကိုယ်စားလှယ်များ ‌ဆွေးနွေးပွဲ တွင် တက်ရောက်လာသူ အားလုံးက စစ်အုပ်စု အား ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချသွားကြသည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း နိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေး ကို ဖျက်ဆီးခဲ့သည့် အဓိက လက်သည်သည် စစ်အုပ်စု သာ ဖြစ်ကြောင်း အချက်အလက် များ နှင့် ရှင်းပြသွားသည်။

 

အဆိုပါ အစည်းအဝေး သည် စစ်အုပ်စု လုပ်မည့် ရွေးကောက်ပွဲ ဖြင့် အသိအမှတ် ပြု ခံရရေး အတွက် တိုင်းတာ၍ ရသည့် ပြဒါးတိုင်ကြီးလည်း ဖြစ်လာခဲ့ပေပြီ။

 

ယခုအခါ ကော့ကေးဆပ် တောင်တန်းကြီး ဖက်ရှိ ဂျော်ဂျီယာ နိုင်ငံ ပြည်သူများသည် ၎င်းတို့ လက်ထဲက အာဏာ ကို ရွေးကောက်ပွဲ ဆိုကာ လိမ်လည် လှည့်ဖျားသွားသော ရုရှား ဩဇာခံ အစိုးရ ဆီမှ အတိုးရော၊ အရင်းရော ပြန်လည် ရယူ နိုင်ရန် မြို့တော် တဘီးလီစီ ရှိ သမ္မတ နန်းတော်ရှေ့ စုဝေး ရောက်ရှိလာနေကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!