အာဏာရှင် စနစ်မှ ထုတ်နှုတ်ယူရမည့် သင်ခန်းစာ နှစ်ဆယ် (၁၉)

by Hla Soewai - Sep 26 2025

အမေရိကန် သမိုင်းပညာရှင် တီမိုသီ ဂျွန် စနိုက်ဒါ ရေးသည်။

 

19. BE A PATRIOT 

 

အမေရိကားသည် နောက်လာမည့် မျိုးဆက်သစ်များ အတွက် ကောင်းမွန်သည့် ပုံရိပ် ဖြစ်လာ‌စေရန် နမူနာ ပြ လုပ်ဆောင်ပေးပါ၊ သူတို့ အားလုံး အတွက် လိုအပ်နေလိမ့်မည်။

 

မျိုးချစ်စိတ် ဆိုသည်က အဘယ်နည်း။ ထိုအမေးကို မဖြေမီ ကျွနုပ်တို့ မျိုးချစ်စိတ် မဟုတ်သည် နှင့် စလိုက်ကြရအောင်၊ စစ်ထဲ ဝင်ဖို့ တိမ်းရှောင်ခဲ့သည်များ၊ စစ်သူရဲကောင်းများကို လှောင်ပြောင်သရော်ခြင်းများသည် မျိုးချစ်စိတ် မဲ့ရာ ရောက်သည်။ လက်နက်ကိုင် တပ်ဖွဲ့များတွင် ဝင်ရောက်အမှုထမ်းနေသူ များကို ခွဲခြား ဆက်ဆံခြင်း၊ ဤနေရာတွင် မိမိ၏ ကုမ္ပဏီ ဝန်ထမ်း ဖြစ်လာသူများ၊ အကျိုးဆောင် ရှေ့နေခ မတန်တဆ တောင်းခံခြင်း၊ ခြေလက် အင်္ဂါ မသန်မစွမ်း ဖြစ်နေသော စစ်ပြန်များကို မိမိတို့ပိုင် နက်များထဲ ရောက်မလာစေရန် ‌ကမ်ပိန်းများ ဆင်နွှဲခြင်း တို့ကို ဆိုလိုသည်။ 

 

ဗီယက်နမ်တွင် စစ်မှု ထမ်းရန် ရှောင်လွှဲခဲ့ပြီး နယူးယောက်တွင် အိမ်ထောင်ဖက် ရှာဖွေခြင်းမျိုး နှင့် နှိုင်းယှဉ်ခြင်းသည်လည်း နိုင်ငံ အပေါ် သစ္စာမဲ့ရာ ရောက်သည်။ အမေရိကန် အလုပ်သမား မိသားစုများက အခွန်ပေးဆောင်နေရချိန်တွင် မိမိကတော့ အခွန် တိမ်းရှောင်ဖို့ ကြိုးစားခြင်းသည်လည်း မျိုးချစ်စိတ် မဲ့သည့် လုပ်ရပ် ဖြစ်သည်။ အခွန်ပေးဆောင်နေကြရသော အမေရိကန် မိသားစုများကို မိမိ သမ္မတ အရွေးခံရဖို့ ပြုလုပ်နေသည့် ကမ်ပိန်း အတွက် ရံပုံငွေ ထည့်ဝင်ဖို့ ပြောဆိုလာခြင်းသည် မျိုးချစ်စိတ် မရှိရာ ရောက်သည်။ ထိုမျှမကသေး ထိုသို့ ပြော၍ ထည့်ဝင်လာသည့် ငွေများကို မိမိ ကုမ္ပဏီ အကျိုး အတွက် သုံးလိုက်သေးသည်။

 

အာဏာရှင်များကို အားကျ ချီးမွမ်းခံ ဖွင့်‌နေခြင်းသည်လည်း မျိုးချစ်စိတ် မရှိရာ ရောက်သည်။ ကင်ဂျောင်အန်း၊ ဘာရှာ အယ် အာဆတ်၊ ဗလာဒီမာ ပူတင် တို့အား ကြီးမြတ်သော ခေါင်းဆောင်ကြီးများ အဖြစ် ယူဆကာ ဆက်ဆံနေခြင်းမျိုးသည်လည်း မျိုးချစ်စိတ် မဟုတ်ပေ။ ပြည်ပမှ ခေါင်းဆောင်များအား အမေရိကန် သမ္မတ ရွေးကောက်ပွဲ တွင် ဝင်ရောက် ကူညီ ပေးကြပါဟု တောင်းဆိုခြင်းသည်လည်း မျိုးချစ်စိတ် ဟု မခေါ်နိုင်၊ ရွေးကောက်ပွဲ အတွက် မဲဆွယ်ရာတွင်လည်း ရုရှားဖက် က ဝါဒ ဖြန့်ချီ မှု များအား ကိုးကား ပြောဆိုနေခြင်းသည်လည်း မျိုးချစ်စိတ် မဟုတ်ပေ။

 

ရုရှား လူနည်းစု အာဏာရှင်များနှင့် အကြံပေး ပုဂ္ဂိုလ် တဦးအား မျှဝေ သုံးခြင်းသည် မျိုးချစ်စိတ်ဓါတ် မဟုတ်၊ ရုရှား ကုမ္ပဏီများ နှင့် ငွေကြေး အကျိုး အမြတ် ရှိနေသူများကို အကြံပေး ပုဂ္ဂိုလ်များ အဖြစ် ခန့်အပ်ခြင်းသည်လည်း မျိုးချစ်စိတ်ဓါတ် မဟုတ်ပြန်၊

 

"ဗိုလ်ချုပ် မီရှာ" ဟု အခေါ်ခံရသည်ကို နှစ်သက်သူအား အမျိုးသား လုံခြုံရေး အကြံပေး ခံခြင်း၊ ၎င်း ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ လွတ်ငြိမ်းခွင့် ပေးခြင်းမျိုးသည်လည်း မျိုးချစ်စိတ် မရှိရာ ရောက်သည်။ အပြစ်မှ လွတ်ငြိမ်းခွင့် ရလာသူက မာရှယ်လော ကြေညာဖို့ ပြောဆိုခြင်းသည်လည်း မျိုးချစ်စိတ် မဟုတ်၊ အမေရိကန် စစ်သားများအား "losers"ဟု၎င်း၊ "suckers" ဟု၎င်း ရည်ညွန်းပြောဆိုခြင်းသည်လည်း မျိုးချစ်စိတ် ရှိသူ ဟု ပြော၍ ရပါဦးမည်လော၊ 

 

အမေရိကန် မိသားစု များ ရရှိနေသော ကျန်းမာရေး စောင့်ရှောက်မှုကို လုယက်ယူငင်ခြင်း၊ တတိုင်းပြည်လုံး လူ ငါးသိန်း ခန့် သေဆုံးနေချိန်တွင် ဂေါက်ရိုက် မပျက် ခရီးဆက်‌နေသည်မှာလည်း မျိုးချစ်စိတ် မရှိဟု ဆိုရမည်။ အမေရိကန် ရွေးကောက်ပွဲ အား ဖျက်လိုဖျက်ဆီး လုပ်ရန် ကြံစည်ခြင်း၊ ရှုံးနိမ့်သွားသည့် အခါ အနိုင်ရသူ အဖြစ် ပြောဆိုခြင်းသည်လည်း မျိုးချစ်စိတ် ရှိသူ မဟုတ်ပေ။ ဒီမိုကရေစီ အား ဆုံးခန်း တိုင်သွားရန် ကြိုးပမ်းခဲ့မှု များ သည်လည်း မျိုးချစ်စိတ်ဟု ပြော၍ မရပေ။

 

အမျိုးသားရေး စိတ်ဓါတ်ရှိသူများက အထက်ပါ အခြင်းအရာများ ကို လုပ်ကောင်းလုပ်ကြမည် ဖြစ်သည်။ သို့သော် အမျိုးသားရေး သမား တဦးသည် မျိုးချစ်စိတ် ရှိသူတဦး ဖြစ်မလာ၊ အမျိုးသားရေး သမား တဦးသည် ကျွနုပ်တို့အား အဆိုးဝါးဆုံး ဖြစ်လာအောင် အားပေးမည်၊ ဖြစ်လာပါက ကျွနုပ်တို့သည် အကောင်းဆုံး ဖြစ်သည်ဟု ပြောလာပေမည်။

 

အမျိုးသားရေး သမားတဦးသည် အမြဲလိုလို အာဏာ၊ အောင်ပွဲ၊ အရှူံး နှင့် လက်စားခြေချင်း တို့ကိုသာ တွေးတောနေကြမည် ဖြစ်သော်လည်း ကမ္ဘာကြီး တွင် အမှန်တကယ် ဖြစ်ပျက်နေသည်များကို စိတ်မဝင်စား တတ်ကြ ဟု ဂျော့ခ်ျ အော်ဝဲလ် က ရေးသားခဲ့ဖူးပေသည်။

 

အမျိုးသားရေး ဝါဒသည် ဆွေမျိုးသားချင်း၊ နီးစပ်သူ များ နှင့်သာ သက်ဆိုင်သည်။ ၎င်းတို့အတွက် အမှန်တရားသည် စိတ်ခံစားမှု များ အပေါ်တွင်သာ အခြေခံသည်။ အခြားလူများကို ကြည့်ပြီး မကျေမနပ် ဖြစ်လာပြီး ကိုယ့်လူမျိုးကိုသာ မြှင့်တင်ချင်သည့် စိတ်သည် သာ ၎င်းတို့၏ အတွေးအခေါ်များ အပေါ် လွှမ်းမိုးနေသည်။

 

ဆာဘီယား စာရေးဆရာ ဒါနီလို ကိရ်ရှ် က အမျိုးသား ရေး ဝါဒ ၏ ရသပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရား ပိုင်ဆိုင်ရာတွင် ကမ္ဘာကြီး ၏ တန်ဖိုး ထားမှု များ တွေ့ရမည် မဟုတ် ဟု ဆိုသည်။

 

မျိုးချစ်စိတ် ရှိသူ တဦးသည် မိမိနိုင်ငံ တန်ဖိုးထားသည့် စံနှုန်းများ အတိုင်း ရှင်သန် နေထိုင်သွားလိုသည်။ ထိုသို့ နေထိုင်သွားနိုင်ရေး အတွက် နိုင်ငံသားတိုင်း မိမိတို့ကိုယ် မိမိတို့ အကောင်းဆုံး နေထိုင်သွားကြရန် တောင်းဆိုကြမည်လည်း ဖြစ်သည်။ မျိုးချစ်စိတ် ရှိသူသည် လက်ရှိ ကမ္ဘာကြီးတွင် အမှန်တကယ် ဖြစ်ပျက်နေသည်များကို ဂရုပြုရမည်၊ သို့မှသာ မိမိ တိုင်းပြည် ကို ချစ်ရာရောက်မည်၊ နိုင်ငံသည်လည်း ရေရှည် တည်တံ့ခိုင်မာ နိုင်မည် ဖြစ်သည်။

 

မျိုးချစ်စိတ် ရှိသူ တဦးသည် တကမ္ဘာလုံးက တန်ဖိုးထားမှုများ ၎င်းတွင်လည်း ရှိနေရမည်၊ သို့မှသာ မိမိနိုင်ငံ ဘယ်အ ခြေ ဆိုက်‌ နေသည်ကို မိမိဖာသာ ပြန်လည် သုံးသပ် နိုင်မည်၊ အမြဲတမ်းလည်း ပို၍ပို၍ ကောင်းလာစေရန် ဆုမွန်ကောင်းများ တောင်းနေရမည်။

 

၁၉၂၀၊၃၀,၄၀ ကျော် ကာလများတွင် ဥရောပသည် ဒီမိုကရေစီ ဆိတ်သုဉ်း လာခဲ့သည်။ ယခုအခါတွင်တော့ ဥရောပ နိုင်ငံ အတော်များများသာမက ကမ္ဘာကြီး၏ အစိတ်အပိုင်း အများအပြားတွင်လည်း ပျက်စီး ယို့ယွင်းလာနေပြီ ဖြစ်သည်။ သမိုင်းတလျောက် ‌တွေ့ကြုံခဲ့ပြီးသည့် ဖြစ်ရပ်များက မိမိနိုင်ငံ ၏ အနာဂတ်သည် အမှောင်ထုထဲ သက်ဆင်းနေပြီ ဆိုသည်ကို သင်ကြားပို့ချ ပေးနေပြီ ဖြစ်သည်။

 

အမျိုးသားရေး သမား များ က "ဒီမှာ မဖြစ်နိုင်" ဟု ပြောနေမည် ဖြစ်သည်၊ ထိုသို့ ပြောနေခြင်းကပင် ပျက်စီးခြင်း ငါးပါးဆိုက်ဖို့ ပထမ ခြေလှမ်း လှမ်းလာခြင်း ဖြစ်သည်။ မျိုးချစ်စိတ် ရှိသူ ကမူ ဒီမှာလည်း ဖြစ်လာနိုင်၍ ဖြစ်မလာအောင် ဟန့်တားရမည် ဟုသာ ပြောဆိုပေလိမ့်မည်။