သက်တမ်း ရှစ်ဆယ် ရှိလာပြီ ဖြစ်သော ကုလသမဂ္ဂ၏ မှေးမှိန်လာသော အနာဂတ်

by Hla Soewai - Sep 26 2025

၁၉၄၅ တွင် စတင်တည်ထောင်လာခဲ့သော ကုလသမဂ္ဂသည် အရေးအခင်းပေါင်းများစွာ ကို ဖြတ်ကျော်ခဲ့ယုံမက ၁၉၆၁ ကွန်ဂိုတွင် ကုလ အတွင်းရေးမှုးချုပ် ဒက် ဟမ်မားရှိုး ထူးဆန်းစွာ သေဆုံးခဲ့ရမှု၊ နစ်ကီတာ ကရူးရှက်၏ စီးလာသော ဖိနပ်ကို ချွတ်ပြီး ကုလ သမဂ္ဂ စားပွဲကို တဗုန်းဗုန်း နှင့် ခေါက်ကာ ဒေါသတကြီး အော်ဟစ် ပြောဆိုမှု၊ ၁၉၉၀ ပြည့်လွန်နှစ်များ အတွင်း ၎င်းတို့၏ အကာအကွယ် အောက်တွင် အရပ်သား များ အစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရမှု၊ ၂၀၀၃ တွင် အမေရိကန်၏ အီရတ်ကို ကျူးကျော်ခဲ့မှု စသည့် ဖြစ်ရပ်များ ဖြတ်သန်းလာခဲ့ပြီး ဖြစ်သည်။

 

ယခုအခါ အနှစ် ၈၀ မြောက် မွေးနေ့ ချိန်ခါတွင် နယူးယောက်သို့ ကမ္ဘာခေါင်းဆောင်များ တဖွဲဖွဲ ရောက်ရှိလာ‌နေကြပြီ ဖြစ်သည်။ သို့သော် အိမ်ဖြူတော်သို့ ဒေါ်နယ် ထရန့် ပြန်ရောက်လာမှု နှင့် အတူ ကုလ သည်လည်း အခြေအနေ သုံးမျိုး နှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။ ယင်းတို့မှာ လက်လွတ်စပယ် ဖြစ်သွားမည်လော၊ ပျက်စီးယို့ယွင်း သွားမည်လော၊ ထရမ့် နောက် လိုက်သွားကြမည်လား ဆိုသည်ပင် ဖြစ်သည်။

 

ထရမ့်၏ America First မူဝါဒ ကြောင့် ကုလသည် မည်သို့မည်ပုံ ဖြစ်လာမည်ကို ထရမ့် မိန့်ခွန်း ပြောမှသာ သဲလွန်စ ရှာကြရတော့မည် ဖြစ်သည်။

 

လတ်တလော တုန်လှုပ်စရာ ဖြစ်လာရသည်က ကုလ ၏ ဘတ်ဂျက် အခြေအနေပင် ဖြစ်သည်။ လက်ရှိ ထရမ့်ကြောင့် ကုလ တွင် ရံပုံငွေများ ပြတ်လတ်လာနေပြီ ဖြစ်သည်။ အမေရိကန်သည် ၂၀၂၅ အတွက် ကုလ သို့ ထည့်ဝင်ကြေးများကို မပေးရသေးပဲ ရှိနေသည်။ ကုလ၏ လူသားချင်းစာနာ ထောက်ထားစွာ ကူညီပေးနေသည့် အဖွဲ့အစည်းများသို့လည်း ထောက်ပံ့ငွေများ ဖြတ်တောက်ထားပြန်သည်။ ထို့အတွက် ကုလ အေဂျင်စီများသည် ရနေသည့် ရံပုံငွေ၏ သုံးပုံတပုံခန့် ဖြတ်တောက်ခံလိုက်ရသည်။

 

လုံခြုံရေး ကောင်စီသည်လည်း ဘာမှ လုပ်မရ ဖြစ်နေသည်။ ကုလ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ဆိုသည်လည်း ခေတ်ကုန်သွားပြီ ဖြစ်သည်။ အခြားနိုင်ငံများ၏ နယ်မြေ များကို သိမ်းပိုက်ခြင်း မပြုရ ‌ဆိုသည့် ပဋိဉာဉ် စာတမ်း ကိုလည်း အမြဲတမ်း အဖွဲ့ဝင် နိုင်ငံကြီးများကပင် ပမာမခန့် လှောင်ပြောင်လာကြသည်၊ ရုရှားက ယူကရိန်းအား ပြောင်ပြောင်တင်းတင်း ဝင်ရောက်သိမ်းပိုက်ခဲ့မှု၊ အမေရိကန် မှ ဂရင်းလန် နှင့် ကနေဒါအား သိမ်းပိုက်ပစ်မည်ဟု‌ လေသံပစ်လာမှုများ ထွက်ပေါ် လာသည်။

 

အမေရိကားသည် ကမ္ဘာအုပ်ချုပ်ရေး စနစ်တရပ် ပေါ်ထွန်းရေး အတွက် အခရာ ကျသည့်နေရာမှ ပါဝင်ခဲ့သော်လည်း ထွက်ပေါ်လာသည့် နိုင်ငံပေါင်းချုပ် အသင်းကြီးသို့ ဝင်ရောက်ခွင့်အား အထက်လွှတ်တော်မှ အတည်မပြုခဲ့၍ ဝင်‌ ရောက်ခွင့် မရခဲ့ဘဲ အသင်းကြီးသည်လည်း ဒုတိယ ကမ္ဘာစစ်ကြီး နှင့် အတူ နိဂုံးချုပ်သွားခဲ့ရသည်။ နိုင်ငံပေါင်းချုပ် အသင်းကြီး အား အမွေ ဆက်ခံခဲ့သော ကုလ သည်လည်း စင်းလုံးချော ဖြစ်မလာသည့်တိုင် အမေရိကန် သမ္မတ အဆက်ဆက်က လစ်ဘရယ် ကမ္ဘာစနစ်၊ စစ်အင်အား တို့ဖြင့် ကျားကန်ပေးထားခဲ့သည်။

 

စစ်တမ်းများ အရ အမေရိကန် နိုင်ငံသား အများစုက ကုလကို ထောက်ခံနေကြဆဲ ဖြစ်သော်လည်း အမြင်များက ကွဲပြားနေသည်။ ရီပတ်ဘလီကင်များကတော့ ကုလ ကို အမြင်မကြည်လင်ကြ၊ ကုလ ‌ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဖြစ်ခဲ့သူ ဂျွန်  

 

ဘိုလ်တန်၏ စကားကြောင့် တုန်လှုပ်သွားခဲ့ရဖူးသည်။ ၎င်းက ကုလ တွင် အထပ်ပေါင်း ၃၈ ထပ် ရှိသော်လည်း ဆယ်ထပ်ကို ဖြုတ်ခဲ့လျင်ပင် မည်သို့မျှ ထူးခြားမှု ရှိလိမ့်မည် မဟုတ်ဟု ပြောခဲ့ဖူးသည်။

 

ယခုအခါ ရီပတ်ဘလီကင် တို့၏ ရန်လိုမှု သည် အဆပေါင်း များစွာ မြင့်တက်လာနေပြီ ဖြစ်၍ အမေရိကန် ပထမ ဆိုသော အစွန်းရောက် ဝါဒ ကြောင့် လက်လွတ်စပယ် ဖြစ်သွားတော့မည်လော ဟု မေးစရာ ဖြစ်လာခဲ့သည်။

 

အမေရိကား နှင့် ပြတ်ပြတ်သားသား လမ်းခွဲဖို့ကား ၂၀၂၇ တွင် ကြုံလာနိုင်သည်၊ နိုင်ငံ တနိုင်ငံသည် အသင်းဝင်ကြေး နှစ်နှစ် ပျက်ကွက်က အထွေထွေ ညီလာခံတွင် မဲပေးပိုင်ခွင့် လက်လွှတ်ရတော့မည် ဖြစ်သည်။

 

ပါလက်စတိုင်း ပြဿနာသည် ထိုသို့ ဖြစ်လာရန် တွန်းအားတခု ဖြစ်‌နေသည်။ နိုင်ငံအများအပြားက ပါလက်စတိုင်းအား ကိုလိုနီ စနစ် ၏ နောက်ဆုံးကျန်နေသော ဆိုးမွေဟု ယူဆထားပြီး လက်ရှိ စစ်ပွဲ အားလည်း အစ္စရေး ၏ ဂျီနိုဆိုက်ဟု သတ်မှတ်လာကြသည်။ အစ္စရေး နှင့် ထရမ့်တို့ကလည်း ကုလ တွင် ဂျူး ဆန့်ကျင်ရေး ဝါဒ အမြစ်တွယ်နေသည်ဟု ယူဆလာသည်။

 

ပြင်သစ် နှင့် ဆော်ဒီ တို့ ဦးဆောင်ပြီး ပါလက်စတိုင်းအား နိုင်ငံ အဖြစ် အသိအမှတ်ပြုရေး လှုပ်ရှားမှု သည် အခြေအနေ ပို၍ ဆိုးလာနိုင်သည်။ ထရမ့်အစိုးရက ပါလက်စတိုင်း ကိုယ်စားလှယ် အဖွဲ့အား ကုလ အစည်းအဝေး တက်ရန် ဗီဇာ ထုတ်ပေးဖို့ ငြင်းဆိုထားခဲ့ပြီး ဖြစ်သည်။

 

ကုလ အထွေထွေ ညီလာခံသည်လည်း အမေရိကန် ဆန့်ကျင်ရေး စင်မြင့် အဖြစ် ကူးပြောင်းသွားနိုင်သည်။ ထိုအခါ ရုရှား နှင့် တရုတ်သည်လည်း ကုလ နှင့် အခြားနေရာ များ တွင် ခေါင်းဆောင်မှု နေရာကို အလွယ်တကူ ဝင်ယူ သွား နိုင်ပေသည်။

 

နောက်ထပ် အကြောင်းတခု ဖြစ်သည့် ပျက်စီး ယို့ယွင်းသွားစရာ ရှိလာသည် ဆိုသည် က ရံပုံငွေ ပြဿနာ ပင် ဖြစ်သည်၊ ရုရှား နှင့် တရုတ်သည်လည်း အမေရိကန် ကို အတုခိုးကာ အသင်းဝင်ကြေး ပေးရန် အချိန်ဆွဲထားသည်။ ဥရောပ နိုင်ငံကြီးများသည်လည်း ကုလ အေဂျင်စီ များသို့ ထည့်ဝင်နေကျ ရံပုံငွေ များ ဖြတ်တောက်က ထရမ့် အလိုကျ ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်နေကြသည်။ ယခု အခါ ကုလ အေဂျင်စီ များသည် ၂၀၂၅ အတွက် တောင်းခံထားသည့် ဘတ်ဂျက်၏ ၁၉ ရာနှုန်းသာ လက်ခံရရှိခဲ့သည်ဟု သိရသည်။

 

နောက်ဆုံး အကြောင်းကား ထရမ့်ဝါဒ ခေါင်းထောင်လာနေခြင်းပင် ဖြစ်သည်။ ဆီးနိတ်မှ အတည်ပြုရန် ကျန်နေသေးသည့် ကုလ ဆိုင်ရာ အမေရိကန် သံအမတ် အဖြစ် လျာထား ထားသူ မိုက် ဝေါ့ဇ်က ကုလ အား great again ဖြစ်အောင် လုပ်သွားမည်ဟု ကြွေးကြော်လာသည်။

 

အမေရိကန်သည် ကုလ ၏ ၁၉၅၁ ဒုက္ခသည် အဖြစ် လျှောက်ထားခွင့် သတ်မှတ်ချက်များကို ကန့်သတ်ပေးရန် တွန်းအား ‌ပေးနေသည်။ အီရန် အားလည်း ကုလ ၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု များကိုလည်း ပြန်လုပ်ပေးစေချင်နေသည်။

 

ထရမ့်သာ အမှန်တကယ် နာမည်ကောင်း လိုချင်သည်ဆိုက လုံခြုံရေး ကောင်စီ၏ မဲပေးပိုင်ခွင့်ကို ပြုပြင်ပြောင်းလဲပေးရန် ဖြစ်သည်၊ သို့သော် ထရမ့် စိတ်ဝင်စားနေသည်က ၂၀၂၇ တွင် အသစ် ရွေးချယ် တင်မြှောက်ရမည့် အတွင်းရေးမှုး ချုပ် ရာထူးအား အိမ်ဖြူတော်မှ ကပ်ဖါးယပ်ဖါး များ၏ မြှောက်ပင့် ပေးထားမှု ကြောင့် သမီး ဖြစ်သူ အိုင်ဗင်ကာ ကို ထားရှိဖို့ ဖြစ်သည်ဟု ‌ဆိုသည်။

 

(၂၀၂၅ စက်တင်ဘာ ၁၈ နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ "The UN’s grim future" ဆောင်းပါး မှ ကောက်နှုတ်တင်ပြသည်။)