ကမ္ဘာနိုင်ငံရေး ဇာတ်ခုံပေါ်က ဂရိုမီကို၏ နေ့ရက်များ(7)

by Hla Soewai - Jul 31 2020

လူတဦး၏ စိတ်ဓါတ် နှင့် ကိုယ်ကျင့်တရား ဆိုသော အရာများသည် မည်သို့မည်ပုံ စတင်ဖွဲ့စည်း ဖြစ်ပေါ်လာခဲ့သည် ဆိုသည်ကို မည်သူမျှ အတိအကျ သိရှိနိုင်ခဲ့ခြင်း မရှိပေ။

 

ပထမဦးစွာ မိခင်ဝမ်းမှ ကျွတ်လွတ်ပြီး သဘာဝ လေကို စတင်ရှူရှိုက်မိချိန်မှ စ၍ အားပြုလာခဲ့သည် ဟု ဆိုရမည်။  နောက်ပိုင်းတွင် မိခင်၏ သားချော့တေးများနှင့် ယဉ်ပါးလာခဲ့ပြီး နောက် ရိုးရာပုံပြင်များ နှင့် ဒဏ္ဍာရီပုံပြင်များကလည်း ပုံဖေါ်ပေးလာခဲ့ခြင်း ဖြစ်ပေမည်။

 

သို့သော် ထိုမျှလောက်နှင့် ရပ်တန့်မသွားသေးပေ။ ၎င်း လက်လှမ်းမီသမျှ သိရှိလာခဲ့သော သမိုင်း ဖြစ်စဉ်များနှင့် တိုင်းပြည်အတွက် အသက်စွန့်လွှတ် အနစ်နာခံခဲ့ကြသော သူရဲကောင်းများ၏ မှတ်တမ်းများမှလည်း ဩဇာလွှမ်းမိုးမှုများ ခံရဖို့ ရှိနေသည်။

 

ထိုသို့ တွေးလာမိသဖြင့်လည်း ကျွနုပ်၏ ငယ်စဉ်ဘဝ ဖြတ်သန်းခဲ့ရမှုများသည် ကျွနုပ်ကို မည်သို့မည်ပုံ ပုံသွင်းခြင်း ခံခဲ့ရသည်နည်း အပေါ် ကျွနုပ် စတင် စဉ်းစား လာမိခဲ့သည်မှာလည်း သဘာဝ ကျပေသည်။

 

ဤသည်မှာလည်း ကျွနုပ်၏ သိလိုစိတ် ပြင်းပြမှု၊ ဗဟုသုတကို အာသာငမ်းငမ်း ရှာဖွေလိုမှု၊ အခြားလူများနှင့် တိုင်းပြည်ကို ကယ်တင်လို စိတ် များ‌ ပေါ်ပေါက်လာခဲ့ခြင်းကြောင့်သာ ဖြစ်ပေမည်။ အဘယ်ကြောင့် ထိုသို့ ပြောနိုင်သနည်းဟု ဆိုက ငယ်စဉ်ကပင် ကျွနုပ်သည် စစ်တပ်ကြီးကို ဦးစီးကာ တိုင်းပြည်ကို ကာကွယ် နေသည်ဟူ၍၎င်း၊ တာတာ များ၊ ဆွီဒင်များ၊ ဂျပန် များ နှင့် ဂျာမန်များကို တိုက်ခိုက်နေသူအဖြစ်၎င်း၊ မကြာခဏ စိတ်ကူးယဉ်တတ်ခဲ့သည်ကို သတိရမိသောကြောင့် ဖြစ်သည်။

 

မျိုးချစ်စိတ်ဓါတ် ဆိုသည်က မွေးစမှပင် ပေါက်ဖွားလာခဲ့ခြင်းမျိုးသာ ဖြစ်ပေမည်။ အစပထမတွင်တော့ မိမိမွေးဖွားရာ အိမ် ဆိုသည့်အသိ၊ ထို့မှတဖန် စကားစပြောချိန်တွင် မိဘဆွေမျိုးများအား ခင်တွယ်တတ်သည့် သံယောစဉ်၊ ထိုမှတဖန် မိမိ မွေးဖွားရာ မြို့ရွာနှင့် တောတောင် သဘာဝ အလှများကို ချစ်
မြတ်နိုးစိတ်များ ဖြစ်ပေါ်လာမည်။ ဤသို့သော အခြင်းအရာ များ ပေါင်းစုလာခြင်းသည်ကပင် မိမိနိုင်ငံကို ချစ်မြတ်နိုးတတ်စိတ်များ ဖြစ်ပေါ် လာခဲ့ရခြင်း၏ အကြောင်းရင်းခံများသာ ဖြစ်ပေမည်။

 

ယခုအခါတွင် လွန်စွာ အလေးအမြတ် ထားရမည့် မျိုးချစ် စိတ်ဓါတ် ဆိုသည် အား "ဆိုဗီယက်" ဆိုသည့် စကားရပ်ရှေ့တွင် ထား၍ သုံးစွဲလာကြသည်။ ဤသည်ကလည်း ဆိုဗီယက် လူ့အစည်းအရုံးကြီး ၏ တန်ဖိုးများကို အလေးထားမှု နှင့် လူ လူချင်း ခေါင်းပုံဖြတ်မှုများအား ရွံရှာမှု တို့ ပေါ်လွင်စေရန် နောက်ထပ် ဝိသေသ ထပ်၍ ပြုလိုက်ခြင်းမျှသာ ဖြစ်ပေသည်။

 

၁၉၂၃ နှစ်စပိုင်းတွင်တော့ ကျွနုပ်သည် ကွန်ဆိုမိုဟု ခေါ်သော ကွန်မြူနစ် လူငယ်အဖွဲ့ချုပ်ကြီး၏ ကျေးရွာ ကလပ်စည်း ခေါင်းဆောင် အဖြစ် အရွေးခံခဲ့ရသည်။ ကျွနုပ်တို့ ရွာ၏ လူမှု ဘဝများကို ထင်ဟပ်စေမည့် လမ်းညွှန်ချက်များအား ခရိုင် ကွန်ဆိုမို မှ ပေးပို့လေ့ရှိသည်။ ထိုလမ်းညွှန်ချက်များကို အကောင်အထည် ဖေါ်ရာ၌လည်း မိမိတို့ကျေးရွာ ကွန်ဆိုမို လူငယ်များက လယ်သမားများနှင့် ကျေးရွာရှိ ဗဟုသုတ ကြွယ်ဝသူများ အကြားတွင် စံပြဖြစ်လာအောင် ပြုမူ ကျင့်ကြံကြရမည် ဖြစ်သည်။ အဆိုပါ လမ်းညွှန်ချက်များကို ကြည့်၍ ကျွနုပ်ကိုယ်တိုင် ကားလ်မတ်စ် နှင့် တရင်းတနှီး ဖြစ်လာသလို ခံစားခဲ့ရသည်။

 

ကျွနုပ်၏ မိသားစုသည် ပထမပိုင်းတွင် ဖာသိဖာသာ နေလာကြသော်လည်း အခြားရွာများ၌ သူတို့ အတွက် အကောင်းဆုံးဖြစ်မည့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခံရရေး အတွက် အားကြိုးမာန်တက် လုပ်ကိုင်နေကြသည်ကို တွေ့လာရသော အခါတွင် ငြိမ်နေ၍ မဖြစ်တော့ဟု သဘောပေါက်လာပြီး စိတ်ဝင်တစား ဖြစ်လာကြသည်။

 

၁၉၂၄ ဇန်နဝါရီလတွင် လီနင် ကွယ်လွန်သွားခဲ့သည်။ ကျွနုပ် မှတ်မိသမျှတွင် အပြင်းထန်ဆုံး ဆောင်းရာသီလည်း ဖြစ်ပေသည်။ ကျွနုပ်သည် ကျောင်းသို့သွားရာတွင် မကြုံစဖူးလောက်အောင် ထူထပ်စွာ ကျနေသော နှင်းပုံများကြားထဲ မနည်းရုန်းကာ ကျောင်းသို့သွားခဲ့ရသည်ကို မှတ်မိနေသောကြောင့် ဖြစ်သည်။
ထိုနေ့က လီနင် ဈာပနနှင့် ပတ်သက်ပြီး အထိမ်းအမှတ် ဟောပြောပွဲတခု လုပ်ရန် စီစဉ်ထားသောကြောင့်လည်း မဖြစ်မနေ လာခဲ့ရခြင်း ဖြစ်သည်။ ဟောပြောပွဲတွင် လီနင်သည် ကျွနုပ်တို့ အတွက်သာမက၊ ရုရှားတနိုင်ငံလုံးရှိ အလုပ်သမား လယ်သမားများ အကျိုးသယ်ပိုးပေးခဲ့ပုံများကို ဆရာဆရာမများက ဟောပြောခဲ့ကြသည်။

 

ရွာထဲတွင်လည်း အားလုံးက လီနင် ကွယ်လွန်သွားသည့် အကြောင်းသာ ပြောဆိုနေကြသည်။ ၎င်းတို့အားလုံး အဖို့ လီနင် မရှိတော့၍ ခိုကိုးရာမဲ့သလို ခံစားနေရသည်။ ရှေ့လျှောက်ဘယ်လိုစခန်းသွားကြမလဲဟု မေးခွန်းများဖြင့် ဆောက်တည်ရာမရ ဖြစ်နေကြသည်။

 

သူတို့ သိလိုသည့် အဖြေများကို ရွာ၏ ကွန်ဆိုမို အတွင်းရေးမှူး ဖြစ်သည့် ကျွနုပ်၏ ထင်မြင်ချက်များကို သိချင်လာကြသည်။ ကျွနုပ်အဖို့ကလည်း ဘာများပြောနိုင်ဦးမည်နည်း။ တယောက်ယောက်က ကျွနုပ် ပြောနိုင်သည်များ ကို လာပြောပါစေဟုသာ မျှော်လင့်နေမိသည်။ ထိုသို့ စဉ်းစားမရ ဖြစ်နေချိန်တွင် ကျွနုပ် ကြားခဲ့ဖူးသည့် တခုကို အမှတ်ရလာမိသည်။

 

"တော်လှန်ရေးကြီးအား လီနင် နှင့် သူ့ကို ကူညီကြသူများက အတူတကွ ဆင်နွဲခဲ့ကြခြင်း ဖြစ်သည်" ဆိုသော စကားပင် ဖြစ်သည်။ ထိုစကားကို နင်းပြီး "လီနင် ကွယ်လွန်သွားသော်ငြားလည်း သူကို ကူညီခဲ့ကြသူများနှင့် ပါတီသည် ဆက်လက်ရှင်သန်နေဆဲ ဖြစ်သည်။ ထို့အတွက် ကျွနုပ်တို့ အားလုံးသည် ပါတီနှင့် အတူ ဆက်လက်ရှင်သန်သွားမည်သာ ဖြစ်သည်" ဟု ပြောခဲ့ရသည်။

 

ကျွနုပ်သည် မူလတန်း ပညာရေးနှင့် ဂိုမဲလ်ရှိ သက်မွေးပညာသင်ကျောင်းတွင် ခုနှစ်နှစ်မျှပညာသင်ကြားခဲ့ပြီး မင့်စ် နှင့် မဝေးလှသော် ဘော်ရီဆော့ဖ် မြို့ရှိ နည်းပညာ ကောလိပ်သို့ ဆက်လက်တက်ရောက်ခဲ့သည်။

 

ထိုမြို့တွင် ကျွနုပ်နေထိုင်ခွင့် ရခဲ့သည့် သစ်သားတထပ် အိမ်လေးသည် အ‌တော်ကို ထင်ရှားခဲ့သည်။ နပိုလီယံသည် ရုရှားမှ သူ၏ ညစ်ပတ်ပေကျံ နေသော တပ်များနှင့်အတူဆုတ်ခွာလာစဉ် တွင် ထိုအိမ်ကလေးတွင် တညတာ အိပ်စက်သွားခဲ့ဖူးသောကြောင့် ပင်ဖြစ်သည်။ ထို အိမ်ကလေးအား ယခုထိ နပိုလီယံ အိမ်ဟု ခေါ်ဝေါ်နေဆဲ ဖြစ်သော်လည်း ၎င်းအိပ်စက်သွားသည့် အချိန်တွင်တော့ ယခင်ကလို လျှမ်းလျှမ်းတောက် အင်ပါယာပြည့်ရှင် မင်း မဟုတ်တော့ပဲ စစ်စရိတ်ထောင်းကာ ဖြူကာပြာကာ ကျနေသည့် ဘုရင်တပါးသာ ဖြစ်တော့သည်ကိုတော့ မသိကျိုးကျွံ ပြုခဲ့ကြရပေသည်။

 

ကျွနုပ်သည် ဘောရီဆော့ဖ် မြို့ကလေးတွင် ရှိနေစဉ် ၁၉၃၁ ခုနှစ်တွင် ကွန်မြူနစ် ပါတီသို့ ဝင်ရောက်ခဲ့သည်။ ဤသည်က ကျွနုပ်၏ အဖြစ်ချင်ဆုံး အိမ်မက်တခု အကောင်အထည် ပေါ်လာခဲ့ရခြင်းလည်း ဖြစ်သည်။ ကျွနုပ်သည် လယ်လုပ်သူနှင့် မြေရှင်အကြား၊ အလုပ်သမားတဦးနှင့် ‌အရင်းရှင် အကြား ခြားနားချက်ကို စတင် သိမြင်လာချိန်က စပြီး ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ရန် အမြဲလို စိတ်ကူးယဉ်နေမိခဲ့သည်။

 

ပါတီကတ်ပြားကို ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်ကြီးများ ကြိုဆိုပွဲ အခမ်းအနားတွင် ရရှိခဲ့ပြီး ချက်ခြင်းဆိုသလိုပင် ပါတီ ကလပ်စည်း အတွင်းရေးမှူး အဖြစ် ခန့်အပ်ခံခဲ့ရသည်။

 

ကျွနုပ်အဖို့က ပါတီလုပ်ငန်းများအား စိတ်အားတက်ကြွစွာ လုပ်ကိုင်နေခဲ့သည်။ ကွန်ဆိုမို မှာ ကဲ့သို့ပင် လူအများနှင့် နီးကပ်စွာ ဆက်ဆံခဲ့ရပြီး နေတဒူဝ ပြဿနာများကို ထဲထဲဝင်ဝင် ဖြေရှင်းပေးလာခဲ့ရသည်။

 

ကျွနုပ်လို လူမျိုးများအား အရေးပါဆုံးနှင့် အခက်ခဲဆုံး တာဝန်များကို ရှေ့တန်း မှနေ ထမ်းရွက်နေရသူများ ဖြစ်သည်ဟု ဆိုဗီယက် သမိုင်း ‌တလျှောက်လုံး မှတ်ယူထားကြသည်။

 

ကျွနုပ်တို့၏ အဓိက တာဝန်မှာ ပါတီ၏ မူဝါဒများကို ရှင်းလင်းပြောကြားပေးရန်ဖြစ်သည်။ ထိုအချိန်ကား အားလုံး စိတ်ဝင်စားနေကြသည်က လယ်ယာစိုက်ပျိုးရေး နှင့် ပတ်သက်သော အကြောင်းအရာများပင် ဖြစ်ပေသည်။